သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ရာဇဝတ်မှုတွေ မြန်မာကျူးလွန်နေကြောင်း ကုလ ထောက်ပြ


မောင်တောမြို့ အနီးက ရိုဟင်ဂျာ ကျေးရွာတွေမြင်ကွင်း။
မောင်တောမြို့ အနီးက ရိုဟင်ဂျာ ကျေးရွာတွေမြင်ကွင်း။

မြန်မာနိုင်ငံမှာ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိနေပြီး ဒါကို နိုင်ငံတကာ အသိုင်းအဝိုင်းက ချက်ချင်း အရေးယူဆောင်ရွက်ဖို့ လိုတယ်လို့ လူမျိုးတုံးသတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အခြေနေကို ဆန်းစစ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တပတ်ကြာ သွားရောက်ခဲ့တဲ့ အထူးကိုယ်စားလှယ်က သူ့ခရီးစဉ်အပြီး သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ်ရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Adama Dieng ဟာ မတ်လ ၇ ရက်ကနေ ၁၃ ရက်အထိ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်ခဲ့တာပါ။ ၂၀၁၆ အောက်တိုဘာနဲ့ ၂၀၁၇ သြဂုတ်လတွေ အတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွါးတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို မြန်မာစစ်တပ်က တုန့်ပြန်ခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၆ သိန်းခွဲကျော်ရဲ့ အခြေနေကို သွားရောက်ဆန်းစစ်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ အာဏာပိုင်တွေနဲ့ လူမှုအဖွဲ့အစည်းတွေ အပြင် Cox’s Bazaar ကဒုက္ခသည် စခန်းတွေကိုပါ သွားရောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်အပြီးမှာတော့ သူ့တွေ့ရှိချက်ကို Dhaka မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“နိုင်ငံတကာ ရာဇဝတ်မှုတွေကို မြန်မာနိုင်ငံက ကျူးလွန်ခဲ့တာပါ။ ရိုဟင်ဂျာ မူစလင်တွေဟာ သူတို့ရိုဟင်ဂျာ ဖြစ်နေမှုကြောင့်ပဲ သတ်ဖြတ်နှိပ်စက်တာ၊ မုဒိန်းကျင့်တာ၊ အရှင်လတ်လတ်မီးရှို့ခံရတာ၊ ချိုးနှိမ်တာတွေကို ခံနေရတာပါ။”

အခုလို လူပေါင်းသိန်းနဲ့ချီပြီး ထွက်ပြေးခဲ့ရတဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို သက်သေပြနိုင်ပြီ ဆိုရင်တော့ လူမျိုးတုန်း သတ်ဖြတ်မှုကျုးလွန်ရာ ရောက်နိုင်ကြောင်းလည်း သတိပေးခဲ့ပါတယ်။

“ ကျွန်တော်ရထားတဲ့ အချက်အလက်တွေ အားလုံးကတော့ ကျူးလွန်သူတွေဟာ ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေ ရှိနေတာကို ရှင်းပစ်ချင်နေတယ်ဆိုတာ ပြသနေပါတယ်။ တကယ်လို့ ဒါကိုသာ သက်သေပြနိုင်ခဲ့မယ်ဆိုရင် ဒါဟာ genocide လူမျိုးတုံး သတ်ဖြတ်မှု လို့ပြောလို့ရပါတယ်”

လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု ဒါမှမဟုတ် လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်တာတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ဖို့ သက်သေမပြနိုင်သေးပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်တွေ လက်ရှိကြုံတွေ့နေရတဲ့ အကြပ်အတည်းက သိပ်ကိုကြီးမား နေတာမို့ နိုင်ငံတကာက ချက်ချင်း အရေးယူ တုန့်ပြန်ဖြေရှင်းပေးကြဖို့ အချိန်ရောက်နေပြီလို့ မစ္စတာ Dieng က ပြောခဲ့ပါတယ်။

“ဘာပဲပြောပြော လူသားထုအပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှု၊ ဒါမှမဟုတ် လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ကြောင်း မဆုံးဖြတ်နိုင်သေးခင်မှာလည်း လက်ရှိကြုံတွေ့ နေရတဲ့ အကျပ်အတည်းကို အချိန်မဆိုင်းပဲ ဖြေရှင်းဖို့လိုပါတယ်။ ဒါဟာ လုံခြုံရေးကောင်စီနဲ့ အထွေထွေညီလာခံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တာဝန်ဖြစ်သလို အာရှ ဒေသတွင်းနိုင်ငံတွေ အထူးသဖြင့် မြန်မာအာဏာပိုင်တွေနဲ့ စစ်တပ်အပေါ် ထိရောက်တဲ့သြဇာ လွှမ်းမိုးနိုင်သူတွေရဲ့ တာဝန်လည်း ဖြစ်ပါတယ်။”

နိုင်ငံတကာ အသိုင်းအဝိုင်းက ဒီအခြေနေကို မမြင်မျက်ကွယ်ပြုထားခဲ့တယ်လို့လည်း အပြစ်တင်ခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေဟာ ဖြစ်မလာအောင် ကာကွယ်နိုင်ခဲ့ပေမယ့် မကာကွယ်နိုင်ပဲဖြစ်ခဲ့ရတာမို့ အခုအချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချဖို့ လိုနေပြီလို့လည်း ပြောပါတယ်။ တရုတ်နဲ့ အိန္ဒိယလို့ မြန်မာ့အိမ်နီးချင်း နိုင်ငံကြီးတွေအနေနနဲ့ ရိုဟင်ဂျာအတွက်လို့ မကြည့်ဘဲလူသားချင်းစာနာမှုနဲ့ လူ့အသက်တွေ ကယ်တင်ရေး အတွက်ကို ဦးစားပေးဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

“တရုတ်နဲ့ အိန္ဒိယ ၂ နိုင်ငံစလုံးအနေနဲ့ လူ့ကျင့်ဝတ်သိက္ခာ အရ ဦးဆောင်မှုပေးမယ်လို့ ကျွန်တော်မျှော်လင့် ပါတယ်။ ဒါဟာ စီးပွါးရေဦးဆောင်မှုသက်သက်မဟုတ်သလို နိုင်ငံရေးဦးဆောင်မှု သက်သက်လည်း မဟုတ်ပါဘူး။ ဒီကနေ့လိုအချိန်မှာ လူ့ကျင့်ဝတ်သိက္ခာအရ ဦးဆောင်မှုကို ပြဖို့ ဘယ်တုန်းကနဲ့မှ မတူအောင်ကို လိုအပ်နေတာပါ”

ဒီဒုက္ခသည် ပြဿနာကို အဖြေရှာရာမှာ ပထမဆုံးအနေနဲ့ ပြဿနာကို ဖြစ်စေတဲ့ အရင်းအမြစ်တွေကို ဖြေရှင်းရမှာ ဖြစ်ပြီး ဒုတိယအချက်အနေနဲ့ ကျူးလွန်ခဲ့သူတွေကို ထိုက်သင့်တဲ့ အပစ်ပေးရမှာ ဖြစ်သလို တတိယအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်မှာ ရှိနေစဉ်အတွင်း သူတို့ကို အကာကွယ်ပေးမှုတွေ၊ ပံ့ပိုးမှုတွေ လုပ်ပေးရမယ်လို့လည်း မစ္စတာ Dieng ရဲ့ ခရီးစဉ်အပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ လက်ရှိအခြေနေမှာ ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် နောက်ထပ် ရာဇဝတ်မှုတွေနဲ့ ကြုံတွေ့ရမယ့် အန္တရာယ် ရှိနေတယ်လို့လည်း ဖေါ်ပြထားပါတယ်။

မစ္စတာ Dieng ဟာ ဘင်္ဂလားဒေ့ချ်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Kazi Reazul Hoque နဲ့ တနင်္ဂနွေနေ့တွေ့ဆုံစဉ်မှာ တော့ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအဆင့်ထိ ကျူးလွန်မှု ရှိမရှိ တရားဥပဒေအရ စုံစမ်းစစ်ဆေးမှု လုပ်ဆောင်တဲ့အနေနဲ့ သက်သေခံ အထောက်အထားတွေကို ရှာဖွေစုဆောင်းသွားမှာဖြစ်ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG