သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေးပြဿနာ နိုင်ငံတကာနဲ့ ပူးပေါင်းအဖြေရှာဖို့ တိုက်တွန်း


ဓာတ်ပုံ - ဗွီအိုအေ (မြန်မာဌာန)၊ စက်တင်ဘာ ၂၈၊ ၂၀၁၉။
ဓာတ်ပုံ - ဗွီအိုအေ (မြန်မာဌာန)၊ စက်တင်ဘာ ၂၈၊ ၂၀၁၉။

မြန်မာနိုင်ငံက အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေ တောင်းဆိုလိုလားချက်တွေကို ငြင်းဆန်နေမယ့်အစား ပကတိအခြေအနေမှန်ကို လက်ခံပြီး နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။ ရခိုင်အရေး ပြည်ပက မျှတခြင်းမရှိတဲ့ တဖက်သတ် အကျပ်ကိုင် ဖိအားပေးမှုတွေကို မြန်မာဘက်က လက်ခံမှာမဟုတ်ဘူးဆိုတဲ့ ကုလညီလာခံမှာ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးရဲ့ ပြောဆိုချက်အပေါ် အခုလို တုံ့ပြန် ပြောဆိုခဲ့ကြတာပါ။ အပြည့်အစုံကို မဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်တွေပါ တက်ရောက်နေတဲ့ ၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့ စနေနေ့တုန်းက မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးက မိန့်ခွန်းပြောကြားစဉ် ရခိုင်ပြည်နယ်အရေး ပြည်ပကနေ မျှတခြင်းမရှိတဲ့ အကျပ်ကိုင်မှုတွေကို အရေးယူ တုံ့ပြန်မှာမဟုတ်သလို နိုင်ငံတကာခုံရုံး ICC က အရေးယူဖို့ အားထုတ်မှုနဲ့ ပတ်သက်ပြီးလည်း ICC ဟာ မြန်မာနိုင်ငံအပေါ် တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ဝန်ကြီးက ပြောဆိုသွားခဲ့တာပါ။

ဒီအပေါ်မှာတော့ ပြည်သူက ရွေးချယ်ထားတဲ့ အရပ်သားအစိုးရလက်ထက် မြန်မာပြည်တွင်းက စိုးရိမ်စရာ အခြေအနေမှာ ရှိနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လုပ်ရပ်တွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်ချက် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုမှုတွေအပေါ် ပကတိ အခြေအနေမှန်ကို လက်ခံပြီး အကောင်းဆုံး အဖြေရှာဖို့ ကုလအပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သင့်နေပါပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ထောက်ပြ အကြံပြုကြပါတယ်။

မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က ဒီမိုကရေစီအစိုးရတရပ် အနေနဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်ဖို့ အချိန်တန်နေပါပြီလို့ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက အခုလိုပြောပါတယ်။

“မနေ့တုန်းက ဦးကျော်တင့်ဆွေ အနေနဲ့ ဒီဟာနဲ့ပတ်သက်ပြီး ပြောကြားတဲ့အခါမှာ ကျနော်တို့က စောင့်ကြည့်တာရှိတယ်။ ဒါပေမယ့် ပြောကြားတဲ့ပုံစံ တော်တော်များများက အရင်တုန်းက အစိုးရအတိုင်းပဲ ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်တာမဟုတ်ဘဲနဲ့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ အရေးယူမှုတွေကို လက်မခံဘူး၊ ဒါနဲ့ပတ်သက်ပြီး အသိအမှတ်ပြုမှာ မဟုတ်ဘူးဆိုတဲ့ အသံမျိုးဖြစ်တာ နည်းနည်းလေးတော့ ကျနော်တို့ စိတ်မကောင်းဖြစ်စရာ ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စကို နိုင်ငံတကာက ဥပဒေအရ ဖော်ဆောင်ပေးဖို့၊ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ ဆိုတဲ့ဟာက တောင်းဆိုနေတာလည်း ကြာပါပြီ။

“နောက်တခါ နိုင်ငံတကာက ထောက်ပြတဲ့ အချက်တွေက ပြည်တွင်းမှာရှိနေတဲ့ တရားရေးစီရင်မှု လုပ်ထုံးလုပ်နည်းတွေ၊ ပြည်တွင်းမှာရှိနေတဲ့ တရားဥပဒေက တကယ်တမ်း ချိုးဖောက်ခံရတဲ့သူတွေကို တိတိကျကျ မကာကွယ်ပေးနိုင်တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် လက်ကမ်းတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါကို လုံးဝငြင်းဆိုတဲ့ သဘောမျိုး အသိအမှတ်ပြုဘူးဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ လက်ရှိ နိုင်ငံတကာက ပြောနေတဲ့ နိုင်ငံတကာ ရာဇဝတ်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့အတွက်မှာ မြန်မာနိုင်ငံက ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက်ကြောင့်မို့ ဒီဟာကို တင်လို့မရဘူးဆိုတဲ့ သဘောမျိုး ပြောသွားတာ တကယ့် ပကတိအမြင်အတိုင်း မြင်ဖို့တော့ လိုအပ်ပါတယ်။”

ဒါ့အပြင် ကုလညီလာခံအတွင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးကပဲ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို ကိုင်တွယ်ဖြေရှင်းရာမှာ နိုင်ငံတကာရဲ့ တဖက်သတ် ဖိအားပေးမှုတွေကို လက်မခံဘဲ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ သဘောတူညီချက်အတိုင်းသာ လုပ်ဆောင်သွားမှာဖြစ်တယ်၊ ဒါပေမယ့် ဒီလုပ်ရပ်ကို ဟန့်တားဖို့နဲ့ ဒုက္ခရောက်နေသူတွေကို အမြတ်ထုတ်ဖို့အတွက် ဖျက်လိုဖျက်ဆီး လုပ်ရပ်တွေ ရှိနေတယ်လို့လည်း ပြောဆိုသွားတာပါ။

ဒီပြောဆိုချက်အပေါ် လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံခဲ့ရသူတွေအတွက် သူတို့နေရပ်ရင်းပြန်လာချိန် လုံခြုံရေးအာမခံချက်ပေးဖို့ အပါအဝင် ဆုံးရှုံးခဲ့ရတဲ့ နစ်နာမှုတွေအတွက် တရားဥပဒေနည်းလမ်းအရ မျှမျှတတ ရှိဖို့ကိုသာ ဒုက္ခသည်တွေကိုယ်စား ကုလနဲ့ နိုင်ငံတကာက တောင်းဆိုတာဖြစ်တယ်၊ ဒါဟာ ဖိအားပေးတာ၊ တဖက်သတ် အကျပ်ကိုင်တာ မဟုတ်ဘူးဆိုတာ နားလည်ဖို့လိုတယ်လို့လည်း ထောက်ပြပါတယ်။

“ဒါမျိုးက ဖိအားပေးတာလည်း မဟုတ်ဘူးခင်ဗျ။ မြန်မာနိုင်ငံအစိုးရကို နိုင်ငံတကာကနေ လုပ်သင့်တဲ့အချက်တွေ အစောကြီးကတည်းက ကမ်းလှမ်းထားပါတယ်။ ကိုဖီအာနန်တို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကအစ နောက်ပိုင်းမှာ တဖြည်းဖြည်း ပူးပေါင်းဆောင်ရွက်ဖို့ အတွက် လမ်းကြောင်းတွေ ကမ်းလှမ်းထားတယ်။ ဒါပေမယ့် လက်ရှိအစိုးရဘက်က ဒါကို ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ဆောင်မယ့်နည်းလမ်း ရှာမယ့်အစား ပူးပေါင်းဆောင်ရွက်မှု မရှိသော နည်းလမ်းကို သုံးလာတယ်။

“သုံးလာတဲ့ကိစ္စမျိုး၊ ဥပမာ စုံစမ်းစစ်ဆေးရေးအရာရှိ ခွင့်မပြုတာတွေ၊ နိုင်ငံတကာရဲ့ ပြောဆိုချက်ကို လုံးဝလက်မခံဘူးလို့ ဒါတွေကို သူတို့ရဲ့ ပေါ်လစီအရ ထုတ်ပြန်တာတွေ ကြည့်မယ်ဆိုရင် ပူးပေါင်းဆောင်ရွက်မှုထက် စာလို့ရှိရင် ငါလုပ်ဆောင်မယ်၊ ငါ့တိုင်းပြည် ငါလုပ်မယ်ဆိုတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ အဲဒါမျိုးဖြစ်လို့ရှိရင်တော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းအဖြစ် စုံစမ်းစစ်ဆေးမှုအပြင် ဥပဒေအရ အရေးယူတဲ့ လမ်းကြောင်းကို သူတို့ရှာကြမှာ ဖြစ်ပါတယ်။”

မြန်မာ့အရေး နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် သက်သေအထောက်အထား အချက်အလက်တွေ၊ သတင်းမှတ်တမ်းတွေပေါ် အခြေခံပြီး စနစ်တကျ ထောက်ပြနေကြတာ တောင်းဆိုနေကြတာဖြစ်လို့ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာနဲ့ အပြုသဘော ပူးပေါင်းဖြေရှင်းသင့်တယ်လို့ ကနေဒါနိုင်ငံက မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတဦးဖြစ်တဲ့ ဦးညွန့်လှကလည်း အကြံပြုပါတယ်။

“နိုင်ငံတကာမြင်တဲ့ အမြင်ဆိုတဲ့နေရာမှာ နိုင်ငံတကာက သူတို့ပြောတဲ့ ဆိုတဲ့ ကိစ္စတွေအားလုံးမှာ တာဝန်ခံမှု၊ တာဝန်ယူမှုရှိတယ်။ ဒါကို အခုလက်ရှိ ကုလသမဂ္ဂ ကိုယ်စားလှယ်ပဲဖြစ်ဖြစ်၊ သမ္မတရုံးတာဝန်ခံ ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် သူတို့တွေက မျက်စိပိတ်ပြီး ငြင်းနေရုံနဲ့ ပြဿနာက အဖြေမထွက်ဘူးဆိုတာကို သူတို့သိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ အခု လုပ်ရင်းလုပ်ရင်းနဲ့ နိုင်ငံတကာရဲ့ သူတို့ရဲ့ ငြင်းဆိုချက်တွေအပေါ်မှာ ပိုပြီးတော့ အမြင်မကြည်ဖြစ်ပြီးတော့ တရစ်ပြီးတရစ် တရစ်ပြီးတရစ်သာ ပိုတိုးတဲ့ ဝေဖန်သုံးသပ်မှုတွေ မြန်မာနိုင်ငံအပေါ်မှာ ဖြစ်နေတာ နိုင်ငံအတွက် သိက္ခာကျတယ်။ နောက်တချက် အဆိုးဆုံးက အစိုးရအနေနဲ့က မြေပြင်ရဲ့ အခြေအနေနဲ့ ဖြစ်ရပ်အမှန်တွေကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့်သာလျှင် မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကို ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့က ယုံကြည်တယ်။”

ကုလနဲ့ နိုင်ငံတကာက ရိုဟင်ဂျာလို့သုံးနှုန်းတဲ့ ဒုက္ခသည်တွေအရေး အစိုးရအနေနဲ့ နိုင်ငံရေးစိတ်ဆန္ဒရှိရှိနဲ့ လုပ်ဆောင်ဖို့ ဒေသတွင်း အာဆီယံနိုင်ငံတချို့နဲ့ ကုလဘက်က ဒီညီလာခံမှာ တိုက်တွန်း ပြောဆိုနေပါတယ်။ တဖက်မှာ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာခုံရုံးအထိ စစ်ဆေးအရေးယူဖို့ တိုက်တွန်းမှုတွေလည်း ရှိနေတာပါ။ မြန်မာအစိုးရကတော့ နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာတွေဟာ တဖက်သတ်ဆန်ပြီး အချက်အလက်မှားတွေကို အခြေခံထားတယ် လို့လည်း တောက်လျှောက် ငြင်းဆိုနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလိုဘဲ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူးတွေကိုလည်း ပြည်ဝင်ခွင့် မပေးခဲ့ပါဘူး။

-----------------------

(Unicode)















တိုက်ရိုက် လင့်ခ်


XS
SM
MD
LG