သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဏ္ဏားကျွန်း ဒုက္ခသည်စခန်းတွင်း စစ်ကျန်လက်နက်ပေါက်ကွဲ ကလေးတဦးသေဆုံး


ဝါးတောင်စစ်ရှောင်စခန်း (ယခင်မှတ်တမ်းဓာတ်ပုံ)
ဝါးတောင်စစ်ရှောင်စခန်း (ယခင်မှတ်တမ်းဓာတ်ပုံ)

ရခိုင်မြောက်ပိုင်းက ယိုးတရုပ်စစ်ဘေးဒုက္ခသည်စခန်းမှာ မနေ့ မနက်ပိုင်းက စစ်ကျန်လက်နက်ပေါက်ကွဲလို့ ကလေးတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကြား အပစ်ရပ်ထားတယ်ဆိုပေမယ့် လုံခြုံရေးအာ မခံချက်မရှိတာကြောင့် နေရပ်မပြန်ရသေးတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း သောင်းနဲ့ချီကျန်နေဆဲဖြစ်ပါတယ်။ ဒီ အကြောင်း သတင်းပေးပို့ထားတာကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်းမှာ အောက်တိုဘာ ၈ ရက်နေ့ မနက် ၁၁ နာရီ လောက်က စစ်ကျန်လက်နက်ပေါက်ကွဲလို့ ၁၁ နှစ် အရွယ်ကလေးတဦးသေဆုံးပြီး ၁ဝ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရရှိခဲ့တာပါ။
အဲဒီကလေးတွေဟာ စစ်လက်ကျန် ဗုံးသီးတလုံးကို စခန်းအနီးအနားက ရလာခဲ့ပြီး ခဲနဲ့ထုလိုက်တာကြောင့် အခုလို ပေါက်ကွဲရတာဖြစ်တယ်လို့ အဲဒီဒုက္ခသည်စခန်းက တာဝန်ရှိသူတဦးကပြောပါတယ်။

“ ကျနော်တို့ လေ့လာသိရသလောက်က အသက်ရှင်တဲ့ ကောင်လေး ပြောပြချက်အရ အနီး အနားက အမှိုက်ပုံနားက ဗုံးသီးတလုံးရတယ်ပြောတယ်။ သေသွားတဲ့ကောင်လေးက အဲဒါကို ခဲနဲ့ထုတာ။ ဘေးက ကောင်လေးက မထုဖို့တားသေးတယ်။ ဒါပေမယ့် ဟိုကောင်က ထုတော့ပေါက်ကွဲသွားတယ်လေ။ ကလေးသုံးယောက် ဒဏ်ရာရတယ်။ တယောက်ကတော့ ဆုံးသွားတယ်။”

ဒဏ်ရာရသွားတဲ့ ကလေးနှစ်ဦးကိုတော့ ဆေးရုံကို ပို့ထားပြီး မစိုးရိမ်ရဘူးလို့ သိရပါတယ်။ အဲဒီယိုးတရုပ်စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်တွေက နေရပ်မပြန်ရသေးတဲ့ စစ်ဘေးဒုက္ခသည် ၂ဝဝ ကျော်လောက်အထိ နေတာပါ။

ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပစ်ရပ်ထားပေမယ့် စစ်ကျန်လက်နက်တွေ မရှင်းရသေးတာ။ ရွာအနီးအနားတွေမှာ နှစ်ဖက်အပြန်အလှန် တပ်စွဲထားတာတွေကြောင့်ရော၊ မြေမြုပ်မိုင်း အန္တရာယ်တွေကြောင့်ပါ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ စစ်ပွဲရဲ့ ဆိုးကျိုးတွေပေါ့ဗျာ၊ ရွာအနီးအနားတောစပ်တွေမှာလည်း စစ်ကျန်လက်နက်တွေ ရှိတယ်၊ လုပ်စား ကိုင်စားလို့မရသေးဘူး။ အဲဒါကြောင့် စစ်ဘေးဒုက္ခသည်တွေက ဒီမှာကျန် နေခဲ့တာလေ။ အချိန်မရွေးတိုက်ပွဲ ဖြစ်လာနိုင်တယ်။ တပ်ကလည်း ခြောက်လန့်မှုတွေရှိ တယ်။ တခါတလေ သူတို့ဆီက လက်နက်ကြီးတွေပစ်ရင် ရွာထဲကိုကျမှာ ကြောက်တယ်။ အဲဒီဘက်မှာ လက်နက်ကြီးကျလို့ သေကြတာတွေလည်းရှိတယ်။ အဲဒါတွေကို စိုးရိမ်တယ်။ အဲဒါကြောင့် သူတို့နေရပ်မပြန်ပဲ နေကြတာ။”

ရခိုင်ပြည်နယ်မှာ လက်ရှိအချိန်ထိ နေရပ်မပြန်ရသေးတဲ့ စစ်ဘေးဒုက္ခသည် ၇ သောင်းနီးပါးအထိ ကျန်ရှိနေပါတယ်။ ဒီ ဒုက္ခသည်တွေဟာ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အဆင်မပြေမှုတွေနဲ့လည်း ရင်ဆိုင်နေကြရတယ်လို့လည်း ဒေသတွင်းစစ်ဘေးဒုက္ခသည် ကူညီသူ တွေကပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG