သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြောက်ဦးမြို့နယ်တွင်းပစ်ခတ်မှု ရွာသားနှစ်ဦး ဒဏ်ရာရ


စစ်ဘေး တိမ်းရှောင်နေတဲ့ ရခိုင်ရွာသွားများ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာအတွင်း မြန်မာနှစ်ဆန်းတရက်နေ့ညပိုင်းက ပစ်ခတ်မှုတွေကြောင့် ရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို၊ ရွာလုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင် နေရပါတယ်။ ဒီပစ်ခတ်မှုဟာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတာမဟုတ်ဘဲ မြန်မာစစ်တပ်ဘက်က ပစ်ခတ်တာ လို့ ဒေသခံတွေနဲ့ ရခိုင့်တပ်မတော် AA ဘက်က ပြောပေမဲ့၊ မြန်မာ့တပ်မတော် တာဝန်ရှိသူတွေ ကတော့ AA နဲ့ တိုက်ပွဲ ဖြစ်ပွားခဲ့တာလို့ ပြောဆိုပါတယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ မနေ့ညက မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာမှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပြီး ကျေးရွာသားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ဘောင်းဒွတ်ရွာခံတဦးကပြောပါတယ်။

“အိမ်ခြံထဲမှာ လက်နက်ကြီးကျပြီးတော့ လက်နက်ကြီးအစထိမှန်ပြီးတော့နှစ်ယောက်။ သမီးလေးတယောက်ရယ် သမီး က(၁၄)နှစ်လောက်ရှိမယ်။ သူ့အဖေရယ်။ နှစ်ယောက်က ဒဏ်ရာအပြင်းထန်ရတယ်ပေါ့။ မြောက်ဦးဆေးရုံမှာ နှစ် ယောက်လုံးဘဲ။ စစ်တပ်က လမ်းလျှောက်ပြီးတော့ ပစ်ကြတယ်တဲ့။ သုံးယောက်တစု လေးယောက်တစု အဲဒီ လိုသွားပြီးတော့ သူတို့ပစ်နေတာတော့တွေ့လိုက်တယ်။ မနေ့က(၁၀)နာရီမိနစ်(၄၀)ကနေပြီးတော့ မနက်(၄)နာရီ လောက်အထိ။ အပြန်အလှန် ပစ်တာတော့ဘာမှမရှိဘူး။”

လက်နက်ကြီး ကျည်ထိမှန်ခဲ့တဲ့ ဘောင်းဒွတ်ရွာသား ဦးမောင်ထွန်းအေးနဲ့ (၁၄)နှစ်အရွယ်သမီးဖြစ်သူ မဌေးဌေးအောင်တို့ ကတော့ အခု မြောက်ဦးဆေးရုံမှာ ဆေးဝါးကုသခံနေရပါတယ်။

ဒီပစ်ခတ်မှု တွေကြောင့်ပဲ ဘောင်းဒွတ်ရွာက ရွာသူရွာသားတွေ ရွာလုံးကျွတ်နီးပါး မြောက်ဦးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ မြောက်ဦးမြို့ အရေးပေါ်ကူညီရေးအဖွဲ့ဝင် ကိုထွန်းနီဝင်း ကပြောပါတယ်။

“နှစ်ဖက်တိုက်ပွဲ ဘာညာဖြစ်တာမဟုတ်ဘူး။ ဘောင်းဒွတ်ရွာက အကုန်လုံးထွက်ပြေးလာတဲ့ အခြေအနေရှိပါတယ်။ အခု အောင်မင်္ဂလာမြို့သစ်ဆိုတဲ့ ရပ်ကွက် တခုရှိ တယ်။ မြို့သစ် ပရိယတ္တိစာသင်တိုက်ဆိုပြီးတော့ အဲဒီမှာလူဦးရေ (၃၀၀) လောက်ဖြစ်နေတယ်။ ရဲနဲ့စစ်တပ်က လမ်းကို လည်းပိတ်ထားတယ်။ လမ်းပိတ်ထားတော့ ရေကြောင်းနဲ့ စက်လှေတွေနဲ့ လာတာလည်းရှိတယ်။”

ဒီပစ်ခတ်မှုမှာ တပ်မတော်ဖက်က တဖက်သတ်ပစ်ခတ်တယ်လို့ ရွာသားတွေပြောနေပေမဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ရခိုင်တပ်တော် AAနဲ့တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး အရပ်သားထိခိုက် မှုမရှိဘူးလို့ အခုလိုပြောပါတယ်။

“ညတုန်းကပစ်ခတ်မှု နည်းနည်းပါးပါး ဖြစ်တာပါ။ ညတုန်းကကျွန်တော်တို့ မြောက်ဦး၊ ဘောင်းဒွတ်နားမှာတော့ တပ်ရင်းဌာန ချုပ်ရှိတာပေါ့။ တပ်ရင်းဌာနချုပ်ကို AA သောင်းကျန်းသူအဖွဲ့က လာပြီးတော့မှ တပ်ဌာနချုပ်ကို လာပစ်တာ။ ပစ်ပြီးပြန် ပြေးတာပေါ့။ ကျွန်တော်တို့ကလဲ ပြန်ပစ်ခတ် မိပါတယ်။ ဒီလောက်ပါဘဲ။ ရွာသားတွေ ထိခိုက်မှု မရှိပါဘူး။”

ရခိုင့်တပ်တော် AAကတော့ မနေ့ကဘောင်းဒွတ်ရွာမှာ တိုက်ပွဲဖြစ်ပွားမှု မရှိဘူးလို့AA ပြန်ကြားရေး တာဝန်ခံ ခိုင်သူခက ပြောပါတယ်။

“မဖြစ်ဘူး။ မဖြစ်ဘူး။ ဘာတိုက်ပွဲမှလဲ အဲဒီမှာမဖြစ်ဘူး။ ကျွန်တော်တို့လူတွေလဲ ဘယ်သူမှ သွားပြီးတော့ မပစ်ဘူး အဲဒီ နေရာမျိုးမှာ။ အဲတာက သူတို့တပ်ရင်း(၃)ခုရဲ့ကြားနေရာ။ သက်သက်သူတို့ကနေပြီးတော့ အရပ်သားတွေကို AA မြင် ပြီးတော့မှ အဲဒီလိုမျိုးပစ်တယ်။ ရခိုင်ဆိုလို့ရှိရင် အကုန်လုံး AAလို့ဘဲမြင်တယ်သူတို့က။ ဒီအရပ်သားရွာတွေကို တမင်တကာ အကြောက်တရားတွေလွှမ်းမိုးသွားဖို့အတွက် သူတို့အဲဒီလိုမျိုး လုပ်နေတာ။”

ပြီးခဲ့တဲ့ဧပြီလ ၁၃ ရက်နေ့ကလည်း ဘောင်းဒွတ်ရွာအတွင်း ပစ်ခတ်ခံရမှုကြောင့် ကျေးရွာသားတစ်ဦးသေဆုံးပြီး ကျန်တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။

ဧပြီလ(၁၆)ရက် သင်္ကြန်အတက်နေ့မှာလဲ မြောက်ဦးနဲ့မင်းပြားအစပ် ပန်းမြောင်းရှည်ချောင်း ဘက်မှာ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး တပ်မတော်ဖက်က ထိခိုက်မှု များပြားတယ်လို့ AAဖက်က ထုတ်ပြန်ထား ပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေသလို တိုက်ပွဲအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ပိုမိုများပြားလာနေပါတယ်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလကုန်ကနေစပြီး ၂၀၁၉ခုနှစ် ဧပြီလအထိ ရခိုင်ပြည်နယ်အတွင်း မြန်မာ့ တပ်မတော်နဲ့AAတို့ တိုက်ပွဲကြောင့် စစ်ရှောင်ဦးရေ (၃၀,၀၀၀)ထိ တိုးပွားလာနေပြီး အကူညီပေး ဆောင်ရေးမှာ အာဏာပိုင်တွေကနေ ကန့်သတ်မှုရှိလာနေတာကြောင့် စားသောက်နေထိုင်ရေးမှာ အခက်ခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG