သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချောင်းဦးမှာ နယ်မြေသိမ်း စစ်ဆင်၊ ကနီမှာ လေကြောင်းတိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း အဝင်ဆိုင်းဘုတ်။ (ဓာတ်ပုံ - Courtesy)
စစ်ကိုင်းတိုင်း အဝင်ဆိုင်းဘုတ်။ (ဓာတ်ပုံ - Courtesy)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်ထဲမှာ ပျူစောထီးကျေးရွာကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေပြီး စစ်တပ်ဘက်က လေယာဉ်ပစ်ကူတွေ အသုံးပြုပြီး အပြင်းအထန် ခုခံနေပါတယ်။ ကနီမြို့နယ်ထဲမှာလည်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နဲ့ ၂ မိုင်ခန့်အကွာမှာရှိတဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ကင်းမွန်းတော်ကျေးရွာကို ဖေဖော်ဝါရီ ၁၅ ရက်ကစလို့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာပါ။ မုံရွာအခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကနေ စစ်အင်အားဖြည့်တင်း ခုခံနေသလို လေကြောင်းကနေပါ ဗုံးကြဲပြီး အပြင်းအထန်ခုခံကာ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ နှစ်ဘက် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦး ပြောတာကတော့ -

"ကင်းမွန်တော်ကို ၁၅ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ စတိုက်လိုက်တာပဲ။ ညနေ ၄ နာရီလောက်မှာ လေယာဉ်ရောက်လာတာပဲ။ သံပြားကာ ကား ၃ စီးက မနေ့က ၂ နာရီလောက် နမခ ဘက်ကနေပြီးတော့ ဝင်လာတယ်။ မနေ့က ၁၆ ရက်နေ့ တနေကုန် မနက်ခင်းကတည်း တောက်လျှောက်ပစ်နေတာပဲ။ စစ်တပ်ဘက်က အမြောက် လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ကူပေးနေတာ။ ဒီနေ့ ၁၇ ရက်နေ့ အခုချိန်ထိ ပစ်နေတာပဲ တဝုန်းဝုန်းနဲ့။"

စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းဟာ တိုက်ပွဲဖြစ်နေတဲ့ ကင်းမွန်တော်ကျေးရွာဘက်ကိုသွားချိန် လမ်းဘေးဝဲယာတလျှောက် ပစ်ခတ်သွားလို့ ချောင်းဦးမြို့က အမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။ စစ်တပ်ဘက်က ဂျက်ဖိုက်တာတွေအပြင် လေထီး စက်တပ်ယာဉ်တွေပါ အသုံးပြုပြီး ဗုံးကြဲခုခံနေပြီး နှစ်ဘက် ထိခိုက်သေဆုံးတာတွေ ရှိတဲ့အထိ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချောင်းဦးမြို့နယ်ထဲမှာ ကင်းမွန်တော်၊ ကံဇီး၊ ကံကြီးကုန်း ၃ ရွာဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီး ကျေးရွာတွေဖြစ်ပြီး ကံဇီးရွာကို ပြီးခဲ့တဲ့ ၂၀၂၄ စက်တင်ဘာလထဲမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ မုံရွာ-မန္တလေးလမ်းပိုင်းနဲ့ ချောင်းဦး-ပခုက္ကူလမ်းပိုင်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့တွေက ယာယီပိတ်ထားပြီး တိုက်ပွဲဖြစ်နေတဲ့အနီးက ဒေသခံတွေပါ ဘေးလွတ်ရာ တိမ်းရှောင်နေရပါတယ်။ အခုလို တိုက်ပွဲတွေ မပြင်းထန်မီ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကင်းမွန်တော်ကျေးရွာအနီး ကုလားကြီးနဲ့ ရှမ်းထူးကျေးရွာက စစ်ဘေးရှောင်တွေနေတဲ့နေရာကို စစ်တပ်ဘက်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ကနီမြို့နယ်မှာလည်း လေကြောင်းတိုက်ခိုက်တာတွေ ရှိနေပါတယ်။ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ မုဌောကျေးရွာက ကူတို့ဆိပ်ကို ဖေဖော်ဝါရီ ၁၇ ရက် မွန်းလွန် ၁ နာရီကျော်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ထိခိုက်ဒဏ်ရာရတာရှိပြီး နေအိမ်ပျက်စီးတာတွေရှိသလို ဆီသယ်ကားတွေနဲ့ ဆိုင်ကယ်တွေ မီးလောင် ပျက်စီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"၁ နာရီ ၁၅ လောက်က ဂျက်ဖိုက်တာ။ ပေါင် ၅၀၀ နဲ့ အဲ့လိုချသွားတာ။ စက်လက်တွေနဲ့လည်း အပေါ်ကနေ စက်တွေနဲ့ ဆွဲတယ်။ အပျက်အစီးကတော့ ဆီကား ၂ စီးရယ် ဆိုင်ကယ် ၁၃ စီးပေါ့။ အိမ်တွေကတော့ သွပ်တွေဘာတွေ ပေါက်တာ အစတွေ စင်တာပေါ့လေ။ လူတွေကတော့ ဘေးရွာတွေ ရှောင်နေကြတယ်။ ကြောက်လို့။"

အဲဒီနောက် ညနေ ၅ နာရီကျော်မှာ ကနီမြို့နယ် အရှေ့ခြမ်းကို ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ဒီတိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။ မုံရွာ၊ ချောင်းဦးနဲ့ ကနီမြို့နယ် နတ်လာပို့ မြောက်ရွာမှာ တိုက်ခိုက်မှုသတင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG