သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး မြန်မာစစ်တပ်ရှင်းလင်းချက် ကျောင်းသားသမဂ္ဂတုံ့ပြန်


တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ က သတင်းစာရှင်းလင်းပွဲ အတွင်း တိုက်ပွဲဖြစ်ပွားသည့် နေရာပြမြေပုံ (VOA)
တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီ က သတင်းစာရှင်းလင်းပွဲ အတွင်း တိုက်ပွဲဖြစ်ပွားသည့် နေရာပြမြေပုံ (VOA)

ရခိုင်စစ်ရေးပဋိပက္ခ မြောက်ဦးပစ်ခတ်မှုနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ထုတ်ပြန်ချက် ဗကသ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ကျောင်းသားသမဂ္ဂအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်ဟာ တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိ တမင်အကွက်ချ အချိန်ကိုက်ဆောင်ရွက်မှုလို့ စစ်တပ်ရဲ့ သတင်းစာရှင်းလင်းပွဲ စွပ်စွဲချက်အပေါ် ဗကသအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူးက လက်မခံပယ်ချလိုက်ပါတယ်။ NLD အရပ်သားအစိုးရအနေနဲ့ အခုလိုစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား တင်းမာနေတဲ့ တိုင်းရင်းဒေသတွေက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်ဖို့လိုပြီလို့လည်း သတိပေးပြောဆိုလိုက်ပါတယ်။ မဆုမွန် အသေးစိတ် တင်ပြထားပါတယ်။

မြောက်ဦးဖြစ်စဉ်အပါအဝင် ရခိုင်စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ MNDAA/ TNLA/ AA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်တဲ့ တိုင်းရင်းသား မဟာမိတ်အဖွဲ့ဲ့ရဲ့ ထုတ်ပြန်ချက်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရန်ကုန်ပညာရေးတက္ကသိုလ် ၊ ရက္ခိုင်ကျောင်းသားသမဂ္ဂ၊ ရခိုင်ပြည်လုံးဆိုင်ရာ လူမှုအဖွဲ့အစည်း မိတ်ဘက်အဖွဲ့ စတဲ့အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေ ဟာ တပ်မတော်အပေါ် ရည်ရွယ်ချက်ရှိရှိ တမင်အကွက်အချိန်ကိုက်ဆောင်ရွက်မှုလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောဆိုလိုက်ပါတယ်။

“အဲဒီတော့ ဒီလို လူနေအဆောက်အဦးတွေကနေပြီးတော့ ပစ်ခတ်တိုက်ခိုက်ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်တဲ့နေရာမှာ ကြားထဲကနေပြီးတော့ အပစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာရမှုရှိပါတယ်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု နယ်မြေမှာ ရှေးဟောင်း ဘုရားပုထိုးပစ္စည်းတွေ ပျက်စီးအောင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ် စသဖြင့် ဒါတွေကို ရပ်ဆိုင်းပေးဖို့ ကျနော်တို့ကနေပြီးတော့ တဖက်သတ်ပစ်တယ်ဆိုတဲ့ တုံ့ပြန်မှုတွေ ဒီတုံ့ပြန်ချက်တွေကို အဖွဲ့အစည်းအသီးသီးကနေပြီးတော့မှ တချိန်တည်း တပြိုင်တည်းမှာ ထုတ်ပြန်ခဲ့တာတွေရှိပါတယ်။ ဒါကိုကြည့်ချင်းအားဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တယ်ဆိုတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။”

ဒါကတော့ နေပြည်တော် တပ်မတော် စစ်သမိုင်းပြတိုက်မှာ မတ်လ ၂၅ရက်နေ့ က ကျင်းပခဲ့တဲ့ တပ်မတော် သတင်းမှန်ပြန်ကြားရေး ကော်မတီက သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီ ပြောကြားခဲ့တာပါ။ အခုလို ဗကသအပါအဝင် ကျောင်းသားသမဂ္ဂတွေအပေါ် တပ်မတော်ဘက်က စွပ်စွဲချက်အပေါ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က လက်မခံ ပယ်ချပြီး တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အခွင့်အရေးနဲ့ ဖက်ဒရယ်စနစ်တည်ဆောက်နိုင်ရေးအတွက် တိုင်းရင်းသားပြည်သူတွေနဲ့ တသားတည်း ကျောင်းသားတွေ အနေနဲ့ ရပ်တည်သွားမှာဖြစ်တယ်လို့ ဗကသအထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်က အခုလိုပြောပါတယ်။

“ဒီတိုင်းရင်းသားတွေအပေါ်မှာ စစ်တပ်က ဖိနှိပ်နေတယ်လို့ ကျနော်တို့မြင်တယ် ၊စစ်အာဏာရှင်စနစ်ကလည်း ပုံစံတမျိုးနဲ့ တည်တံ့နေတာဖြစ်တယ်။ အဲဒီတော့ စစ်တပ်နဲ့ တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်သူတွေရဲ့ ကြားထဲက ပဋိပက္ခမှာ အဲဒီတိုက်ပွဲမှာ ကျနော်တို့က တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ပြည်သူဘက်ကပဲ ရပ်ရတာဖြစ်တယ် ။ အဲလိုပဲ ဒီလိုရှေ့ရှောက်လည်း ကျနော်တို့ ရပ်မှာဖြစ်တယ်။ ဒီကနေ့ဖြစ်နေတဲ့ ပြဿနာက AAဆိုရင် သိပ်မကြာသေးခင်က ပေါ်လာတဲ့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အင်အားစုဖြစ်တယ်။ ဒီလိုပေါ်လာတဲ့ အကြောင်းအရင်းကလည်း တပ်မတော်က အမျိုးသားတန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ချိုးဖောက်ပြီး ဖက်ဒရယ်စနစ်နဲ့ သွေဖြည်တဲ့ ဖွဲ့စည်းပုံကို အသေကိုင်ထားလို့ဖြစ်တယ် အဲဒီတော့ ဒီဖွဲ့စည်းပုံကို မပြင်မချင်း ဖွဲ့စည်းပုံကို မဖျက်မသိမ်းချင်းတော့ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေက ပေါ်လာမှာဖြစ်တယ်။ ကျနော်တို့က စစ်အာဏာရှင်စနစ်နဲ့ စစ်အုပ်စုနဲ့ ဖွဲ့စည်းပုံဆန့်ကျင်တဲ့ ဘယ်လိုအင်အားစုမျိုးကိုမဆို ကျနော်တို့က ထောက်ခံရမှာဖြစ်တယ်။ အဲဒီတော့ အခုလိုမျိုးသူတို့ပြောနေတာက ရည်ရွယ်ချက်ရှိရှိဆိုတာ ကျနော်တို့ ရည်ရွယ်တာက ရိုးရှင်းပါတယ်။ အထူးသဖြင့် ပြည်သူလူထုတွေ လိုလားတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို တည်ဆောက်မှု မပြီးတဲ့ကာလပတ်လုံး ကျနော်တို့ ရည်ရွယ်တာ အဲဒီပန်းတိုင်ကို မရောက်ရောက်အောင် ကျနော်တို့အနေနဲ့ ပူးပေါင်းမယ် ပါဝင်မယ် ဒါကို ထောက်ပံ့မယ် ဆိုတဲ့အမြင်မျိုးရှိပါတယ်။”

ဒီလိုတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား စစ်ရေးတင်းမာမှုတွေနဲ့ တပ်ဘက်က လုပ်ဆောင်ချက်တွေအပေါ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရအနေနဲ့ အလေးအနက်ထား သတိထားဆောင်ရွက်သင့်ပါပြီလို့လည်း ဗကသ အထွေထွေအတွင်းရေးမှူးက သတိပေးပြောဆိုပါတယ်။

“ဒီကနေ့ NLD အစိုးရက အစိုးရဖြစ်သော်လည်း သူ့မှာ လုပ်ပိုင်ခွင့်ဘာမှမရှိဘူး။ ဒါပေမယ့် လုပ်ပိုင်ခွင့်မရှိပေမယ့် ဒီကိစ္စ လုပ်နေတာမဟုတ်ဘူးဆိုတာကိုတော့ ထွက်ပြောရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရှေ့တင်မှာလည်း ကျနော်တို့ကြားပါတယ်။ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေပေါ်မှာ တပ်မတော်က ထိုးစစ်ဆင်နေတာတွေက ဒီကနေ့ တက်နေတဲ့ လူထုအစိုးရ NLD အစိုးရ အမိန့်ပေးမှုကြောင့်လို့ ပြောတာမျိုးတွေ ရှိပါတယ်။ ဒါတွေက ကျနော်တို့ လက်ခံလို့မရတဲ့ ကိစ္စတွေပါ။ ဘယ်အစိုးရကိုမှ လူမထင်ဘူးလို့ နေခဲ့တဲ့ စစ်တပ်က အခု လူထင်တယ်ပြောတာက ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရ ပုံရိပ်ကို ကျအောင်လုပ်တဲ့ လုပ်ဆောင်မှုဖြစ်တယ်။ ကိုယ့်အစိုးရနဲ့ ပါတီ ပုံရိပ်ကို ကျအောင်လုပ်နေတဲ့ စစ်တပ်ကို ကျောခိုင်းသင့်ပြီ။ အဲဒီတော့ စစ်တပ်လုပ်နေတဲ့ မဟုတ်မမှန်ကိစ္စရပ်တွေကို NLD က ပြတ်ပြတ်သားသားဆန့်ကျင်ပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ တနည်းအားဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်ဖို့ သင့်တဲ့အခြေအနေတခုဖြစ်လာမယ်လို့ ကျနော်ကတော့ အဲလို အကြံပြုချင်တယ်။”

ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရစစ်တပ်တို့ကြား တိုက်ပွဲတွေ ပြင်းထန်လာလို့ စစ်ဘေးဒဏ်သင့်နေတဲ့ ရခိုင်ပြည်နယ်တွင်း မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်က ယာယီ စစ်ပြေးစစ်ရှောင် ဒုက္ခသည်စခန်းပေါင်း ၃၃ခု အပါအဝင် စစ်ဖြစ်ပွားရာနေရာတွေက ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ နှစ်သောင်းကျော်သွားပြီဖြစ်ပြီး သူတို့အတွက် ဘေးကင်းလုံခြုံရေးနဲ့ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး(REC)က VOA မြန်မာပိုင်းကို ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG