သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦး ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ချခံရ


နိုင်ငံတော် လျို့ဝှက်ချက် အက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ရိုက်တာ သတင်းထောက်နှစ်ယောက်မှာ အပြစ်ရှိတယ်ဆိုပြီး ရန်ကုန် မြောက်ပိုင်းခရိုင်တရားရုံးက ဒီနေ့ ထောင်ဒဏ် ၇နှစ်ဆီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ နိုင်ငံတကာ သံတမန်တွေကတော့ ဒီလို ပြစ်ဒဏ်ချလိုက်တာဟာ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ဟန့်တားတဲ့ လုပ်ရပ်ဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ထိခိုက်စေတဲ့ လုပ်ရပ်လို့ ပြောဆိုဝေဖန်ပါတယ်။ တရားရုံးကို ကိုယ်တိုင်သွားသတင်းယူခဲ့တဲ့ VOA သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့တရားရုံးကနေ ရိုက်တာသတင်းထောက်တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကိုအစိုးရလျှို့ဝှက်ချက် များဥပဒေပုဒ်မ၃( ၁)( ဂ)နဲ့ထောင်ဒဏ်၇နှစ်ချမှတ်ခဲ့ တာပါ။

သတင်းထောက်နှစ်ယောက်ကိုအပြစ်ရှိတယ်ဆိုပြီး ထောင်ဒဏ် ရနှစ်ဆီ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel က တရားရုံးတော်က ထွက်ထွက်ချင်း အခုလို ပြောဆိုပါတယ်။

"ကိုဝလုံးနဲ့ ကိုကျော်စိုးဦးအတွက် ကျနော် အထူးပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ သူတို့ မိသားစုအတွက်ရောပါ။ ဒီနေရာမှာ သတင်းလွတ်လပ်ခွင့် ပိုရလာဖို့၊ ပင်ပင်ပန်းပန်း လုပ်ဆောင်ကြတဲ့ လူတွေအတွက်လည်း စိတ်မကောင်ဖြစ်မိပါတယ်။ မေးဖို့လိုတဲ့ မေးခွန်းတခုကတော့ ဒီ ဖြစ်စဉ်ကြီးကြောင့် တရားရေးစနစ်အပေါ် မြန်မာပြည်သူတွေရဲ့ ယုံကြည်မှု ပိုတိုးလာမလား၊ လျော့သွားမလာဆိုတာပါ။ မြန်မာပြည်သူတွေက ဒါကို အကဲဖြတ်ရမှာပါ။"

ရိုက်တာသတင်းဌာနရဲ့ အာရှရေးရာ အယ်ဒီတာ Kevin Krolicki ကလည်း စီရင်ချက်ချပြီးပြီး ချင်း ဒီအချိန်ဟာ အမှောင်ဖုံးတဲ့၊ အမှန်တရားကွယ်တဲ့ အချိန်ဆိုပြီး ကြေညာချက် ထုတ်ပြန်ပါတယ်။ တရားရုံးရဲ့ စီရင်ချက် ဟာ၊ ဘက်မလိုက်ဘူး၊ မျှတတဲ့ စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီတယ်လို့ သက်သေပြနိုင်တဲ့ စရင်ချက်မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

"ရိုက်တာ သတင်းဌာအတွက်တော့ စိတ်ပျက်ရတဲ့အချိန်၊ ကြေကွဲ စိတ်မကောင်းဖြစ်ရတဲ့အချိန် ပါ။ သားသမီးတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံခွင့် မရတော့တဲ့အတွက်၊ သူတို့ မိတ်ဆွေတွေ၊ လုပ်ဖေါ်ကိုက်ဘက်တွေနဲ့ မိသားစုတွေအတွက် အထူး စိတ်မကောင်းဖြစ်ရတဲ့ အချိန်ပါ။ ဒီနေ့ဖြစ်ရပ်က တရားဥပဒေ စိုးမိုးရေးကို မထီမဲ့မြင် လုပ်တဲ့ လုပ်ရပ်ဖြစ်သလို၊ ဒီမိုကရေစီအေတွက် မရှိမဖြစ်လိုအပ်တဲ့ သတင်းလွတ်လပ်ခွင့်ကိုလည်း ထိပါးလိုက်တဲ့ လုပ်ရပါ။"

သတင်းထောက်တွေရဲ့ ရှေ့နေတွေဖြစ်တဲ့ ကိုသန်းဇော်အောင်ကတော့ ရိုက်တာသတင်းထောက်နှစ်ယောက် လွတ်မြောက်ဖို့အတွက် ရတဲ့နည်းလမ်းတွေနဲ့ ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

"ဒီကနေ့စီရင်ချက်နဲ့ပတ်သတ်ပြီးတော့ အင်မတန်မှစိတ်ပျက်မိပါတယ်။ ဒီမိုကရေစီကိုသွားနေတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ လွတ်လပ်စွာထုတ်ဖော်မှု တရားဥပဒေစိုးမိုး ရေးတို့ ဆိုးရွားနေတယ်ဆိုတာ ပြသလိုက်တာပါဘဲ။ သတင်းထောက် ၂ယောက်လွတ်ဖို့ လုပ်နိုင်တဲ့ ဟာ အားလုံးကိုလုပ်သွားမှာပါ"

ဖမ်းဆီးခံရိုက်တာသတင်းထောက် တွေဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကတော့သူတို့ အတွက် တရားစီရင်ချက်ဟာ တရားမ ျှတမှုမရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

"ဒါဟာတရားမ ျှတမှုရှိသလား၊ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ သတင်းလွတ်လပ်ခွင့်ကို ပြောင်ပြောင် တင်းတင်းချိုးဖောက်ခံရတာ၊ ခြိမ်းခြောက်ခံရတာလို့ ကျနော်ပြောချင်တယ်။ ဒီအနေအထားအပေါ်ကို အတည်ငြိမ်ဆုံးနဲ့ အကောင်းဆုံးရင်ဆိုင်သွားပါမယ်။"

"ပြည်သူတွေရဲ့ နားမျက်စိကို မပိတ်လိုက်ပါနဲ့တော့ လို့တောင်းဆိုချင်ပါတယ်"

ဒီနေ့တရားရုံးကို သတင်းလွတ်လပ်ခွင့် အခွင့်အရေး လှုပ်ရှားသူတွေအပြင် နိုင်ငံခြားသံတမန်တွေလည်း တက်ရောက်လာပါတယ်။

မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီက ကိုမြင့်ကျော်ကတော့ နိုင်ငံတော်လျို့ဝှက်ချက် အက်ဥပဒေဟာ သတင်းလွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ အဓိက အဟန့်အတားဖြစ်လာနေပြီလို့ ဆိုပါတယ်။

"ဒီဆုံးဖြတ်ချက်ကတော့ ကျနော်တို့အမြင်မှာတော့ တရားစီရင်ရေး ဟာလည်း မလွတ်လပ်ဘူး။ နောက်တခုကတော့ သတင်းမီဒီယာလွတ်လပ်ခွင့်အနေနဲ့ဆိုရင် ၁၉၂၃ ခုနှစ်ထဲက ပြဌာန်းထားတဲ့ တည်ဆဲဥပဒေ နိုင်ငံတော်လျို့ဝှက်အက်ဥပဒေကတကယ့်ကို ကြီးမားတဲ့ အတားအ ဆီးကြီးဖြစ်နေတယ်ဆိုတာထင်ရှားတယ်။"

၉ လကြာစစ်ဆေးခဲ့တဲ့ အမှုနဲ့ ပတ်သက်လို့ ဒီနေ့ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက အပြီးသတ် စီရင်ချက် ချမှတ်လိုက်တာပါ။ လူ့အခွင့်အရေး အဖွဲ့တွေကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်လိ့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတာတွေကို အာဏာပိုင်တွေဘက်က နှုတ်ပိတ်ဖို့ကြိုးစားတာဖြစ်သလို၊ တခြား သတင်းထောက်တွေ ကိုလည်း အလားတူ သတင်းတွေ ရယူတာမျိုး မလုပ်ဖို့ ခြိးခြောက်လိုက်တာ ဆိုပြီး ဝေဖန်ပြောဆိုနေပါတယ်။ ဒီ လို ဖမ်းဆီးတာဟာ မြန်မာပြည် ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်စေတဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

အခုလို ထောင်ချခံရတဲ့ သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။ ဒီ တရားစီရင်မှုဟာ နိုင်ငံတကာစံနှုန်းစံထားတွေနဲ့ မကိုက်တဲ့အပြင်၊ ဒီ စီရင်ချက်ကိုကြည့်မယ်ဆိုရင် မြန်မာသတင်းသမားတွေ အန္တရာယ်ရှိနေတယ်ဆိုတဲ့ စိုးရိမ်စရာဖြစ်စေတယ်လို့လည်း သူ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ သတင်းထောက်နှစ်ဦးအပေါ် အခုလို ပြစ်ဒဏ်ချလိုက်တာနဲ့ပတ်သက်လို့ ရန်ကုန်မှာရှိတဲ့ အမေရိကန်၊ အီးယူ၊ ဆွီဒင်၊ သြစတေးသျှ စတဲ့ အနောက်နိုင်ငံသံရုံး သံအမတ်တွေကလည်း သူတို့ရဲ့ စိုးရိမ်ချက်တွေကို ထုတ်ပြောခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
ရိုက်တာသတင်းထောက်တွေကို ထောင်ဒဏ် ၇ နှစ်စီချ
please wait

No media source currently available

0:00 0:04:26 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG