သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက်နှစ်ဦးလွှတ်ပေးဖို့ ကန်ဒုသမ္မတ တိုက်တွန်း


အမေရိကန် ဒုသမ္မတ Mike Pence (သြဂုတ် ၉၊၂၀၁၈)
အမေရိကန် ဒုသမ္မတ Mike Pence (သြဂုတ် ၉၊၂၀၁၈)

Reuters သတင်းဌာနက မြန်မာသတင်းသမား ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ အပြစ်ပေးလိုက်တဲ့ တရားရုံး စီရင်ချက်ကို ပြန်လည် ပြင်ဆင်ပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန် ဒုသမ္မတ Mike Pence က တိုက်တွန်းလိုက်ပါတယ်။

သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ဟာ ထောင်ဒဏ် အပြစ်ပေးရမယ့်သူတွေ မဟုတ်ဘဲ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့သူတွေအဖြစ် ဂုဏ်ပြုထိုက်သူတွေဖြစ်ကြောင်း အမေရိကန်ဒုသမ္မတက မနေ့တုန်းကပဲ Twitter လူမှုကွန်ယက်ကနေ တောင်းဆိုလိုက်တာပါ။

ဘာသာရေးနဲ့ သတင်းလွတ်လပ်ခွင့်တွေဟာ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်မှာ မရှိမဖြစ် လိုအပ်ကြောင်း ပြောဆိုခဲ့သလို၊ သတင်းထောက် ၂ ယောက်ကို ထောင်ဒဏ်အပြစ်ပေးလိုက်တဲ့အတွက် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေ ချိုးဖောက်မှုနဲ့ အပြစ်ရှိတယ်ဆိုပြီး ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက သတင်းထောက် ၂ ယောက်ကို တနင်္လာနေ့က ထောင်ဒဏ်စီရင်လိုက်တဲ့အပေါ် ပြစ်တင်ဝေဖန်နေတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေထဲမှာ ဒုသမ္မတ Pence ဟာ အဆင့်အမြင့်ဆုံး ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်။ Reuters သတင်းထောက်တွေ ထောင်ဒဏ်အပြစ်ပေး ခံခဲ့ရတဲ့အပေါ် အမေရိကန် တာဝန်ရှိသူတွေရဲ့ ဝေဖန်သံတွေ ဆက်လက် ထွက်ပေါ်နေရာမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကလည်း သတင်းထောက် ၂ ယောက်ဟာ အမှန်တရားကို ဖော်ထုတ်တဲ့အတွက် ထောင်ချခံခဲ့ရတာဖြစ်ကြောင်း မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။

အမေရိကန် ပြည်ထောင်စု နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ USAID အကြီးအကဲ Mark Green ကလည်း သတင်းသမားတွေကို ထောင်ဒဏ်အပြစ်ပေးလိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ တရားဥပဒေ စိုးမိုးရေးမှာ နောက်ပြန်ဆုတ်တဲ့ ခြေလှမ်းတရပ်အဖြစ် ပြောဆိုခဲ့ပါတယ်။ ပြောဆိုခဲ့တာပါ။ Reuters သတင်းထောက်တွေကို ထောင်ဒဏ်အ ပြစ်ပေးလိုက်တဲ့အတွက် သတင်းလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တွေ သာမက ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်းစိုးရိမ်မကင်းတဲ့ သဘောထားတွေကို ပြောဆိုခဲ့ကြရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ကလည်း တရားရုံး ဆုံးဖြတ်ချက်အပေါ် စိုးရိမ်ကြောင်းနဲ့ ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG