ရခိုင်ပြည်နယ်ထဲ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်နဲ့ မြန်မာစစ်တပ်တို့ကြား ရင်ဆိုင်တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး မြန်မာစစ်တပ်ဘက်က စစ်အင်အား လက်နက်အင်အားတွေ ပိုတိုးချလာတာတဲ့အတွက် စစ်ရေးတင်းမာမှုက အတော်လေးကို ပိုပြင်းထန်လာမယ့် အနေအထားဖြစ်နေတယ်လို့ ရခိုင်တပ် AA ပြောခွင့်ရကပြောပါတယ်။ စစ်ဖြစ်နေလို့ လုံခြုံရေးအခြေအနေကြောင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ်ခြောက်မြို့နယ်ထဲမှာတော့ အမိန့်မနာခံမှုနဲ့ အရပ်သားတချို့ ဖမ်းဆီးခံရတာ၊ အာဏာပိုင်တွေဘက်က မသင်္ကာမှုတွေနဲ့ နေအိမ်တွေကို အင်အားသုံး ဝင်ရောက်စစ်ဆေးမှုတွေရှိသလို ဒေသခံပြည်သူတွေ နေ့စဉ်လူမှုဘဝ စားသောက် လုပ်ကိုင်မှုတွေ အခက်အခဲဖြစ်ရတယ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်နဲ့ ဒေသခံတွေကပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးထားပါတယ်။
ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ် AA နဲ့ မြန်မာအစိုးရတပ် တို့ကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ထဲ အခုလက်ရှိမှာတော့ မြန်မာစစ်တပ်ဘက်က စစ်အင်အားတွေ ထပ်တိုးချလာပြီး ဘူးသီးတောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေဘက်မှာ ရင်ဆိုင်တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရခိုင်တပ်မတော် AA ပြောခွင့်ရခိုင်သုခက အခြေအနေကို ပြောပြပါတယ်။
"ဒီရက်ပိုင်းမှာတော့ ဘူးသီးတောင်မြို့နယ် ၀ါးနက်ဘက်မှာ ဖြစ်ခဲ့တာရှိတယ်။ မြောက်ဦးနဲ့ မင်းပြားမြို့ကြား ကျောင်းတောင်ရွာအရှေ့မြောက်ဘက် တောင်တန်းမှာ ဖြစ်တာတွေရှိတယ်။ ကျောင်းတောင်ရွာအရှေ့မြောက်ဘက် တောင်တန်းမှာတော့ တိုက်ပွဲဖြစ်တာ ၄ ရက်ဆက်တိုက်လောက်ဖြစ်နေပြီပေါ့။ ဆိုတော့ တော်တော်လေးပြင်းပြင်းထန်ထန်ဖြစ်နေတာရှိတယ်။ အမြစ်ပြတ်ချေမှုန်းရေးဆိုတာကြီး အော်ပြီးတော့မှ ဆက်ပြီးတော့ ထိုးစစ်တွေလုပ်နေမယ်ဆိုရင်တော့ တိုက်ပွဲကတော့ ဆက်ဖြစ်မယ်။ သူတို့ဒီ မြန်မာစစ်တပ်ဘက်ကတော့ လူအင်အား လက်နက်အင်အားတွေ ချပြီးတော့ ပစ်နေတာတွေရှိတယ်။ ဆိုတော့ ဒီရက်ပိုင်းမှာလည်း ဆက်ပြီးတော့ တိုးလာနိုင်တဲ့ အနေအထားတွေတွေ့နေရတယ်။ ထိုးစစ်ကြီးတွေလုပ်လာနိုင်တယ်ဆိုရင် ကျနော်တို့လည်း ဒါ ကျယ်ကျယ်ပြန့်ပြန့်ခံစစ်ကို လုပ်ရမယ့်အနေအထားရှိတာပေါ့။ တိုက်ပွဲ ကတော့ သူတို့ဘက်က ထိုးစစ်ကြီးတွေလုပ်လာနိုင်တယ်ဆိုရင် တုက်ပွဲ ဧရိယာက ပိုပြီးတော့ ကျယ်လာနိုင်သလို တိုက်ပွဲပြင်းထန်မှုကလည်း ဒီထက်ပိုပြီး ပြင်းထန်လာနိုင်ပါတယ်။"
အခုလက်ရှိဖြစ်နေတဲ့ တိုက်ပွဲတွေအခြေအနေတွေနဲ့ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတွေကို ဗွီအိုအေမြန်မာပိုင်းက အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ဆက်သွယ်လို့မရပါဘူး။
လုံခြုံရေးအခြေအနေအရ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့ မြို့နယ်ခြောက်မြို့နယ်ထဲက ကျောက်တော်မြို့နယ်ထဲမှာ တနင်္လာညမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်နေလို့ ဒေသခံပြည်သူတွေ ထိတ်လန့်နေကြပါတယ်။ ဒါ့အပြင် ဒေသခံလုံခြုံရေး အာဏာပိုင်ဘက်က နေအိမ်တအိမ်ကို အင်အားသုံး ဝင်ရောက်စစ်ဆေးမှုတွေ ရှိတယ်လို့ ကျောက်တော်ဒေသခံ ဦးဇော်ဝင်းကပြောပြပါတယ်။
"လုံခြုံရေးဆိုတာက ပြည်သူတွေအတွက် လုံခြုံရေး နွေးထွေးမှု ၊ ကာကွယ်ရေးပေးရတဲ့ အခန်းကဏ္ဍကိုပြောတာမလား။ ဘာဖြစ်လို့လဲဆိုတော့ မနေ့က ညနေ အဖြစ်ကိုပဲကြည့်လိုက်လေ လုံခြုံရေးလို့ခေါ်တဲ့ အဖွဲ့တွေက သူဟာသူ သေနတ်ပစ်ဖောက်တယ် ပြီးတော့ အိမ်တအိမ်ကို သူတို့ သံသယဖြစ်တယ်ဆိုတဲ့ အိမ်ကို ၀င်မွှေတယ် ရှာတယ်။ အဲဒါမျိုးတွေလေ ဒါက လုံခြုံရေးအဖွဲ့အစည်းနဲ့ မတူဘူးခင်ဗျ။ ပြည်သူတွေကို မြင်ရင် ပြည်သူက ကြောက်တယ် ၊ သူတို့ကို မြင်ရင် ပြင်သူက လန့်တယ် အဲလိုမျိုးလေးတွေ ဆိုတော့ လွဲမှားနေတယ်။"
အခုလို စစ်ဖြစ်နေတဲ့ မြို့နယ် ၆ မြို့နယ်ထဲမှာ ည ၉ နာရီကနေ မနက် ၅ နာရီ အထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်တဲ့အတွက် နေ့စဉ်အလုပ်လုပ်လယ်ယာ စိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေ လုပ်ကိုင်နေရတဲ့ ရခိုင်ဒေသခံပြည်သူတွေမှာ အတော်လေး အခက်အခဲဖြစ်နေကြရတယ်လို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ဒေါ်ခင်စောဝေကပြောပါတယ်။
"ကျမတို့ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ဆိုတာကတော့ များသောအားဖြင့် လက်လုပ်လက်စားတွေများပါတယ်။ နောက်တခါ ချောင်းတွေကို အမှီပြုပြီးတော့ တံငါလုပ်စားတဲ့လူတွေများတယ်။ နောက်တခါတနေ့လုပ်မှ တနေ့စားပြီးတော့ တောတောင်တွေကို ၀င်ပြီးတော့ ထင်းရှာတာတို့ ငုံးတို့ ဖားလေးတွေရှာတာတို့ ကို လုပ်ကြရတာရှိတယ်။ အဲဒါကြောင့် ၁၄၄ ပုဒ်မဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီမထိုးမချင်း မထွက်ရဘူးဆိုတာကတော့ သူတို့အတွက် လုပ်ကိုင်စားသောက် တာကတော့ တော်တော်အခက်အခဲရှိမှာတော့ သေချာပါတယ်ရှင့်။ "
ဒီတိုက်ပွဲတွေကြား အသက်ဘေးကို စိုးရိမ်ရလို့ ဒုက္ခသည် နှစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်သောက်သုံးရေနဲ့ စားနပ်ရိက္ခာ အခက်အခဲရှိတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေက ဝိုင်းဝန်း ကူညီပေးနေကြပေမဲ့လို့ ဒေသတွင်းလုံခြုံရေးအကြောင်းပြပြီး အလှူတွေကို မပေးဖို့ ကန့်သတ်ပိတ်ပင်မှုတွေနဲ့ကြုံနေရတယ်လို့လည်း အရင်တုန်းက မောင်တောမှာနေထိုင်ခဲ့တဲ့ အခုစစ်တွေဒေသခံ ဦးဝင်းလှိုင်ကပြောပါတယ်။
"အစိုးရအနေနဲ့ အကောင်းဆုံးစီမံခန့်ခွဲမှုတွေကို ပေးစေချင်တယ်ခင်ဗျ။ လုံခြုံရေးနဲ့ စားရေးသောက်ရေး နေရေးထိုင်ရေးတွေကို ချပေးစေချင်တယ်။ အခုဆိုရင် အလှူလုပ်မယ့်ဟာတောင် လှူခွင့်မရှိတော့ဘူး ကျနော်တို့ကို စာထုတ်။ အဲဒါကတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။ သူတို့ ခွင့်ပြုချက်ရမှ ပေးမယ်ဆိုရင် အလှူလုပ်မယ့်ဟာတောင် ကန့်သတ်မှုမဖြစ်နေဘူးလား။ အဲလိုပဲမေးချင်တယ် ကျနော်တို့ ဒုက္ခသည်တွေကို ထောက်ပံ့ခွင့်ပေးသင့်တယ်။"
ဒီလ ၁ ရက်နေ့ကပဲ စစ်ဖြစ်နေတဲ့ ပုဏ္ဏားကျွန်း ရသေ့တောင် ကျောက်တော မြောက်ဦး မင်းပြား ဘူးသီးတောင်မြို့နယ်တွေမှာရခိုင်ပြည်နယ် အစိုးရ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာကနေ ဧပြီလ ၁ကစလို့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကို လက်မှတ်ထိုး ထုတ်ပြန်ထားပြီး မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပုဏ္ဍားကျွန်း မြို့နယ် ခြောက်မြို့နယ်ထဲမှာ ယာယီ ဒုက္ခသည်စခန်းပေါင်း ၄၆စခန်းအထိရှိသွားပြီဖြစ်ပြီး ထဲက စစ်ရှောင်ပြည်သူတွေအပါအဝင် ကျေးရွာတွေထဲမှာပဲ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ဒုက္ခသည်စုစုပေါင်း အခုနောက်ဆုံးအချိန်အထိ နှစ်သောင်းရှစ်ထောင်ခြောက်ရာကျော်ရှိသွားပြီဖြစ်တယ်လို့ စစ်ရှောင်စခန်းတွေအထိ စာရင်း လိုက်လံကောက်ယူထားတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ဧပြီလဆန်းက ထုတ်ပြန်ထားပါတယ်။