သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းအန္တရာယ်ကြောင့် ရခိုင်ပြည်နယ်မှာ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျးရွာကို ရောက်ရှိနေကြတဲ့ မုန်တိုင်းရှောင်သူ ဒေသခံများ (ဓာတ်ပုံ Citizen Journalist)
ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျးရွာကို ရောက်ရှိနေကြတဲ့ မုန်တိုင်းရှောင်သူ ဒေသခံများ (ဓာတ်ပုံ Citizen Journalist)

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းအန္တရာယ်ကိုစိုးရိမ်တာကြောင့် ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသက ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပါတယ်။ အာဏာပိုင်တွေကလည်း ရေကြောင်းခရီးသွားလာမှုတွေကို တားမြစ်လိုက်ပြီး၊ အရေးပေါ် အခြေအနေအတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုစံကျော် ပြောပြပေးပါမယ်။

ဘင်္ဂလားပင်လယ်အော်အတွင်းမှာရှိတဲ့ ပေါက်တောမြို့နယ် ငပြီကျွန်းဒေသ ကျေးရွာတချို့ ကဒေသခံတွေ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပေါက်တောမြို့နယ် ကြိမ်ခွေမော်ကျေးရွာကို တိမ်းရှောင်လာကြတယ်လို့ ကြိမ်ခွေမော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းကပြောပါတယ်။

“ မနေ့ကတော့ ၃၀၀ကျော်လောက်ရောက်လာပါတယ်။ ဒီနေ့လည်း ရာနီးပါးရောက်နေတယ်၊ သူတို့က ငပီကျွန်းကျေးရွာအုပ်စု သရက်တောရယ် အလယ်ရွာ ရွာမ ဆိုပြီးတော့ ကျေးရွာသုံး ရွာက လာကြတာဖြစ်တယ်။သူတို့နေတဲ့ ရွာတွေက ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းပါ အဲတာ ကြောင့် ကြိုတင်ရှောင်လာကြတာပါ။”

ပေါက်တောမြို့နယ် ငပြီကျွန်းဒေသ သရက်တောကျေးရွာကနေ မုန်တိုင်းရှောင်လာသူတဦးက တော့ သူတို့နေထိုင်တဲ့ကျေးရွာဟာ ဘင်္ဂလားပင်လယ်အော်အတွင်း ရေပတ်လည်းဝန်းရံ ထားတဲ့ ကျွန်းဖြစ်တာကြောင့် မုန်တိုင်းမလာခင် ကြိုတင်ရှောင်လာ တာဖြစ်တယ်လို့ ပြောပါတယ်။

“ ကျနော်တို့ရှောင်လာရတာက မေလ ၉ရက်နေ့ ပေါက်တောနယ် ကြိမ်ခမော်ကျေးရွာကို ရှောင်လာရတာပါ။ ကျနော်တို့ ပြေးလာရတဲ့ အကြောင်းကတော့ မိုးဇလက ကြေငြာထားတဲ့ အတိုင်း ကျနော်တို့ နေတာက မြေနိမ့်နေရာ ရေလွမ်းနိုင်တဲ့အတွက် ကျနော်တို့ ကြိုတင်ရှောင်လာရတာဖြစ်တယ်။အခုက သက်ကြီးရွယ်အို ကလေးသူငယ် မသန်စွမ်းတွေ လည်းပါတယ်ဗျာ။”

ဒါ့အပြင် ရခိုင်ပြည်နယ် မြေပုံမြို့နယ်မှာလည်း ပင်လယ်နဲ့ နီးတဲ့ကျေးရွာတချို့က ဒေသခံတွေဟာလည်း မုန်တိုင်းအန္တာရာယ် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြတာလည်းဖြစ်ပါတယ်။

ရခိုင်ပြည်နယ် စစ်တွေကနေ ကျောက်ဖြူ တောင်ကုတ် မာန်အောင် နဲ့ရမ်းဗြဲ မြို့နယ်တွေကို ပြေးဆွဲနေတဲ့ အမြန်ရေယာဉ်လိုင်းတွေကိုလည်း မုန်းတိုင်းနဲ့ ပတ်သတ်ပြီး ခရီးသည်တွေ စိုးရိမ်နေကြတာကြောင့် ဒီကနေ့စပြီးပိတ်လိုက်တယ်လို့ ရွှေပြည်တန်အမြန်ယာဉ်မန်နေဂျာ ဦးစံမော်သိန်းကပြောပါတယ်။

“ ပိတ်ထားတာကတော့ တောင်ကုတ် ကျောက်နီမော် ရမ်းဗြဲ၊ ကျောက်ဖြူ ခရီးစဉ်တွေကိုတော့ တောင်ကုတ် မာန်အောင် တောင်ကုတ် ခရီးစဉ်တွေကို ပိတ်ထားပါပြီ။ ဒီနေ့ကနေစပိတ်တာပါ။ မုန်တိုင်းက နည်းနည်းကြီးတဲ့ အခါကျတော့ စိုးရိမ်စိတ်များပြီး မုန်တိုင်းက အခုလာတော့မလို ထင်ပြီး လူတွေက မသွားကြတော့ဘူး။”

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာဖြစ်နေတဲ့ မုန်တိုင်းဟာ လာမယ့်ရက်ပိုင်း တွေအတွင်း ် ရခိုင်ပြည်ကမြို့နယ်တချို့ကို ဝင်လာနိုင်တာကြောင့် ပြည်သူတွေအန္တာရယ်မဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ထား တယ်လို့လည်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။

“ ကျနော်တို့မှာ အပိုင်းလေးပိုင်းနဲ့ သွားတာပေါ့နော် သာမာန်အချိန် အရေးပေါ်အချိန် အရေး ကြီးချိန် ပြန်လည်ထူထောင်ရေးအချိန်၊ဆိုပြီးသွားတာ ကျနော်တို့အဖွဲ့တွေကတော့ လေ့ကျင့် တာ ဘာညာ ပြီးသွားပြီ။ ပြည်သူလူထုကိုလည်း ပစ္စည်းတွေစုဖို့ သတိပေး ဆော်သြ ပြီးပြီ ရွေ့ပြောင်းပေးပြီ ဘေးလွတ်ရာကို ဌာနပေါင်းစုံအကုန်လုံးပေါ့နော် ကျနော်တို့ တဖွဲ့တည်း လုပ်လို့မရပါဘူး၊ အဲတာတွေက အခုစပြီးလုပ်နေပါပြီ။ ပြည်နယ်သဘာဝဘေး စီမံခန့်ခွဲရေး အဖွဲ့ကလည်း မုန်တိုင်းသတင်းရတာနဲ့ အကုန်လုံးအစည်းအဝေးလုပ်ပြီးတော့ ပြည်သူတွေ ဘေးလွတ်ရာ ရွှေ့ဖို့နဲ့ စားနပ်ရိက္ခာကအစ အဆင်သင့်တော့ အကုန်လုပ်ထားပြီးပါပြီ။”

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်ဟာ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေရှ့်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တာကြောင့် လိမ္မော်ရောင်အဆင့်သတ်မှတ်ထားတယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ညနေပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါအပြင့် အဲဒီအားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဒီကနေ့ညနေပိုင်းကနေ ၃ရက်အတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ပြောင်းလဲလာနိုင်သလို မေလ ၁၄ရက်နေ့မှာတော့ အနည်းငယ်အားပျော့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေကို တိုက်ခတ်နိုင်ပြီးဘင်္ဂလားဒေရှ့်နိုင်ငံ ကော့ဘဇားမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့ကြားဖြတ်ကျော်ဝင်ရောင်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ညနေပိုင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG