သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Maldivesက မြန်မာနဲ့ ကုန်သွယ်ရေး ဖြတ်တောက်


(The president office of maldives)
(The president office of maldives)

မြန်မာနိုင်ငံအစိုးရနဲ့ မော်လ်ဒိုက်နိုင်ငံကြား ကုန်သွယ်ရေးအဆက်အသွယ်ဖြတ်တောက်လိုက်တယ်လို့ မော်လ်ဒိုက်အစိုးရက ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် ရက်ရက်စက်စက်လုပ်နေတာကို မြန်မာအစိုးရက မတားဆီးမချင်း ကုန်သွယ်ရေးအဆက်အသွယ် ဖြတ်တောက်ထားမယ်လို့ မော်လ်ဒိုက်နိုင်ငံခြားရေးဌာနက စက်တင်ဘာ ၃ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

ရိုဟင်ဂျာမွတ်ဆလင် အသိုင်းအဝိုင်းအပေါ် ရက်စက်စွာလုပ်ဆောင်နေတဲ့အပေါ် အပြင်းထန်ဆုံးဝေဖန်ရှုတ်ချကြောင်းနဲ့ ရိုဟင်ဂျာတွေ ထောင်နဲ့ချီသေဆုံး။ အိုးအိမ်စွန့် ထွက်ပြေးနေကြရတဲ့ လတ်တလောအကြမ်းဖက်မှုအပေါ် အလွန်အမင်းစိုးရိမ်ကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ အခုလို မော်လ်ဒိုက် အစိုးရက မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးအဆက်အသွယ်ဖြတ်တောက်ခဲ့ပြီးနောက် မြန်မာကျန်းမာရေးဝန်ကြီးဦးမြင့်ထွေးကလည်း မော်လ်ဒိုက်နိုင်ငံကိုသွားဖို့ စီစဉ်ထားတဲ့ခရီးစဉ်ကို ဖျက်လိုက်တယ်လို့ မော်လ်ဒိုက်ကလာတဲ့သတင်းတခုမှာ ဖော်ပြထားပါတယ်။

စက်တင်ဘာ ၆ ရက်ကနေ ၁၀ ရက်အထိ ကျင်းပမယ့် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အရှေ့တောင်အာရှဒေသနိုင်ငံများဆိုင်ရာ နှစ်ပါတ်လည်စည်းဝေးပွဲအတွက် ဝန်ကြီးဦးမြင့်ထွေးဟာ အင်္ဂါနေ့မှာ လာရောက်ဖို့ အစီအစဉ်ရှိပေမဲ့ ခရီးစဉ်ကိုဖျက်လိုက်ကြောင်း RaajjeMV သတင်းကထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာဖြစ်နေတဲ့ အခြေအနေတွေနဲ့ပါတ်သက်လို့ မြန်မာနိုင်ငံအပေါ် သံတမန်ရေးအရ ချဉ်းကပ်ဆောင်ရွက်တဲ့အနေနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကတော့ မြန်မာနိုင်ငံကို တနင်္လာနေ့က လာရောက်ပြီးနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လူသားချင်း စာနာမှု အကူအညီပေးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အမြင်ဖလှယ်ဆွေးနွေးခဲ့တယ်လို့ အတိုင်ပင်ခံရုံးက ထုတ်ပြန်ပါတယ်။ တချိန်ထဲမှာပဲ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသကို စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်လိုက်ပါတယ်။ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့က လုံခြုံရေးစခန်းတွေကို စတင်တိုက်ခိုက်ခဲ့တဲ့ August လ ၂၅ ရက်နေ့ထဲကစလို့ ရခိုင်တိုင်းရင်းသား ထောင်နဲ့ချီ ဘေးလွတ်ရာထွက်ပြေးနေကြရပါတယ်။

မွတ်ဆလင်ရွာတွေကလည်း ထောင်ပေါင်းများစွာထွက်ပြေးနေကြတာမှာ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ရောက်လာသူ ၇ သောင်းကျော်ရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ လုံခြုံရေးတပ်တွေရဲ့ တိုက်ခိုက် သတ်ဖြတ်မှုတွေရှိတယ်လို့ အဲဒီထွက်ပြေးလာသူတွေက ဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG