သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြိတ်ခရိုင်တွင်း ဆန်သယ်ယူခွင့် ကန့်သတ်မှု ဒေသခံတွေ အခက်တွေ့


ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ရှိ ဆန်ဆိုင်တဆိုင် (ဧပြီ ၂၁၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ရှိ ဆန်ဆိုင်တဆိုင် (ဧပြီ ၂၁၊ ၂၀၂၃)

မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ခရိုင်ထဲက မြို့နယ်တချို့မှာ ဆန်နဲ့ဆေးဝါးသယ်ယူခွင့်တွေ ကန့်သတ်ထားတာ ၂ လနီးပါးရှိပြီဖြစ်လို့ ဒေသခံတွေ အခက်တွေ့နေရပါတယ်။ ဆန်ကိုလိုသလောက် ဝယ်ယူလို့မရဘဲ ဆန်ဈေးတွေ တက်လာသလို စစ်ဘေးရှောင်တွေ စားသောက်ရေးအတွက်လည်း မထောက်ပံ့နိုင်ဘဲ ဖြစ်နေတာပါ။ ဒီအကြောင်း သတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီဘက်က ဆန်နဲ့ ဆေးဝါးသယ်ယူခွင့်ကို အရေအတွက် ကန့်သတ်ထားပြီး မြို့အဝင်ဂိတ်တွေမှာ စစ်ဆေးနေလို့ မြို့တွင်းထဲ ကုန်စည်လိုအပ်သလောက် မရောက်လာဘူးလို့ တနင်္သာရီမြို့နယ်မှာ နေထိုင်သူတဦးက ပြောပါတယ်။

"အကန့်အသတ်နဲ့ ရောင်းပေးနေတာခင်ဗျ။ စစ်ကောင်စီဘက်က လမ်းမှာလည်း ဆန်သယ်လာရင် စစ်ဆေးတယ်။ ဆန်တွေ အများကြီးသယ်လာရင် မပေးဖြတ်ဘူးပေါ့။ ဆေးရယ်၊ ဆန်ရယ်ကို ကန့်သတ်ထားတာ။ အဓိကတော့ အဲဒါပါပဲ။ ကျန်တာကတော့ အဆင်ပြေတယ်။"

ဆန်နဲ့ ဆေးဝါး အရေအတွက်များများ သယ်ယူဖို့ကို ကန့်သတ်ထားတာ အချိန်ကာလ ၂ လနီးပါး ရှိပါပြီ။ ဆန်တအိတ်ကို စျေးနှုန်း ၂ သောင်းဝန်းကျင် တက်သွားတယ်လို့လည်း ပြောပါတယ်။ အခုလို ကန့်သတ်ထားလို့ ဆန်လိုသလောက် ဝယ်မရတာက အိမ်ထောင်စု အတော်များများကို အခက်တွေ့စေပြီး စစ်ဘေးရှောင်တွေအတွက်က ဆန်ရိက္ခာ ပြတ်လပ်မှာကိုလည်း ကူညီသူတွေက စိုးရိမ်နေကြတာပါ။

"ကျနော်တို့လည်း ကူညီရေးအပိုင်းမှာ အခက်အခဲတွေ ရှိလာတယ်။ ဆန်သယ်လို့မရဘူး ဆိုတော့လေ သူတို့ (စစ်ဘေးရှောင်) လည်း အစားအသောက် အဆင်မပြေဘူး ဖြစ်နေတာပေါ့။"

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီမြို့နယ်မှာ စစ်ဘေးရှောင်သူ ဦးရေက ၃,၇၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ရှောင်သူတွေကို ကူညီနေတဲ့အဖွဲ့တွေက စာရင်းပြုစုထားပါတယ်။ ကိုယ့်အရပ်ဒေသမှာ နှစ်ဘက်ထိတွေ့ တိုက်ပွဲမရှိချိန်မှာလည်း လက်နက်ကြီးပစ်ခတ်တာတွေ ရှိနေလို့ စစ်ဘေးရှောင်သူတွေဟာ နေအိမ်ကို မပြန်ရဲ ဖြစ်နေကြတာပါ။

အဓိက စားနပ်ရိက္ခာဖြစ်တဲ့ ဆန်သယ်ယူခွင့် လိုသလောက်မရလို့ မြို့နယ်ထဲက ဆိုင်တွေကလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနေတာပါ။ ဒီလိုအခြေအနေကြောင့် လူဦးရေများတဲ့ အိမ်ထောင်စုတွေအတွက် အချိန်ကာလ ကြာလာတာနဲ့အမျှ အခက်တွေ့နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ထဲက တနင်္သာရီမြို့နယ်အပြင် ပုလောမြို့နယ်မှာလည်း ဆန်သယ်ယူခွင့်ကို အခုလို အရေအတွက် ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG