သုံးရလွယ်ကူစေသည့် Link များ

ရန်ကုန်တိုင်းဝန်ကြီးချုပ်နဲ့ တပ်မတော်ကြား ပြဿနာအပေါ်တုံ့ပြန်မှုတချို့


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်နေရာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာနဲ့ပတ်သက်ပြီး တပ်မတော်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်က တောင်းပန်စာပေးပို့လိုက်တဲ့အပေါ်ဝေဖန်မှုတွေ အမျိုးမျိုးရှိနေပါတယ်။ဒီမိုကရေစီ အနာဂတ်ရေးအတွက် စိုးရိမ်ကြောင်း ပြောဆိုကြသလို အစိုးရနဲ့ တပ်မတော်အကြား အပြန်အလှန်ယုံကြည်ဖို့ ခက်ခဲစေနိုင်ကြောင်း သုံးသပ်ကြပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးဟာ ညွှန်ကြားမှုးချုပ်အဆင့်သာဖြစ်ကြောင်း ပြောတဲ့အပေါ် တပ်မတော်က စိစစ်အရေးယူပေးဖို့ အစိုးရကို တောင်းဆိုခဲ့တဲ့နောက် ဦးဖြိုးမင်းသိန်းက တပ်မတော်ကို တောင်းပန်စာ ပေးပို့ခဲ့တာဖြစ်ပါတယ်။

တောင်းပန်စာကို ဒီလ ၁၃ရက်နေ့ နေ့စွဲနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို လိပ်မူပေးပို့တာကို လက်ခံရရှိကြောင်း တပ်မတော်က ၁၅ရက်နေ့က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒီလိုတောင်းပန်လိုက်တဲ့အပေါ် ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဂွမ်ဂရာအောင်ခမ်းက အခုလို ပြောဆိုပါတယ်။

“လူထုတင်မြှောက်ထားတဲ့အဖွဲ့အစည်းတွေဖြစ်တော့ လူထုဖက်ကိုလည်း ကြည့်ရမယ်လေ။ ဒါပေမဲ့ ဒါမျိုးဖြစ်တော့ ကျနော်တို့ အနာဂတ်ကို လက်တွဲပြီးမှ ဆောင်ရွက်ဖို့ ဆိုတာကတော့ သိပ်တော့ မလွယ်ဘူးထင်တယ်။ သူတို့ အလိုကျအတိုင်းသွားရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်က လူထုလိုလားတဲ့ အခြေအနေမျိုးနဲ့တော့ သွားဖို့တော့ ခက်ပါလိမ့်မယ်။”

တပ်မတော်က ဦးဖြိုးမင်းသိန်း ပြောတာဆိုတာနဲ့ပတ်သက်ပြီး အရေးယူဖို့ တောင်းဆိုချိန်မှာNLD ပါတီခေါင်းဆောင်တချို့က ဦးဖြိုးမင်းသိန်းပြောဆိုတာမမှားကြောင်း သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

ဒီအချက်အပေါ်မှာ သီပေါမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ အခုလိုသုံးသပ်ပါတယ်။

“သူတို့ပါတီခေါင်းဆောင်တချို့ရဲ့ ပြောတာဆိုတာတွေ ထောက်လိုက်လို့ ရှိရင်တော့ အမျိုးသားရင်ကြားစေ့ရေးကို NLD ပါတီခေါင်းဆောင်ပိုင်းက တကယ်လိုလိုလားလား၊ နှစ်နှစ်ကာကာ၊ ယုံယုံကြည်ကြည် လုပ်နေတာမျိုး၊ လေးလေးနက်နက်သဘောပေါက်ပြီး လုပ်နေတာမျိုး မဟုတ်ဘူးလို့တော့ တပ်မတော်ဖက်က အဲလိုမျိုးယူဆ သွားနိုင်တာပေါ့နော်။ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေးမှာတော့ အခက်အခဲဖြစ်သွားနိုင်တာပေါ့။”

ပြီးခဲ့တဲ့ ရက်တွေကတော့ ဦးဖြိုးမင်းသိန်းကို NLD ပါတီက ခေါ်ယူသတိပေးကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံရေးသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်ကတော့ ဦးဖြိုးမင်းသိန်းပြောဆိုတဲ့အပေါ် ပါတီက သတိပေးတယ်ဆိုတာမျိုးထက် အစိုးရက ကိုင်တွယ်ဆောင်ရွက်သင့်တယ်လို့ ရှုမြင်ကြောင်း ပြောပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရပိုင်းအနေနဲ့သမ္မတသော်လည်းကောင်း၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သော်လည်းကောင်း ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ တိတိကျကျ သေချာဖြေရှင်းစေချင်တယ်။ ဖြေရှင်းစေချင်တယ်ဆိုတာ ရာထူးက ဖြုတ်ပစ်ဖို့ ပြောတာမဟုတ်ပါဘူး။ ဒီကိစ္စကို သူတို့ဖက်က ဘယ်လိုတာဝန်သိစွာ အရေးယူတယ်ဆိုတာကို ကျနော့်အနေနဲ့ ဖော်ပြစေချင်တယ်။ နောက်တခုကတော့ တပ်မတော်အနေနဲ့ ဦးဖြိုးမင်းသိန်းက တောင်းပန်လိုက်ပါတယ်ဆိုတဲ့ ကိစ္စကို အခြေအနေအရ လက်ခံလိုက်ပေမဲ့ လက်တွေ့မှာ ဘယ်လို တုံ့ပြန်လာမလဲ ဆိုတာလည်း စဉ်းစားစရာရှိတယ်။”

တပ်မတော်က သတင်းထုတ်ပြန်ရာမှာ အပြုသဘောနဲ့ ရေရှည်ဆက်ဆံဖို့ မသင့်တာကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို အရေးယူဖို့ တင်ပြထားပြီး အစိုးရဖက်ကတော့ ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ဟာ အစိုးရသဘောထားမဟုတ်ကြောင်းနဲ့ ၀န်ကြီးချုပ်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ညွှန်ကြားထားကြောင်း သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

XS
SM
MD
LG