သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ် ထားဝယ်၊ ထီးခီးဂိတ် ပြန်ဖွင့်


 စက်တင်ဘာလ ၁ရက်နေ့ ဘန်ကောက်ကားဂိတ်မြင်ကွင်း (ဓာတ်ပုံ- CJ)
စက်တင်ဘာလ ၁ရက်နေ့ ဘန်ကောက်ကားဂိတ်မြင်ကွင်း (ဓာတ်ပုံ- CJ)

(Zawgyi/Unicode)

ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးအတွက်ဆိုပြီး ပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် ထားဝယ်၊ ထီးခီးဂိတ်ကို ဒီကနေ့ ပြန်ဖွင့်ပေးလိုက်ပါပြီ။ ထိုင်းနိုင်ငံတွင်းမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာ ချမှတ်ထားတဲ့ ပိတ်ပင်ကန့်သတ်ချက်တွေကို စပြီးဖြေလျော့ပေးလိုက်တဲ့နေ့မှာပဲ အဲဒီနယ်စပ်ဂိတ်ကိုလည်း ပြန်ဖွင့်လိုက်တာပါ။ ဒါပေမယ့် တခြား နယ်စပ်ဂိတ်တချို့မှာတော့ ပိတ်ပင်ကန့်သတ်ချက်တွေ ရှိနေဆဲပါ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ကိုဗစ်စည်းမျဉ်းစည်းကမ်းနဲ့အညီ ခရီးသွားလာခွင့်တွေပြန်ဖွင့်ပေးခဲ့သလို ကန်ချနဘူရီပြည်နယ်ထဲက ထားဝယ်၊ ထီးခီး နယ်စပ်ဂိတ်ကိုတော့ ကုန်စည်စီးဆင်းဖို့ ဖွင့်ပေးခဲ့ပါတယ်။ ဒါပေမယ့် တခြားနယ်စပ်ဂိတ်တွေကိုတော့ ပိတ်ထားဆဲဖြစ်ကြောင်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ဖွံဖြိုးရေးအဖွဲ့က အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက ပြောပါတယ်။

"ထီးခီးကတော့ ဒီနေ့စဖွင့်တယ်။ သူတို့ကတော့ ဖုနန့်ရော်လို့ ခေါ်တယ်။ ထိုင်းဘက်ကတော့ ဘုရားသုံးဆူ မဖွင့်သေးဘူး။ ပရကျွတ် ကရိန်ကန်ဘက်က ဆိုင်ခုံဂိတ်ကတော့ ၁၄ ရက်နေ့ထိ ပိတ်ထားတုန်းပဲ။"

စက်တင်ဘာလ ၁ ရက်နေ့ကစပြီး ထိုင်း ပြည်တွင်းသွားလာရေး ခရီးစဉ်တွေအတွက် အဝေးပြေးကားတွေ ပြန်ဆွဲနေပြီဖြစ်ပါတယ်။ ဘန်ကောက်မြို့တော်က မော်ချိလို့ခေါ်ကြတဲ့ အဝေးပြေးကားဂိတ်ကေနေ ထိုင်းနိုင်ငံ အရှေ့ပိုင်း၊ အရှေ့မြောက်၊ တောင်ပိုင်းပြည်နယ်တွေကို သွးာလာနိုင်ဖို့ ခရီးစဉ်တွေအတွက် ကားလိုင်း၂၆ လိုင်း စတင်ပြေးဆွဲပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်ရောဂါပိုး ကာကွယ်ကုသရေးလုပ်ငန်းတွေကို ဆက်လုပ်ရင်း ကိုဗစ်နဲ့အတူ ယှဉ်တွဲနေထိုင်ခြင်းဆိုတာကို ထိုင်းအစိုးရက စတင်အကောင်ထည်ဖော်လိုက်တာပါ။ ဒါ့အပြင် လေကြောင်းခရီးစဉ်တချို့လည်း စထွက်ပါတယ်။

ပြည်နယ်တခုနဲ့တခု ခရီးသွားလာခွင့်တွေရှိပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးကြောင်း ထောက်ခံစာတွေနဲ့ ကိုဗစ် စစ်ဆေးထားကြောင်း အထောက်အထားတွေပါမှ ခရီးသွားလာခွင့် ရမှာဖြစ်တယ်လို့ ဦးမင်းဦးက ပြောပါတယ်။

"ခရီးသွားလာခွင့်က ပြည်နယ်တွေပေါ်မူတည်တယ်။ ပြည်နယ်တခုနဲ့တခု မတူဘူ။ ဥပမာ ဖန်ငါးမှာဆိုရင် ဒီပြည်နယ်ကိုဖြတ်မယ်ဆိုရင် တခြားပြည်နယ် အနီရင့်ရောင်ဇုန်ကလာရင် ဘယ်စည်းမျဉ်းစည်းကမ် းလိုက်နာရမယ်၊ အဝါရောင်ဇုန်ကလာရင် ဘယ်လိုစည်းမျဉ်း လိုက်နာရမယ်ဆိုတာထုတ်တယ်။ ဖူးခက်ကျတော့ တမျိုးထုတ်တယ်။ ကျနော်တို့ ဖန်ငကနေ ဖူးခက်ကိုသွားမယ်ဆိုရင် ကိုဗစ်ကာကွယ်ဆေး ထိုးပြီးကြောင်း၊ ဘယ်နှစ်ကြိမ်ထိုးပြီးကြောင်း ဆိုတာပြရမယ်။ ဖူးခက်သွားမယ်ဆိုရင် ရောဂါစစ်ဆေးထားတဲ့ စာပြရမယ်။ မပြနိုင်ရင် ဂိတ်မှာ အမြန်စစ်ရမယ်။ စစ်ပြီးမှ သွားရမယ်ဆိုတာတွေကို လုပ်ထားတယ်။ အဲဒါတွေကလုပ်ထားတုံးပဲ။"

ကိုဗစ်ကန့်သတ်ချက်တွေ စတင် ဖြေလျော့ပေးတဲ့ ဒီကနေ့မှာ ခရီးသွားလာသူတွေ နည်းပါးနေသေးသလို ကိုဗစ်ကူးစက်မူတွေ သောင်းချီ တိုးနေသေးတဲ့အတွက် ဈေးဆိုင်တွေမှာ စားသောက်သူတွေ သိပ်မရှိကြဘဲ ကုန်တိုက်တွေမှာလည်း အသွားအလာ နည်းပါးနေသေးပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်အတည်ပြုလူနာ ၁,၂၁၃,၀၀၀ ကျော်ရှိနေပြီး စက်တင်ဘာလ ၁ ရက်နေ့ တနေ့တည် းကူးစက်သူက ၁၅,၀၀၀ နီးပါးရှိပါတယ်။ သေဆုံးမူတွေလည်း ရှိနေဆဲဖြစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ ကိုဗစ်ကပ်ရောဂါကြောင့် စိုးရိမ်ရတဲ့လူနာက ၅,၀၀၀ နီးပါးလောက်ရှိပါတယ်။ အခုချိန်ထိ စုစုပေါင်းသေဆုံးသူကတော့ ၁၂,၀၀၀ နီးပါးရှိကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

..........................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)










XS
SM
MD
LG