သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်များ ခိုလှုံအိမ်ယာ အခက်အခဲဖြစ်နေ


ဘင်္ဂလားဒေရှ့် နိုင်ငံက မုတ်သုံရာသီ အတွင်း ကောဇ့်ဘဇားက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ အတွက် ခိုလှုံရေး စခန်းတွေ မလုံမလောက် ဖြစ်နေပါတယ်။ ဘေးဒဏ်သင့်ခံရနိုင်ဆုံး မိသားစုတွေကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ရေး အာဏာပိုင်တို့ဘက်က လနဲ့ချီ ပြင်ဆင်ဆောင်ရွက်ခဲ့ပေမယ်လို့ နေရာ မလောက်မင ဖြစ်နေတာပါ။ တချိန်တည်းမှာဘဲ ကူးစက်ရောဂါတွေ ပျံ့နှံ့မယ့် အရေးလည်း စိုးရိမ်နေကြရပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဘာလုခါလီ ဒုက္ခသည် စခန်းမှာ ခိုလှုံနေတဲ့ အသက် ၂၅ နှစ် အရွယ် Mustawkima ကတော့ ခင်ပွန်းဖြစ်သူ မရှိတော့ဘဲ ကလေး ၅ ယောက်နဲ့ အတူ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူပါ။ မိုးကြီးပြီး မြေပြိုတာကြောင့် အိမ်ပြောင်းရတာ အခုဆိုရင် တတိယ အကြိမ် ရှိနေပါပြီ။ အခုတဲကို ဆောက်ဖို့ ရှိတာအားလုံး ရောင်းလိုက်ရတယ်လို့ ပြောပါတယ်။

"အိမ်ဆောက်ဖို့ အတွက် ဆန်၊ ဆီ၊ ပဲ အားလုံး ရောင်းလိုက်ရပါတယ်။ စားစရာ မရှိရင်တောင် အိမ်တော့ ခိုင်ခိုင်ခံ့ခံ့ ဆောက်ဖို့ အမျိုးတွေကလည်း ပြောကြပါတယ်။"

"ဒီမှာက အခက်အခဲတွေ အများကြီးနဲ့ ကြုံရပါတယ်။ ရွံ့တွေ တူးထုတ်ပြီး အိပ်ရတာမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် ဒီမှာ နေရတာ ပို ကောင်းပါတယ်။"

ဘင်္ဂလားဒေရှ့်နိုင်ငံရဲ့ ပြင်းထန်တဲ့ မုတ်သုံရာသီ အတွင်း လာမယ့် လတွေ အတွင်းမှာ မိုးရွာသွန်းမှု ပိုများလာမယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒုက္ခသည် စခန်းတွေမှာတော့ ပြီးခဲ့တဲ့ ဇွန်လ ကတည်းက မိုးရွာသွန်းမှုဒဏ်နဲ့ စပြီး ကြုံတွေ့နေရတာပါ။ မြေပြိုကျမှု ၁၆၀ ကျော်ရှိခဲ့ပြီး လူ ၃၀ ဒဏ်ရာရ၊ ကလေးငယ် တဦး သေဆုံးခဲ့ရပြီးလည်း ဖြစ်ပါတယ်။ မိုးရေကို ကာနိုင်တဲ့ သစ်ပင်တွေလည်း မရှိတော့ပါဘူး။ ဒုက္ခသည်တွေ အတွက် တဲအိမ်တွေ ဆောက်ဖို့ သစ်ပင်တွေ လှဲခဲ့ရပြီး ထင်းရဖို့ အတွက် အမြစ်တွေကို တူးပြီး သုံးခဲ့ကြတာပါ။ မြေပြိုကျတာကြောင့် ဒဏ်ရာခဲ့တဲ့ အသက် ၂၇ နှစ် အရွယ် Mohamed Alom ကတော့ သူ့အတွေ့အကြုံကို အခုလို ပြောပါတယ်။

"ရွှံ့တွေ ပြိုကျပြီး ခေါင်းကို ထိလို့ သွေးတိတ်အောင် အတော် လုပ်ခဲ့ရပါတယ်။ လူ ၄ ယောက်နဲ့ ကျနော့်ကို ကယ်ထုတ်ပြီး ဆေးရုံကိုပို့ခဲ့တာပါ။"

အခုတော့ သူ့မိသာစုက အခန်းဖွဲ့ မထားတဲ့ ကျောင်းဆောင် တခုထဲမှာ တခြားလူ ၁၃ ယောက်နဲ့ အတူ ခိုလှုံနေရပါတယ်။ ဒီကျောင်းဆောင်မှာ ခိုလှုံနေသူ တဦး ဖြစ်တဲ့ Abu Bakker ကတော့ မကြာခင်ကမှ မြေပြိုပြီး သူ့ရဲ့ တဲအိမ် ပျက်သွားလို့ ဒီကို ရောက်လာသူပါ။

"အနီးမှာ အိမ်လည်း တလုံးမှ မရှိတော့ဘူး။ ဒီအိမ်ကလည်း ပျက်စီးနေပြီဆိုတော့ စိုးရိမ်နေရပါတယ်။ မြွေတွေ ကင်းတွေလည်း ကြောက်ရပါတယ်။ မိသားစုလည်း အတူ နေလို့ မရတော့ပါဘူး။"

ရေကြီး မြေပြိုမှုတွေ အပြင် ဒုက္ခသည် စခန်းတွေ အတွင်း နောက်ထပ် စိုးရိမ်နေရတာက ကာလဝမ်းရောဂါလို ရေကနေ တဆင့် ကူးစက်ရောဂါတွေ ပျံ့နှံ့မယ့် အရေးလည်း စိုးရိမ်နေကြရပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ Save the Children ရဲ့ ပြောခွင့်ရ Daphnee Cook က အခုလို ပြောပါတယ်။

"အိမ်သာတွေ ပြိုပျက်သွားပြီး ကူးစက်ရောဂါ ပျံ့နှံ့မယ့် အရေးကို အထူးဘဲ စိုးရိမ်ရပါတယ်။ ၁၁ လလောက် ရှိလာပြီဆိုတော့ အိမ်သာ အများစုက ကျင်းပြည့်နေပါပြီ။ နောက်ပြီးတော့ ပြိုကျလွယ်တဲ့ တောင်စောင်းတွေမှာ အိမ်သာတွေကို ဆောက်ထားတော့ သောက်သုံးရေ ပေးဝေတဲ့ အထဲကို ရောက်သွားနိုင်တဲ့ အခြေအနေမျိုးကလည်း ရှိနေပါတယ်။ ဒီလို ဖြစ်လာရင်တော့ ကာလဝမ်း ရောဂါ၊ ဆုံဆို့နာ၊ အရေပြား ရောဂါတွေလို ရေက တဆင့်ကူးစက်တဲ့ ရောဂါတွေ ဖြစ်လာမယ့် အန္တရာယ် ရှိပါတယ်။ အထူးသဖြင့် ကလေးတွေက ကူးစက်ခံရလွယ်ပါတယ်။"

ရေကြီး မြေပြိုကျနိုင်တဲ့ ဒေသမှာ နေထိုင်နေရသူ ၂ သိန်းကျော် ရှိနေပြီး ဒီထဲက ဒုက္ခသည် ၃ သောင်း ၄ ထောင်တို့ကိုတော့ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အသစ်ရွှေ့ပြောင်းပေးတဲ့ နေရာတွေမှာလည်း ချက်ပြုတ်စားသောက်ဖို့တောင် မလွယ်ကူတာမျိုး၊ မိုးမလုံတာမျိုးတွေနဲ့လည်း ကြုံတွေ့နေရတာပါ။ ဒါပေမယ့်လည်း ဒုက္ခသည်တွေကတော့ အခက်အခဲတွေ ရှိနေပေမယ့် ဒုက္ခသည် စခန်းမှာ နေရတာ ပိုကောင်းပါတယ်လို့ ပြောကြပါတယ်။ မြန်မာအစိုးရဘက်ကတော့ နိုင်ငံတွင်းက ထွက်ပြေးရတဲ့ ဒုက္ခသည်တွေ အားလုံးကို ပြန်လည် လက်ခံမယ်လို့ ပြောဆိုထားပေမယ့်လည်း ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကိုတော့ လက်သင့်မခံပါဘူး။ ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး အတွက် အဆင်သင့် ဖြစ်နေပြီလို့ မြန်မာဘက်က ပြောဆိုပေမယ့် ကုလသမဂ္ဂ တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံတွင်းက အခြေအနေဟာ ဒုက္ခသည်တွေ ဌာနေပြန်နိုင်တဲ့ အနေအထား မရှိသေးဘူးလို့ ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG