သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်ကလေးတွေ အတွက် ဒေါ်လာ သန်း ၁၅၀ ကောျ် UNICEF လျာထား


ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ
ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်များ

ပဋိပက္ခတွေ၊ သဘာ၀ ဘေးအန္တရာယ်တွေနဲ့ တခြား အရေးပေါ် အခြေအနေတွေ ကြုံတွေ့နေရတဲ့ နိုင်ငံပေါင်း ၅၉ နိုင်ငံက ကလေးငယ် ၄၁ သန်း အပါအဝင် လူပေါင်း ၇၃ သန်းကို အသက်ကယ် ထောက်ပံ့နိုင်ဖို့ အတွက် ဒေါ်လာ ၃ ဒသမ ၉ ဘီလျံထည့်ဝင်ကြဖို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က ပန်ကြားလိုက်ပါတယ်။ ဒီငွေကြေး ပမာဏဟာဆိုရင် သမိုင်းမှာ အများဆုံး တောင်းခံ ပန်ကြားမှုလည်း ဖြစ်ပါတယ်။ ဒီထဲမှာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေ အပါအဝင် သူတို့ကို လက်ခံထားတဲ့ လူမှု အသိုင်းအဝိုင်း အတွက်လည်း ဒေါ်လာ သန်း ၁၅၂ ဒသမ ၅ သန်း ပါဝင်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ဒီနှစ်က ကလေးငယ်များ အခွင့်အရေးဆိုင်ရာ စာချုပ်ရဲ့ နှစ် ၃၀ ပြည့် ဖြစ်ပါတယ်။ ဒါ့အပြင် အခု ၂၀၁၉ ခုနှစ်ဟာဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်း စစ်ဖြစ်မှုပိုများလာတဲ့ နိုင်ငံတွေနဲ့ ပဋိပက္ခတွေ အရှိန်မြင့်နေတဲ့ နှစ်တနှစ်လည်း ဖြစ်တယ်လို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရံပုံငွေ အဖွဲ့ UNICEF က ပြောဆိုပါတယ်။ ပဋိပက္ခကြောင့် ဒါမှမဟုတ်လည်း သဘာ၀ ဘေးဒဏ်ကြောင့် သက်ရောက်ရတဲ့ ကလေးငယ်က ၃၄ သန်းကျော် ရှိနေပြီး အကြမ်းဖက်မှုတွေ၊ ဆင်းရဲမွဲတေမှုတွေ စိတ်ဒဏ်ရာ ရမှု အဆင့်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြုံတွေ့နေရချိန်မှာ အကာအကွယ်ပေးမှုနဲ့ အသက်ကယ် ကူညီထောက်ပံ့မှုကလည်း သိပ်မရကြဘူးလို့ UNICEF က ပြောပါတယ်။ အခု ၂၀၁၉ ခုနှစ် အတွက် ရံပုံငွေ ဒေါ်လာ ၃ ဒသမ ၉ ဘီလျံထည့်ဝင်ကြဖို့ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF က ကမ္ဘာတလွှားကို ပန်ကြားလိုက်ပါတယ်။ ဒီလို ပန်ကြားလိုက်တဲ့ အထဲမှာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးခိုလှုံနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ်တွေ အတွက်လည်း ပါဝင်ပါတယ်။ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး Manuel Fontaine က အခုလို ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ဘက်က ကျနော်တို့ကို ဒေါ်လာ သန်း ၁၅၀ ပန်ကြားထားပါတယ်။ ဒေါ်လာ သန်း ၁၅၀ ကျော်လောက် ဖြစ်မယ် ထင်ပါတယ်။ ဒါက ဒုက္ခသည် ကလေးငယ်တွေ အတွက်တင် မဟုတ်ဘဲ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းအတွက်ပါ ပါပါတယ်။ ဒါက အရေးကြီးပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံက ဒီဒုက္ခသည်တွေ ရောက်လာတဲ့ နေရာက အရင်ကတည်း အကြပ်အတည်းတွေ ရှိနေတဲ့ နေရာပါ။ ဒါကြောင့် လက်ခံထားတဲ့ အသိုင်းအဝိုင်းကို တတ်နိုင်သလောက် ကူညီသွားမှာပါ။

တချိန်တည်းမှာဘဲ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ကလေးသူငယ်များဆိုင်ရာ ရံပုံငွေ အဖွဲ့ UNICEF ရဲ့ အမှုဆောင် ဒါရိုက်တာ Henrietta Fore ကလည်း ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်တဲ့ အခြေအနေမျိုး ဖန်တီးပေးဖို့ မြန်မာ အစိုးရကို တနလာၤနေ့မှာ တိုက်တွန်းပါတယ်။ ဒါ့အပြင် လက်တွေ့ အခြေအနေမှန်တွေကို သိရဖို့ ရခိုင်ပြည်နယ်ကိုလည်း သွားရောက်နေတဲ့ အကြောင်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေ အဖွဲ့ UNICEF ရဲ့ အရေးပေါ် စီမံခန့်ခွဲမှုဆိုင်ရာ ညွှန်ကြားရေးမှူး Manuel Fontaine က အခုလို ပြောပါတယ်။

ကျနော်တို့ရဲ့ အမှုဆောင် ဒါရိုက်တာလည်း အခု ရခိုင်ပြည်နယ်ကို ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်းက ကျနော်တို့ အစီအစဉ်တွေနဲ့ အခြေအနေမှန်တွေကို လေ့လာမှာပါ။ နိုင်ငံတွင်းက ပဋိပက္ခတွေ ဆက်လက်ရှိနေတဲ့ နေရာတွေလည်း ပါပါတယ်။ ဒုက္ခသည်တွေ အနေနဲ့ ဘေးအန္တရာယ် ကင်းကင်း စိတ်ချလုံခြုံမှု ရှိရှိနဲ့ ပြန်နိုင်မယ့် အခြေအနေမျိုး ဖြစ်လာတဲ့ အထိ ကျနော်တို့ဘက်က အတတ်နိုင်ဆုံး ထောက်ပံ့သွားမှာပါ။ ဘင်္ဂလားဒေရှ့် နိုင်ငံတွင်းမှာ ရှိသူတွေကို ကူညီသွားမှာပါ။

မြန်မာဘက်ကနေ ဘင်္ဂလားဒေရှ့် ဘက်ကို ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၇ သိန်း ၃ သောင်းကျော်မှာ ကလေးငယ်က ၄ သိန်း ပါဝင်တယ်လို့လည်း UNICEF က ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ် ပဋိပက္ခနောက်ပိုင်း ထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေ အပါအဝင် အရင်က ရှိနှင့်နေပြီးသား ရိုဟင်ဂျာ လူဦးရေ စုစုပေါင်း ၁ ဒသမ ၂ သန်းကျော်နဲ့ သူတို့ကို လက်ခံထားတဲ့ အသိုင်းအဝိုင်းအတွက် UNICEF က အသက်ကယ် အကူအညီတွေ တိုးချဲ့ဆောင်ရွက်နေတာပါ။ လူပေါင်း ၃ သိန်း ၈ သောင်း အတွက် သောက်ရေသန့် ရရှိရေး၊ ရိုဟင်ဂျာ ကလေးငယ် ၁၄၅,၂၀၉ ယောက် အတွက် အခြေခံ ပညာသင်ကြားခွင့်၊ အသက် ၅ နှစ်အောက် ကလေးငယ် ၂ သောင်းကိုတော့ အစာအဟာရ မပြည့်မီမှုကို ကုသပေးနေသလို အသက် ၁ နှစ်နဲ့ အထက် လူပေါင်း ၁,၂၃၅,၄၇၅ တို့ကိုတော့ ကာလဝမ်း ရောဂါ ကာကွယ်ဆေး သောက်ဆေးပြားတွေ ပံ့ပိုးဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

ဒီနှစ် အတွက် UNICEF က ပန်ကြားထားတဲ့ ရန်ပုံငွေရဲ့ ၈၈ ရာခိုင်နှုန်းက ပဋိပက္ခတွေကြောင့် ဖြစ်ရတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေ အတွက် ဖြစ်တယ်လို့လည်း UNICEF ရဲ့ အရေးပေါ် စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG