သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံကိုယ်စားလှယ် ခရီးစဉ်အပေါ် ကြိုတင်သုံးသပ်ချက်တချို့


ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn. (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂)
ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn. (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၂)

(Zawgyi / Unicode)

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးသံကိုယ်စားလှယ်ရဲ့ ၃ ရက်ကြာ မြန်မာပြည်ခရီးစဉ်အတွင်း အဓိကကျတဲ့ တွေ့ဆုံသင့် တွေ့ဆုံထိုက်သူတွေကို တွေ့ခွင့်မရဘူးဆိုရင် ဒီခရီးစဉ်ဟာ ခရီးပေါက်လိမ့်မှာ မဟုတ်ဘူးလို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ အဆင့်မြင့်သံတမန်တဦးက ပြောကြားလိုက်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘောဒီးယားကလာမယ့် ဒီအထူးသံကိုယ်စားလှယ်ရဲ့ ပထမဆုံး ခရီးစဉ်အတွင်း တိုက်တွန်းပြောကြားနိုင်တာတွေ ရှိတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က မျှော်လင့်ထားပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ လျော့ကျပြီး နိုင်ငံရေးပဋိပက္ခ ပြေလည်စေရေး ကြိုးပမ်းတဲ့အနေနဲ့ အာဆီယံရဲ့ အထူးသံကိုယ်စားလှယ်၊ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဟာ မြန်မာနိုင်ငံကို မတ်လ ၂၁ ရက် တနင်္လာနေ့မှာ စတင်ရောက်ရှိမှာဖြစ်ပြီး မတ်လ ၂၃ ရက်အထိ ၃ ရက်ကြာ လာရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းခဲ့ပြီးချိန်ကစလို့ ဖမ်းဆီးထိန်းသိမ်း ထောင်ချခံထားရတဲ့ တချိန်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ CRPH လွှတ်တော်ကိုယ်စားပြု ကော်မတီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခွင့်ပေးဖို့ သူ့ခရီးစဉ်မတိုင်ခင် အာဆီယံ အထူးသံကိုယ်စားလှယ် Prak Sokhonn က တောင်းဆိုခဲ့ပေမယ့်လည်း စစ်ကောင်စီက ငြင်းပယ်ခဲ့တာပါ။ ဒါပေမယ့်လည်း နိုင်ငံရေးပါတီနဲ့ အဖွဲ့အစည်း တချို့ကိုတော့ Prak Sokhonn နဲ့ တွေ့ခွင့် ပေးထားပါတယ်။

မြန်မာ့ပြဿနာ ပြေလည်စေရေးမှာ အခုလို အဓိကကျတဲ့သူတွေနဲ့ တွေ့ဆုံခွင့်မရဘဲ သွားရောက်တဲ့ Prak Sokhonn ရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ရလဒ်ကောင်းထွက်လာဖို့ မမြင်မိကြောင်း NUG အစိုးရခန့် အာဆီယံဆိုင်ရာ သံအမတ်ကြီး ဦးဘိုလှတင့်က ဝေဖန်လိုက်ပါတယ်။

“နိုင်ငံရေး ပဋိပက္ခတွေကို ကူညီပြီးတော့ အြဖေရှာဖို့ ကြိုးစားတဲ့နေရာမှာ မပါမဖြစ် ဦးဆောင်မှု အခန်းကဏ္ဍမှာ ရှိကြတဲ့ သမ္မတကြီး ဦးဝင်းမြင့်တို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေ၊ အခုလက်ရှိ NUG, NUCC နဲ့ CRPH တို့၊ တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေ အစရှိတဲ့ အင်အားစုတွေနဲ့လည်း ကြိုတင်ညှိနှိုင်းတာလည်း မရှိသလို တွေ့ခွင့်လည်းမရှိဘူး ဆိုတဲ့အခါကြတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါကတော့ အာဆီယံဘက်ကလည်း သူတို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်လို့ ပြောနိုင်ဖို့၊ စစ်ကောင်စီကလည်း သူတို့က အာဆီယံ အထူးသံတမန်နဲ့ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်လို့ ပြောနိုင်ဖို့၊ အဲဒီလို နိုင်ငံတကာအလယ်မှာ မျက်နှာသာရရေးအတွက် လုပ်တဲ့ Political Show ပေါ့လေ၊ ဖြစ်လာဖို့ရှိတယ်။”

ကမ္ဘောဒီးယားမတိုင်ခင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဘရူနိုင်းနိုင်ငံက တာဝန်ယူချိန်မှာ အာဆီယံ အထူးကိုယ်စားလှယ် Erywon Yusof မြန်မာပြည်သွားဖို့ လုပ်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအရ သက်ဆိုင်သူအားလုံးနဲ့ စစ်ကောင်စီက တွေ့ခွင့်မပေးတာကြောင့် သူ့ခရီးစဉ် ပျက်ခဲ့ရပါတယ်။

ဒါကြောင့် အခုတကြိမ် ကမ္ဘောဒီးယားကလာမယ့် အာဆီယံ အထူးသံကိုယ်စားလှယ်နဲ့ သူတို့ တွေ့ခွင့်ရတဲ့အခါ အများကြီး မျှော်လင့်မထားပေမယ့် တိုက်တွန်းပြောဆိုနိုင်မယ့် အခွင့်အရေးရှိကြောင်း Prak Sokhonn နဲ့ တွေ့ဆုံဖို့ရှိတဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီ တက်လာတာ တနှစ်ကျော်ပြီပေါ့၊ တနှစ်ကျော်တဲ့ အတောအတွင်းမှာ ဒီလိုမျိုး အာဆီယံ အထူးကိုယ်စားလှယ် အဖြစ်နဲ့ လာခွင့်ကို မရခဲ့သေးဘူး။ အဲဒီတော့ အခု ပထမဆုံး လာခွင့်ရတယ်ဆိုတာက အရင်ထက်စာရင်တော့ ဒါ ထူးခြားတဲ့ အပြောင်းအလဲတခုလို့ ပြောလို့ရတယ်။ သို့သော် ပထမဆုံးအကြိမ် လာရုံနဲ့ ပြဿနာတွေ ပြေလည်သွားမယ်လို့တော့ မျှော်လင့်လို့မရဘူး။ ပထမဆုံးအကြိမ်မှာတော့ စနည်းနာတဲ့၊ တီးခေါက်တဲ့၊ လေ့လာတဲ့ အဆင့်လောက်ပဲ ဖြစ်မယ်လို့ထင်တယ်။ အခုဟာက နိုင်ငံရေးလမ်းကြောင်း ဆိုတာက ပျောက်သလိုဖြစ်နေတဲ့ အချိန်မှာ နိုင်ငံရေးလမ်းကြောင်း၊ နိုင်ငံရေးနည်းလမ်း ပြန်ပြီး ပေါ်ပေါက်လာဖို့အတွက်ကိုတော့ အားလုံးဝိုင်းပြီး ကြိုးစားကြဖို့၊ ပြည်တွင်းရော ပြည်ပ အထူးကိုယ်စားလှယ်တွေပါ ဒီ့ထက်ပိုပြီး ထိထိရောက်ရောက် ကြိုးစားကြဖို့ တိုက်တွန်းရမှာပါ။”

မြန်မာ့ပြဿနာ တကယ်ပြေလည်စေဖို့ဆိုရင် ရလဒ်ကောင်းထွက်စေမယ့် ဗျူဟာတွေကို အာဆီယံက ချမှတ်ဆောင်ရွက်ဖို့ လိုကြောင်းလည်း အာဆီယံဆိုင်ရာ NUG ရဲ့ သံအမတ်ကြီး ဦးဘိုလှတင့်က တိုက်တွန်းလိုက်ပါတယ်။

“ဒီလို အပေါ်ယံကြော အားထုတ်မှုတွေက ဘယ်လိုမှ လက်တွေ့ကျတဲ့ ရလဒ်ကောင်းတွေ ထွက်လာမှာ မဟုတ်ဘဲနဲ့ လက်ရှိ စစ်ကောင်စီရဲ့ အချိန်ဆွဲ ကစားကွက်ပေါ့၊ ဘာလို့လဲဆိုတော့ သူက ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲတခုလုပ်ဖို့ ကြိုးပမ်းအားထုတ်မှုတွေ ရှိနေတယ်။ ဒီထဲမှာ အာဆီယံ မျောပါသွားရင်တော့ အာဆီယံရဲ့ ဂုဏ်သိက္ခာကို ထိပါးစေမှာပဲ။ ဒါကြောင့် တကယ့် ရလဒ်ကောင်းတွေ ထွက်နိုင်ဖို့ကိုလည်း ဦးတည်ပြီးတော့ စနစ်တကျ ပြည့်ပြည့်စုံစုံလည်း စဉ်းစားထားတဲ့ မဟာဗျူဟာမြောက် လုပ်ငန်းစဉ်တရပ် ပြန်ပြီးတော့ ချမှတ်ပေးဖို့ ကျနော်တို့ကတော့ အာဆီယံခေါင်းဆောင်မှုကို တိုက်တွန်းတယ်ပေါ့။”

၂၀၂၁ ခု ဧပြီလ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးပွဲအတွင်း မြန်မာနိုင်ငံက လိုက်နာဆောင်ရွက်ရမယ့် အကြမ်းဖက်မှု အဆုံးသတ်ရေး၊ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်ထည် ဖော်လာစေရေးအတွက် နိုင်ငံတကာက အခါအားလျော်စွာ တိုက်တွန်းနေသလို ဂျပန်နဲ့ အိန္ဒိယ ဝန်ကြီးချုပ်တွေ ဒီရက်ပိုင်းအတွင်း တွေ့ဆုံချိန်မှာလည်း ထပ်မံတိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

----------------------------

(Unicode)













XS
SM
MD
LG