သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ပြန်ပို့ရေး မြန်မာကိုဖိအားပေးဖို့ နိုင်ငံတကာကို Sheikh Hasina ပန်ကြား


သိန်းနဲ့ချီတဲ့ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေးဖြစ်မြောက်အောင် IDB အစ္စလာမ်ဖွံ့ဖြိုးရေးဘဏ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာအစိုးရကို ဖိအားတိုးပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က တနင်္ဂနွေနေ့မှာ ပန်ကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက်ကာမြို့တော်မှာ IDB ဘဏ် စတင်ဖွင့်လှစ်တဲ့ အခန်းအနားအတွင်း အဲဒီလိုပြောသွားတာပါ။

ဘင်္ဂလားဒေ့ရှ်အနေနဲ့ ဒေသတွင်းလူဦးရေ၊ ဂေဟစနစ်နဲ့ အရင်းအမြစ်တွေ ထိခိုက်မှုရှိနေတဲ့ကြားကပဲ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေကို လက်ခံထားတာဖြစ်ပြီး ရိုဟင်ဂျာတွေ ဌာနေပြန်ပို့ရေး မြန်မာနဲ့ရရှိထားတဲ့ သဘောတူညီချက်တွေကို အကောင်ထည်ဖော်အောင် မြန်မာအစိုးရကို ဖိအားတိုးပြီးပေးကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းတာပါ။ ဒါပေမယ့် သူဘာလုပ်စေချင်တယ် ဆိုတာကိုတော့ တိတိကျကျ ပြောမသွား ဘူးလို့ ရိုက်တာစ်သတင်းမှာဖော်ပြထားပါတယ်။

မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးကို သဘောထား မှတ်ချက် မေးတဲ့အခါ သတင်းနဲ့ ပြန်ကြားရေးဆိုင်ရာ မူအသစ်အရ မှတ်ချက်တစုံတရာမပေးဘဲ သတင်းစာရှင်းလင်းပွဲကျင်းပချိန်မှာ မေးမြန်းနိုင်ကြောင်း တုန့်ပြန်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ရိုဟင်ဂျာလို့ ခေါ်ဆိုတာ မြန်မာအစိုးရကတော့ အသိအမှတ် မပြုပါဘူး။

ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကြား ပြီးခဲ့တဲ့ နိုဝင်ဘာလကရထားတဲ့ သဘောတူညီချက်အရ နှစ်လအတွင်း ဌာနေပြန်ပို့ရေး စတင်ဖို့ဖြစ်ပေမယ့် ခုချိန်ထိ မစတင်နိုင်သေးသလို ဘင်္ဂလားဒေ့ရှ်ဘက် နယ်စပ်ကျော်ဖြတ် ထွက်ပြေးမှုတွေ ခုထိ ရှိနေဆဲဖြစ်ပါတယ်။ မြန်မာဘက်က ဒုက္ခသည် ပြန်လက္ခံရေး အတွက် စခန်းနှစ်ခု ဖွင့်ထားသလို ယာယီနေဖို့အတွက်ပါ ဆောက်လုပ်ထားပေမယ့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသဟာ ဒုက္ခသည်တွေ ပြန်ပို့ရေး အတွက် အသင့်မဖြစ်သေးဘူးလို့ လူ့အခွင့်ရေးအဖွဲ့တွေက ပြောဆိုနေကြတာပါ။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ တဖက်နိုင်ငံထွက်ပြေးတာအတွက် Crime Against Humanity လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်နိုင်ချေ ရှိတယ်လို့စွပ်စွဲပြီး ICC နိုင်ငံတကာ ရာဇဝတ်တရားရုံးကိုတင်ဖို့ လုပ်နေတာအတွက် သောကြာနေ့မှာပဲ မြန်မာအစိုးရက ပယ်ချခဲ့သလို မနှစ်က ရခိုင် မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေရဲ့ နယ်မြေရှင်းလင်းရေးအတွင်း ရိုဟင်ဂျာတွေအပေါ် ရက်စက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မဟုတ်မှန်ကြောင်း ငြင်းဆိုပါတယ်။

ဒုက္ခသည်ပြန်ပို့ရေး မြန်မာကိုဖိအားပေးဖို့ နိုင်ငံတကာကို Sheikh Hasina ပန်ကြား
please wait

No media source currently available

0:00 0:01:19 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG