သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာအမှုစီရင်ချက် US, EU သံအမတ်တွေ စိတ်ပျက်


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ရိုက်တာ သတင်းထောက်၂ ဦးအမှု အတွက် တရားရုံးရောက်လာစဉ်
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel ရိုက်တာ သတင်းထောက်၂ ဦးအမှု အတွက် တရားရုံးရောက်လာစဉ်

ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အပေါ် ထောင်ဒဏ် ၇ နှစ် တရားရုံးအမိန့် ချမှတ်ခဲ့တဲ့ စီရင်ချက်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ နိုင်ငံတကာက တုန့်ပြန်လာကြပါတယ်။ ရိုက်တာသတင်းထောက်နှစ်ဦးကို ဒီကနေ့ ရုံးထုတ်တဲ့အချိန်မှာပဲ ရန်ကုန်မှာရှိတဲ့ နိုင်ငံခြားသံရုံးက သံအမတ်တွေနဲ့ အခြားနိုင်ငံတကာလေ့လာသူတွေက တရားခွင်ကို စောင့်ကြည့်ခဲ့ကြတာပါ။ တရားရုံးစီရင်ချက်ချမှတ်အပြီးမှာတော့ ဒီ စီရင်ချက်အပေါ် အင်မတန် စိတ်ပျက်စရာကောင်းတယ်လို့ ဗြိတိန်သံအမတ်ကြီး Dan Chugg က ပြောပါတယ်။

“ယူကေအစိုးရနဲ့ အီးယူအဖွဲ့ဝင် နိုင်ငံတွေကို ကိုယ်စားပြုပြီး ပြောချင်တာကတော့ အခု ချမှတ်လိုက်တဲ့ စီရင်ချက်က အလွန်အမင်း စိတ်ပျက်စရာ ကောင်းပါတယ်။ ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ တရားဥပဒေ စိုးမိုးရေးကို မျှော်လင့်ချက် အများကြီး ပျက်ပြားစေပါတယ်။ ဘယ်ဒီမိုကရေစီနိုင်ငံမှာမဆို သတင်းထောက်တွေဟာ ကြောက်ရွံ့မှုကင်းကင်းနဲ့ သူတို့အလုပ်ကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ရှိရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီစီရင်ချက်ဟာ တရားဥပဒေ စိုးမိုးရေးအတွက်လည်း တုန်လုပ်စရာပါပဲ။ ကျွန်တော်တို့အနေနဲ့ အမှုစစ်ဆေးစဉ် တစ်လျှောက် တက်ရောက် ကြားနာခဲ့ပါတယ်။ တရားသူကြီးဟာ သူ့ကိုတင်ပြတဲ့ အထောက်အထားတွေပေါ်မှာလည်း လစ်လျူရှုခဲ့သလို မြန်မာနိုင်ငံရဲ့ ဥပဒေတွေကိုလည်း ဆန့်ကျင် စီရင်ချက် ချခဲ့တယ်လို့ ယုံကြည်ပါတယ်။ ဒီနေ့ကတော့ မြန်မာနိုင်ငံအတွက် ဝမ်းနည်းဖွယ်ရာ နေ့တစ်နေ့ပါပဲ။ သတင်းထောက်တွေကို ချက်ချင်းလွှတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။”

ရန်ကုန် အမေရိကန်သံရုံးကလည်း ဒီအမှုစီရင်ချက်နဲ့ပတ်သက်လို့ ကြေညာချက်ထုတ်ပြန်ရာမှာ အခု ပြစ်ဒဏ်ချမှတ်လိုက်တာဟာ မြန်မာ့စာနယ်ဇင်းလွတ်လပ်ခွင့်နဲ့ ဒီမိုကရေဏီအသွင်ကူးပြောင်းရေး အားပေးထောက်ခံနေသူအားလုံးအတွက် အလွန်အမင်း စိတ်သောကရောက်စရာ ဖြစ်ရတယ်လို့ ဖော်ပြပါတယ်။ ဒီ စီရင်မှုဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလွန်အမင်းစိုးရိမ်ဖွယ်ဖြစ်သလို၊ ဒီမိုကရေစီရေးဆောင်ရွက်နေတဲ့ မြန်မာအစိုးရခြေလှမ်းတွေကို နှောင့်နှေးကြန့်ကြာစေတဲ့ အခြေနေဖြစ်မယ်လို့ သတိပေးပါတယ်။ သြစတေးသျှသံအမတ်ကြီး Nicholas Coppel ဟာလည်း ဒီကနေ့ ရိုက်တာအမှုတရားခွင်ကြားနာမှုကို ရောက်လာခဲ့သလို၊ တရားရုံးဆုံးဖြတ်ချက်အပေါ် စိတ်ပျက်ရတယ်လို့ ဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီရေးဟာ ပြီးပြည့်စုံမှုရှိမနေသေးပဲ ခိုင်မာတဲ့ တရားစီရင်ရေးစနစ် ပိုပြီးကောင်းမွန်တဲ့ မီဒီယာလွတ်လပ်ခွင့်လိုအပ်နေတယ်လို့လည်း သြစတေးသျှသံရုံးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သတင်းထောက်နှစ်ဦးကို ခြွင်းချက်မရှိ ချက်ခြင်းပြန်လွှတ်ပေးဖို့ အီးယူ ဥရောပသမဂ္ဂက တောင်းဆိုလိုက်သလိုပဲ၊ ဗြိတိသျှဝန်ကြီးချုပ် ပြောခွင့်ရသူကလည်း ဒီ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိပါးတာဖြစ်လို့ ဒီအပေါ် စိတ်ပျက်မိတယ်လို့ ပြောဆိုခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG