သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင် အင်တာနက် ဖြတ်တောက်မှု HRW ဝေဖန်


လက်နက်ကိုင် ပဋိပက္ခတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ်တွေမှာ အင်တာနက် ဆက်သွယ်မှုတွေ နောက်တကြိမ် ဖြတ်တောက်လိုက်တဲ့ အပေါ် စိုးရိမ်ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခု ဖြစ်တဲ့ Human Rights Watch က သတိပေးလိုက်ပါတယ်။

ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (AA) နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ဆက်သွယ်မှုတွေ ဖြတ်တောက်လိုက်တာဟာ အရပ်သားတွေအတွက် အန္တရာယ်ရှိတဲ့အကြောင်းလည်း HRW အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး Phil Robertson ကပြောဆိုခဲ့တာပါ။

လက်နက်ကိုင် ပဋိပက္ခတွေကြောင့် လတ်တလောမှာ အရပ်သား ၁၀၆,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး၊ ဆက်သွယ်မှု ဖြတ်တောက်တာဟာ အကူအညီ လိုအပ်နေသူတွေ အတွက် အခက်အခဲ ဖြစ်စေသလို၊ လိုအပ်နေသူတွေကို အကူအညီပေးမယ့် စာနာမှု အကူအညီပေးရေး အေဂျင်စီတွေ အကြီးအကျယ် အခက်တွေ့နိုင်တယ် လို့လည်း သတိပေးထားပါတယ်။

လက်နက်ကိုင် တင်းမာမှုတွေ ကြီးထွားလာရာက ရခိုင်ပြည်နယ်နဲ့ ကပ်လျက်ရှိနေတဲ့ ချင်းပြည်နယ်က မြို့နယ်တချို့မှာ လုံခြုံရေး အကြောင်းပြချက်နဲ့ အာဏာပိုင်တွေက အင်တာနက် ဆက်သွယ်မှုတွေကို ၂၀၁၉ ဇွန်လကစ ပိတ်ပင်ခဲ့တာပါ။

အွန်လိုင်းဆက်သွယ်မှုတွေ သတင်းအချက်အလက် ရယူမှုတွေကို အစိုးရတွေက ပိတ်ပင်တားမြစ်တာတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြစ်တင်ရှုတ်ချထားပြီး၊ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို အကာအကွယ်ပေးဖို့လည်း တောင်းဆိုထားကြောင်း HRW ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအတွက်လည်း ရခိုင်ပြည်နယ်တွင်းက အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ လူအများအပြားက မှီခိုအားထားနေရတဲ့ အင်တာနက် ဆက်သွယ်မှုတွေကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG