ရိုက်တာသတင်းထောက်တွေကို တရားစွဲဆို ထောင်ချလိုက်တဲ့ အမှုနဲ့ဆက်စပ်လို့ ရဲစည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး ထောင် ၁ နှစ်ကျနေတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ သူမျှော်လင့်ထားတဲ့အတိုင်း ဒီနေ့မှာ အကျဉ်းထောင်ကနေ ပြန်လွတ်မလာပါဘူး။ ထောင်အာဏာပိုင်တွေဘက်က သူလွတ်မယ့်ရက်ကို မှားယွင်း တွက်ချက် မိလိုက်တာကြောင့် လို့ ပြောတဲ့အကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက် အမှုမှာ တရားလိုပြ သက်သေအဖြစ် ထွက်ဆိုခဲ့တဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ရဲစည်းကမ်း ဖောက်ဖျက်တယ်ဆိုပြီး ထောင်ဒဏ် ၁ နှစ် ချမှတ်ခံထားရတာကနေ ဒီကနေ့မှာ လွတ်မြောက်မယ်လို့ သူကိုယ်တိုင်ပြောထားတာကြောင့် မိသားစုဝင်တွေက အင်းစိန်ထောင်ရှေ့မှာ သွားရောက် စောင့်ဆိုင်းခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ တပတ်က မိသားစုဝင်တွေ ထောင်ဝင်စာသွားရောက် တွေ့ဆုံချိန်မှာ ဒုရဲမှူးဟောင်း မိုးရန်နိုင်က သူ ၂ ရက်နေ့ လွတ်မယ်လို့ ထောင်အာဏာပိုင်တွေက ပြောထားတဲ့အကြောင်း ဇနီးဖြစ်သူကို ပြောဆိုလိုက်တဲ့အတွက် မိသားစုဝင်တွေ သွား စောင့်ကြတာပါ။ ဒါပေမဲ့လည်း လွတ်မယ့်ရက်ကို မှားယွင်း တွက်ချက်မိတာကြောင့် ဒီကနေ့ မလွတ်သေးဘူးလို့ ထောင်အာဏာပိုင်တွေက မိသားစုဝင်တွေကို အသိပေးတဲ့အကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်ရဲ့ ညီဖြစ်သူ ကိုရဲဝင့်နိုင်က ဗွီအိုအေကို ပြောပါတယ်။
"၂ ရက်နေ့မှာ လွတ်မယ်ဆိုတာ သူပြောတယ်ဗျ။ အကို ၂ ရက်နေ့က ဘယ်လိုလုပ် သိတာတုန်းလို့ ကျွန်တော်တို့ကမေးတော့ အပြင်ကမိသားစုကို လာကြိုဖို့ ဘာညာအကြောင်းကြားချင်လို့ သူ့ရဲ့ လွတ်မယ့် ရက်ကို အတိအကျ ပြောပေးပါဆိုတော့ ထောင်ပိုင်ကြီးကိုယ်တိုင်ပြောတယ်ပေါ့။ ၂ ရက်နေ့မှာ လွတ်မယ် ကိုမိုးရန်နိုင်ဆိုတော့ အဲ့ဒါနဲ့ ကျွန်တော်တို့ကိုပြောတာ။ အဲ့ဒါကြောင့် ကျွန်တော်တို့က ဒီ ၂ ရက်နေ့မှာ သွားကြိုတာပေါ့နော်။ မနက်ရောက်တော့ အတွင်းက ကျွန်တော်တို့ကို တခါတည်းစောင့်တာပါ။ ကျွန်တော်တို့ကို သုံးဘီးလေးနဲ့ ခေါ်သွားပြီးတော့ ထောင်ပိုင်ကြီးရုံးခန်းကို ခေါ်သွားပြီးတော့ ဧည့်ခံတယ်။ ဧည့်ခံပြီးတော့ ခဏနေကျတော့ ဦးစီးအရာရှိအဆင့်ရှိတဲ့ ထောင်မှူးတယောက်နဲ့ ကျွန်တော့်အကို ရောက်လာတယ်။ ရောက်လာပြီးတော့ သူတို့ တွက်ချက်မှားတဲ့အတွက် ရက်လွဲသွားတာပေါ့နော်။ သူတို့ဘက်က တောင်းပန်တယ်ဆိုတဲ့အကြောင်း နောက် ဒုဦးစီးအဆင့်ရှိတဲ့ ထောင်မှူးတယောက်လည်း ရှိတယ်။ သူက ထောင်ပိုင်ကို သတင်းပို့တာပေါ့နော်။ ကိုမိုးရန်နိုင် ဇန်န၀ါရီ ၂ရက်နေ့ လွတ်မယ်ဆိုတာ သူတို့ တွက်ချက်တာ မှားတယ်ဆိုတာ မှားလို့ပါဆိုတဲ့ အကြောင်းကို ကျွန်တော်တို့ကိုလည်း တောင်းပန်တဲ့အကြောင်း စိတ်မကောင်းဘူးပေါ့နော်။ အဲ့လိုလည်းပြောတယ်။"
တကယ်လွတ်မယ့်ရက်က ဖေဖော်ဝါရီလထဲမှာ ဖြစ်မယ်လို့လည်း ထောင်အာဏပိုင်တွေက ပြောပေမယ့် ရက်အတိအကျကိုတော့ မပြောပါဘူး။
ဒုရဲမှူးဟောင်းမိုးရန်နိုင်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံလိုက်ရတာဖြစ်ပြီး ချုပ်ရက်နဲ့ လျှော့ရက် ခံစားခွင့် မရရှိဘူးလို့လည်း ပြောပါတယ်။
အခုလို ရက်တွက်မှားယွင်းတဲ့အပေါ် ဒုရဲမှူးဟောင်း မိုးရန်နိုင်အနေနဲ့ စိတ်မကောင်းဖြစ်နေတယ်လို့ ကိုရဲဝင့်နိုင်က ပြောပါတယ်။
"ဘယ်လိုပြောမလည်း သူလည်းလွတ်မယ်လို့ တရားဝင် ထောင်ရဲ့အကြီးဆုံးအရာရှိ ထောင်ပိုင်ကိုယ်တိုင် ပြောတဲ့ကိစ္စအခုမှ ပြောင်းလဲသွားတယ်။ မှားယွင်းသွားတယ်ဆိုတဲ့ အချက်ကျတော့ မှားယွင်းမှုကို သူလည်း နည်းနည်း စိတ်ထဲမှာတော့ နည်းနည်းတော့ ခံစားရတာပေါ့။ အဲ့သဘောလေးတော့ ရှိတာပေါ့။ ဘာလို့လည်း ဆိုတော့ ဒါက မမှားသင့်တဲ့အနေအထားတွေလို့ မြင်တာပေါ့နော်။ စိတ်ဒဏ်ရာပေါ့ ။ စိတ်လေးတော့ နည်းနည်း ဒဏ်ရာဖြစ်တာပေါ့။ သို့လော သို့လောလေးပေါ့။ အဲ့လိုလေးတော့ သူလည်း နည်းနည်းတော့ ရှိမှာပါ။"
ဒုရဲမှူးဟောင်း မိုးရန်နိုင်ဟာ ခွင့်ပြုချက်မရှိဘဲ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တွေ့ဆုံ မေးမြန်းခွင့်ပြုတယ်ဆိုပြီး ပုဒ်မ ၁၆ (ခ) ၂၂ နဲ့ ပြီးခဲ့တဲ့နှစ် ဧပြီလထဲမှာ ထောင်ဒဏ် ၁ နှစ်ချမှတ်ခံထားရတာပါ။
သူ့ကို ဒီဇင်ဘာလ ၂၂ ရက်မှာ Pen Myanmar က လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ထူးချွန်စွာ ကာကွယ်ကျင့်သုံးသူဆု ပေးအပ်ခဲ့ပြီး ဟံသာဝတီ ဦးဝင်းတင် ဖောင်ဒေးရှင်းကလည်း နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားပါတယ်။
ရိုက်တာသတင်းထောက်တွေကို ရဲမှူးချုပ် တင်ကိုကိုက ထောင်ချောက်ဆင် ဖမ်းဆီးခဲ့တာလို့ တရားခွင်မှာ ထွက်ဆိုပြီးတဲ့နောက် သူ ထောင်ဒဏ်ချမှတ်ခံရတာဖြစ်ပြီး ထိန်းသိမ်းထားတဲ့ ၃ လကျော်အတွင်း မိသားစုနဲ့လည်း တွေ့ဆုံခွင့်မရရှိခဲ့ပါဘူး။
အခုလိုထွက်ဆိုခဲ့တဲ့အတွက် တရားလိုတွေဘက်က ဒုရဲမှူးဟောင်း မိုးရန်နိုင်ကို မယုံကြည်ထိုက်တဲ့ သက်သေအဖြစ် သတ်မှတ်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့ပါတယ်။
နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့ ခရိုင်တရားရုံးက ချမှတ်ထားတဲ့ အမိန့်ကို တိုင်းတရားရုံးမှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၄ ရက်နေ့ အယူခံဝင်ထားပြီး အဲဒီအယူခံအမှုကို ဒီလအတွင်း အမိန့်ချမှတ်ဖွယ်ရှိတယ်လို့ သူတို့ရဲ့ ရှေ့နေဖြစ်သူက ပြောထားပါတယ်။