သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

COVID-19 အကူအညီပေးရေး အစီအစဉ် အမေရိကန်ရောက် မြန်မာတွေ ကြိုဆို


ဒေါ်လာ ၂ ထရီလီယံကျော် အရေးပေါ်အကူအညီပေးရေး အစီအစဉ် လက်မှတ်ရေးထိုးနေသည့် သမ္မတ Trump. (မတ် ၂၇၊၂၀၂၀)
ဒေါ်လာ ၂ ထရီလီယံကျော် အရေးပေါ်အကူအညီပေးရေး အစီအစဉ် လက်မှတ်ရေးထိုးနေသည့် သမ္မတ Trump. (မတ် ၂၇၊၂၀၂၀)

(Zawgyi / Unicode)

COVID-19 ကမ္ဘာ့ကပ်ရောဂါကြောင့် အမေရိကန်နိုင်ငံမှာ စီးပွားရေး ထိခိုက်နေတာတွေကို ကျားကန်ပေးဖို့ ဒေါ်လာ ၂ ထရီလီယံကျော် အရေးပေါ် အကူအညီပေးရေး အစီအစဉ်ကို အတည်ပြုလိုက်တဲ့အတွက် အမေရိကန်ရောက် မြန်မာတွေလည်း ဝမ်းသာနေကြပါတယ်။ ငွေသားအကူအညီပါ ရရှိမယ့် အထောက်အပံ့တွေကြောင့် အခက်အခဲတွေကြား သက်သာရာ ရလိမ့်မယ်လို့လည်း မျှော်လင့်နေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၂ ထောင်ကျော်အထိ ရှိနေတဲ့ အမေရိကန်ပြည်ထောင်စုမှာ အရေးပေါ် အကူအညီအဖြစ် ဒေါ်လာ ၂.၂ ထရီလီယံကို လွှတ်တော်က အတည်ပြုလိုက်ပြီး ချက်ချင်းဆိုသလို သမ္မတ Donald Trump ကလည်း လက်မှတ်ရေးထိုး အတည်ပြုထားတာပါ။ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်နေရသလို နောက်ထပ် တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပြီး လုပ်ငန်းတွေ အများအပြား ပိတ်ထားရတဲ့အတွက်လည်း စီးပွားရေးမှာ သိသိသာသာ အထိနာနေချိန်မှာ ကျားကန်ဖို့ လွှတ်တော်နဲ့ အစိုးရက ကြိုးပမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ငွေသားအကူအညီပါ ပါဝင်မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနမှာ အမှုထမ်းနေသူလည်းဖြစ်၊ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေ နှစ်စဉ် ဝင်ငွေခွန်ပေးဆောင်ရာမှာ ဝန်ဆောင်မှုပေးနေသူလည်းဖြစ်တဲ့ ကိုမိုက်ကယ်လ်က အခုလို ရှင်းပြပါတယ်။

“လူတွေက ချက်ကို ဘယ်လိုရမလဲပေါ့ မေးကြတယ်။ အစိုးရက ဘယ်လိုပေးမလဲ၊ ဘယ်သူတွေကို ပေးမလဲဆိုရင် ဒီအမေရိကန်မှာရှိတဲ့ Social Security ရှိတဲ့သူတွေပေါ့၊ အထူးသဖြင့် Tax File အခွန်ဆောင်ထားတဲ့သူတွေပေါ့။ အထူးသဖြင့် ၂၀၁၈ နဲ့ ၂၀၁၉ မှာ အခွန်ဆောင်ထားတဲ့သူတွေပေါ့။ အဲဒီမှာ အခွန်ဆောင်ထားတယ်ဆိုရင် သူ့ရဲ့မှတ်တမ်းကနေ ကြည့်မှာပေါ့။ တကယ်လို့ ၂၀၁၉ အတွက် အခွန်မဆောင်ရသေးဘူးဆိုရင်လည်း ၂၀၁၈ အခွန်တွက်ထားတာကို ကြည့်မယ်။ အဲ့ဒီ့မှာ ဝင်ငွေကိုကြည့်မယ်။ တဦးတည်းဆိုရင် ၇၅၀၀၀ အဲ့လောက်ဝင်ငွေဆိုရင် အစိုးရကပြောတယ် ၁၂၀၀ ပေးမယ်ပေါ့။ လက်ထပ်ထားတယ်ဆိုရင် တသိန်းငါးသောင်းဆိုရင် တယောက်ကို ၁၂၀၀ ပေးမယ်။ ပြီးတော့ ဝင်ငွေကို ဘယ်လိုကြည့်မလဲဆိုရင် ၂၀၁၈ အခွန်တွက်ထားတုန်းကဆို Tax Return ရဲ့ နံပါတ် ၇ ကို ကြည့်ပါ။ Adjusted Gross Income ဆိုတာရှိတယ်။ အဲဒါကို အစိုးရက ကြည့်လိမ့်မယ်။ ၂၀၁၉ ဆိုရင်တော့ နံပါတ် ၈ ပေါ့။ အဲ့မှာလည်း အေ ဘီ ခွဲထားပြီး Adjusted Gross Income ဆိုတာရှိတယ်။ အဲဒီမှာပြတဲ့ ဝင်ငွေပေါ်မှာ မူတည်ပါတယ်။ အဲဒါတွေကို ဘယ်လိုပေးမလဲဆိုတာက အဲဒီ အခွန်ဆောင်ထားတာကိုကြည့်မယ်ပေါ့။ အဲဒီမှာ ဘဏ်အကောင့်ကနေ ပေးထားတယ်ဆိုရင် တိုက်ရိုက် ငွေထည့်ပေးလိုက်မယ်။ ဘဏ်အကောင့်မရှိဘူးဆိုရင် အဲဒီ အခွန်ဆောင်ထားတဲ့ လိပ်စာအတိုင်း စာတိုက်ကနေ ချက်လက်မှတ်ပေးလိမ့်မယ်။ ဘယ်တော့ပေးမလဲဆိုရင် သီတင်းပတ်သုံးပတ်အတွင်းလို့ ပြောပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့် ရုံးမသွားရတော့ဘဲ နေအိမ်ကနေပဲ အလုပ်လုပ်နေရတဲ့ အစိုးရဝန်ထမ်းတဦးဖြစ်တဲ့ ဗာဂျီးနီးယားပြည်နယ်က ဒေါ်ဝါဝါနုကလည်း အမေရိကန်မှာ အခက်အခဲ ကြုံရတဲ့အချိန် အကူအညီပေးဖို့ ကြိုးပမ်းတဲ့ အစီအစဉ်ကို ကြိုဆိုကြောင်း ပြောပါတယ်။

“အန်တီကလည်း ရနိုင်တဲ့အခြေအနေ ရှိတာပေါ့လေ။ သူက တနှစ်ဝင်ငွေ ၇၅၀၀၀ ရှိတဲ့သူတွေကို ပေးမယ်လို့ သဘောတူထားတာပေါ့ သမ္မတကြီး Trump က။ အခုဆို အန်တီတို့တွေက တယ်လီဝေါ့ကင်းပေါ့၊ အိမ်ကနေ အလုပ်လုပ်နေကြရတယ်။ အခုက လူတိုင်းက အခက်အခဲတွေ ဖြစ်နေကြတယ်မဟုတ်လား။ အန်တီတို့ကတော့ ထားလိုက်တော့ လစာအပြည့်နဲ့ လုပ်နေကြရတာကိုး။ အခု ကုမ္ပဏီတွေ တော်တော်များများ ရပ်ကုန်တော့ အလုပ်တွေရပ်ပြီး ပိုက်ဆံတွေ မပေးနိုင်တော့ဘူး။ မြန်မာတွေ တော်တော်များများ ပါကုန်တယ်။ လက်ဆောင်ရောင်းတဲ့ ဆိုင်တွေမှာဆိုလည်း မြန်မာတွေရှိတယ်။ အများကြီး ထိခိုက်တယ်။ သူတို့လည်း အခွန်ဆောင်ထားတဲ့သူတွေဆိုတော့ Stimulus Check ဝင်နိုင်တာပေါ့။ သူတို့လည်း ၁၂၀၀ လောက်ဆီ ရနိုင်တယ်။ ဧပြီလကုန် ရနိုင်တယ်။ အန်တီကတော့ သဘောကျတယ်။ ဝင်ငွေမရှိတော့မယ့် သူတွေအတွက် အများကြီး အထောက်အကူရစေတယ်။”

မြောက်ကယ်ရိုလိုင်းနားပြည်နယ် ချန်ပါဟေးလ်မြို့က ကိုအောင်သန်းကလည်း အခုလို အမေရိကန်အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေအပေါ် အရေးပေါ်လိုအပ်လာချိန် နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့အညီ ကူညီဆောင်ရွက်ပေးတဲ့ အစီအစဉ်ပေါ် ကြိုဆိုပြီး မိသားစုများတဲ့သူတွေ အရေးပေါ် ပေးဆောင်ရမယ့် ငွေကြေးတွေက ပြေလည်နိုင်မယ့်အရေး ဝမ်းသာမိတယ်လို့ ပြောပါတယ်။

“အတည်ပြုလိုက်တယ်ဆိုတဲ့ အဲဒီသတင်းကို ကြားလိုက်တော့ ကိုယ့်ရဲ့ အခက်အခဲတွေကို ဒီလိုရရှိလာမယ့် ထောက်ပံ့မှုကို အင်မတန်ကြိုဆိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမှာ ဒီရောဂါကပ်ဆိုးကြီးကြောင့် အလုပ်တွေလည်း မသွားနိုင်ဘူး။ အဲဒီအတွက် လစဉ် ကျနော်တို့ပေးရမယ့် အိမ်ဖိုး ကားဖိုး မီးဖိုး ရေဖိုး စသဖြင့် ဘေလ်တွေပေးဖို့ရှိတော့ ဒီလိုရလာမယ့်အပေါ် နံပါတ်တစ် ကျေးဇူးလည်းတင်ပါတယ်။ ဝမ်းလည်းဝမ်းသာတယ်။ လက်ရှိ အမေရိကန်ရဲ့ အစိုးရကောင်း တရပ်ကိုလည်း အင်မတန် ကျေးဇူးလည်းတင်ပါတယ်။ အောက်ခြေလူတန်းစားတွေအတွက် ဝင်ငွေရမှသာ ဒီပေးမန့်တွေကို ဖြေရှင်းနိုင်မှာလေ။”

အခုအခါ COVID-19 ရောဂါ ကူးစက်သူတွေ တွေ့ရှိထားကြောင်း အတည်ပြုထားတဲ့ မြန်မာနိုင်ငံမှာလည်း အလားတူ ပြည်သူလူထုအတွက် အထောက်အကူ ဖြစ်စေမယ့် အစီအစဉ်မျိုးတွေကို အစိုးရက အကောင်အထည် ဖော်စေချင်တယ်လို့လည်း ပြောပါတယ်။

“အဓိကကတော့ ကျနော်က မြန်မာနိုင်ငံသားဖြစ်ဖူးတော့ အခုလက်ရှိ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရကို အကြံပြုချင်တယ်ပေါ့နော်။ ပြည်သူတွေရဲ့ အခက်အခဲကို တတ်နိုင်သလောက် ထောက်ပံ့မှုတွေ ပေးစေချင်တယ်။ သူဘာလိုလဲ၊ အစားအသောက်လား၊ ငွေကြေးအထောက်အပံ့လား၊ ကူညီစေချင်တယ်။ ကျနော်ဆိုရင် အမေရိကန်နိုင်ငံသားဖြစ်တယ်။ အမေရိကန်နိုင်ငံက သူ့နိုင်ငံသားအပေါ်မှာ အစိုးရကောင်းတရပ်အနေနဲ့ တာဝန်ကျေတယ်ပေါ့နော်။ မြန်မာပြည်မှာလည်း ဒေသန္တရအမိန့်တွေ ထုတ်ပြန်ပြီး ရှိထားတဲ့ ဘတ်ဂျက်တွေထုတ်ပြီး လိုအပ်တဲ့ ဥပဒေဘောင်အတွင်းကနေ ကူညီပေးစေချင်ပါတယ်။”

ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၆ သိန်း ၇ သောင်းလောက် ရှိနေချိန်မှာ အမေရိကန်ပြည်ထောင်စုမှာလည်း ကူးစက်သူ ၁ သိန်း ၂ သောင်းကျော်နဲ့ သေဆုံးသူ ၂,၁၀၀ ကျော်အထိ ရှိနေကြောင်း John Hopkins တက္ကသိုလ်ရဲ့ တနင်္ဂနွေနေ့ အစောပိုင်းအထိ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ နယူးယောက်ပြည်နယ် တခုတည်းမှာပဲ ကူးစက်ခံရသူ ၅ သောင်းကျော်နဲ့ သေဆုံးသူ ၇၀၀ ကျော်ထက်မနည်း ရှိနေတာကြောင့် အမေရိကန်မှာ အဆိုးဆုံံး ဒေသတခုလည်း ဖြစ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------------

(Unicode)













ဆက်စပ်သတင်းများ ...

XS
SM
MD
LG