သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး အယူခံ တရားလွှတ်တော်ချုပ် အမိန့်ချဖို့သဘောတူ


ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူ့အခွင့်ရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လို့ သတင်းယူခဲ့တဲ့ နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ ထောင်ဒဏ် ၇ နှစ် စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အယူခံကို နိုင်ငံရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ နေပြည်တော် တရားလွှတ်တော်ချုပ်မှာ ၂ ဖက်ရှေ့နေတွေက အင်္ဂါနေ့မှာ လျှောက်လဲချက်တွေ တင်ပြခဲ့ကြပါတယ်။

ဒီလို အယူခံဝင်ဖို့ ဖေဖော်ဝါရီ ၁ ရက်နေ့က တင်ခဲ့တာဖြစ်ပြီး ၂ ဖက်ရှေ့နေ့ လျှောက်လဲအပြီးမှာ အယူခံနဲ့ ပတ်သက်ပြီး အမိန့်ချမှတ်ဖို့ တရားသူကြီး ဦးစိုးနိုင်က သဘောတူခဲ့ပေမယ့် ဘယ်နေ့ အမိန့်ချမှတ်မယ် ဆိုတာကိုတော့ သတ်မှတ်ခြင်း မရှိသေးပါဘူး။ သူတို့ရဲ့ ရှေ့နေဖြစ်တဲ့ ဦးခင်မောင်ဇော်က သူတို့ ၂ ဦး လွတ်မြောက်ရေးအတွက် အတတ်နိုင်ဆုံး ဆောင်ရွက်သွားမယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

“ဥပဒေနဲ့အညီ နောက်တခါ လူ့လွတ်လပ်ခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တို့ရဲ့အမြင်အရဆိုရင်တော့ တော်တော်ကြီးမျှော်လင့်တယ်။ ဒါပေမယ့် ဖြစ်မယ်မဖြစ်ဘူး ဆိုတာကတော့ အရင်တုန်းကလည်း ကျနော်တို့ အဆုံးအထိ မျှော်လင့်တာပဲ အောက်ရုံးကတည်းက ၊ ဒါပေမယ့် မျှော်လင့်သလိုဖြစ်မလာတော့ အဆိုးဆုံးအတွက်လည်းပြင်ဆင်မှာပေ့ါဗျာ ဒါပါပဲ။”

အခုလို အယူခံဝင်မှုနဲ့ ပတ်သက်ပြီး ကြားနာမှု မတိုင်ခင် ရိုက်တာသတင်း အယ်ဒီတာချုပ် Steve Adler က ထုတ်ပြန်တဲ့ ကြေညာချက် မှာတော့ တရားလွှတ်တော်ချုပ် အနေနဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ လွန်ခဲ့တဲ့ ၁၅ လ ကြာကာလအတွင်း ဥပဒေကျင့်ထုံးနဲ့ မကိုက်ညီပဲ ပြစ်ဒဏ်ချထားတာ ခံနေရတဲ့အတွက် ဒါကိုပြုပြင်နိုင်ဖို့ အခုအချိန်ဟာ အကောင်းဆုံး အခွင့်အလန်း ဖြစ်တဲ့အပြင် ဒီဖြောင့်မတ်ပြီး အားကျဖွယ် သတင်းထောက် ၂ ဦးတို့ဟာ ပြစ်မှုတစုံတရာ ကျူးလွန်မှု မရှိတဲ့ အတွက် အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်လို့ ဖေါ်ပြထားပါတယ်။

ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတာ ဖြစ်ပြီး အင်္ဂါနေ့က တရားလွှတ်တော်ချုပ်မှာ အယူခံဝင်မှု ကိုတော့ သူတို့ရဲ့ ဇနီးတွေနဲ့ သမီးငယ်တွေပါ လာရောက်ခဲ့ကြပါတယ်။

၉ လကြာ စစ်ဆေးခဲ့တဲ့ သူတို့ရဲ့ အမှုကို ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလမှာ ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့တာ ဖြစ်ပြီး ရန်ကုန်တိုင်းတရားလွှတ်တော်မှာ အယူခံဝင်ခဲ့ပေမယ့် ပယ်ချ လိုက်တဲ့အတွက် အခု နေပြည်တော် တရားလွှတ်တော်ချုပ်မှာ နောက်တဆင့် အယူခံဝင်ကြတာဖြစ်ပါတယ်။

အခု အယူခံဟာ ရိုက်တာသတင်းထောက် နှစ်ယောက် ပြန်လည် လွှတ်မြောက်လာဖို့ တရားဥပဒေအရ ဆောင်ရွက်နိုင်တဲ့ နောက်ဆုံးအဆင့် လုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။

သတင်းထောက် ကိုကျော်စိုးဦးနဲ့ ကိုဝလုံးတို့ဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်လို့ သတင်းရယူဖို့ ကြိုးစားရင်း ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG