သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နိုင်ငံတကာ ဘာသာပေါင်းစုံအဖွဲ့ ရခိုင်ပြည်နယ်ရောက်


နိုင်ငံတကာ ဘာသာပေါင်းစုံအဖွဲ့ (photo- Religions for Peace (RfP)

မြန်မာနိုင်ငံမှာရောက်နေတဲ့ Religions for Peace (RfP) အဖွဲ့က နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဟာ မေလ ၂၇ ရက်နေ့က မောင်တောမြို့နယ်ကို သွားရောက်ပြီး နေရာအသီးသီးကို လှည့်လည်ကြည့်ရှုကြပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့နဲ့အတူ မြန်မာနိုင်ငံ၊ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်လ် ချားလ်စ်ဘို ဦးဆောင်တဲ့ ပြည်တွင်း ဘာသာပေါင်းစုံက ကိုယ်စားလှယ်အဖွဲ့၊ သာသနာရေးနဲ့ ယဉ်ကျေးမှုဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကိုတို့လည်း အတူ လိုက်ပါသွားပါတယ်။

ကိုယ်စားလှယ်အဖွဲ့ဟာ မောင်တောမြို့နယ်တွင်းက လှဖိုးခေါင်ကြားစခန်း၊ တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံချစ်ကြည်ရေးတံတား၊ ပန်းတောပြင်ကျေးရွာ၊ ကိုင်းတော (မြို) တိုင်းရင်းသားကျေးရွာတွေကို သွားရောက် ကြည့်ရှုကြပါတယ်။ ဒါ့အပြင် အစွန်းရောက် အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက သတ်မှတ်ကြေညာထားတဲ့ ARSA အဖွဲ့က ဖမ်းဆီး သွားပြီး ပြန်လည်လွတ်မြောက်လာတဲ့ ဟိန္ဒိုဘာသာဝင်တွေနဲ့လည်း တွေ့ဆုံ မေးမြန်းကြပါတယ်။

နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၂၄ ရက်နေ့က မြန်မာလူထုအတွက် အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ထားပြီး အဲဒီထဲမှာ ရခိုင်ပြည်နယ်က အခြေအနေနဲ့ ပတ်သက်လို့လည်း ပါရှိပါတယ်။

“ရခိုင်ပြည်နယ်နဲ့ တခြားနေရာတွေမှာ ကျူးလွန်ထားတဲ့ ပြစ်မှုအမျိုးမျိုးကို ပြီးပြည့်စုံပြီး ပွင့်လင်းမြင်သာမှုရှိတဲ့ စုံစမ်းစစ်ဆေးမှုတခု လုပ်ဆောင်ရေးအတွက် ပြည်ထောင်စုအစိုးရအနေနဲ့ အပြည့်အဝတာဝန်ယူဖို့ မိမိတို့ အားပေး တိုက်တွန်းပါကြောင်း၊ ဒီ လုပ်ဆောင်မှုမှာ ရခိုင်၊ မြို၊ သက်၊ ဒိုင်းနက်၊ ခမီ၊ ကမန်နဲ့ ဟိန္ဒို စတဲ့ လူထုအားလုံးကို ထည့်သွင်း ပါဝင်စေဖို့လည်း ပြည်ထောင်စု အစိုးရကို တိုက်တွန်းပါကြောင်း” အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

Religions for Peace အဖွဲ့ရဲ့ နိုင်ငံတကာ ဘာသာပေါင်းစုံ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ထဲမှာ သီရိလင်္ကာ၊ ကမ္ဘောဒီးယား၊ ဂျပန်၊ အင်ဒိုနီးရှား၊ အိန္ဒိယနဲ့ နော်ဝေးနိုင်ငံတွေက ဘာသာရေးခေါင်းဆောင်တွေ ပါဝင်ပါတယ်။

ဒီကိုယ်စားလှယ်အဖွဲ့ဟာ မေလ ၂၅ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG