သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်စခန်း ကျန်းမာရေးစောင့်ရှောက်မှု ရန်ပုံငွေအရေးပေါ်လိုအပ်


အရေးပေါ် ရန်ပုံငွေ မရရင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေက ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေ ထိခိုက်နိုင်တယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်း တခုဖြစ်တဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ IOM အဖွဲ့က ပြောဆိုလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ ဒေသခံ လူမှုအသိုင်းအဝိုင်း အတွက် ကျန်းမာရေး စောင့်ရှောက်မှုမှာ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အဖွဲ့ IOM က အရေးပါတဲ့ အခန်းကဏ္ဍကနေ ဆောင်ရွက်ခဲ့ပြီး ပြီးခဲ့တဲ့ ၉ လတာ ကာလ အတွင်း ကျန်းမာရေး စောင့်ရှောက်မှု ၄ သိန်း ရှိခဲ့ကြောင်း IOM ရဲ့ ကောဇ့်ဘဇား ဆိုင်ရာ အရေးပေါ် ညှိနှိုင်းရေးမှူး Manuel Periera က ပြောပါတယ်။ ဒါပေမယ့် အရေးပေါ် ရံပုံငွေ မရရင်တော့ ဆက်ပြီး လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့လည်း သတိပေးပါတယ်။

မုတ်သုံရာသီမှာ ကျန်းမာရေး စောင့်ရှောက်မှုက ပိုပြီး လိုအပ်လာမယ်လို့လည်း ကျန်းမာရေး ဝန်ထမ်းတွေက ခန့်မှန်းထားတာပါ။ IOM ကဖွင့်လှစ်တဲ့ ဆေးခန်းတွေကနေ ကုသမှု ပေးနေတဲ့ လူ ၁၀ ဦးမှာ တဦးကျော်နှုန်းက အသက် ၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ပြီးခဲ့တဲ့ လေးလ အတွင်း ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ၁ သောင်း ၃ ထောင်ကျော် ရှိခဲ့ပြီး ဒေသခံနဲ့ ဒုက္ခသည် အမျိုးသမီး ၇၀၀ ကျော်ကို မီးဖွားပေးခဲ့ကြောင်း၊ ပြီးခဲ့တဲ့ မေလ တလတည်းမှာတင် ဗိုက်ခွဲမွေးဖွားရသူက ၁၀ ဦးထိ ရှိခဲ့တယ်လို့လည်း IOM ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို မြန်မာ အစိုးရက အသိအမှတ် မပြုပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG