သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည်တွေ တွေ့ဆုံ


ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည်တွေ တွေ့ဆုံ ( ဓါတ်ပုံ- Zero Line က ဦး ဒီလ်မူဟာမက်)
ကုလ ကိုယ်စားလှယ် နယ်စပ်မျဉ်းရှိ ဒုက္ခသည်တွေ တွေ့ဆုံ ( ဓါတ်ပုံ- Zero Line က ဦး ဒီလ်မူဟာမက်)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် ယန်ဟီလီ ဒီကနေ့ နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် နယ်နမိတ်မျဉ်းကြား Zero Line ဇုံမှာ ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်ခံခဲ့ရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေအပါအဝင် ခိုလှုံနေထိုင်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ယမ်ဟီးလီ တို့ နာရီဝက်လောက် တွေ့ဆုံစကားပြောခဲ့ပြီး သူတို့လက်ရှိကြုံနေရတဲ့အခက်အခဲတွေ၊ ရခိုင်မှာကြုံခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအတွက် ယန်ဟီးလီက ကုလသမဂ္ဂကို အလေးအနက်ထားအစီရင်ခံတင်ပြပေးပါ့မယ်လို့ ကတိပေးခဲ့တဲ့အကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့တဲ့ နယ်နမိတ်မျဉ်းကြားခိုလှုံနေသူရိုဟင်ဂျာတွေရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဒီလ်မူဟာမက်က ဗွီအိုအေမြန်မာပိုင်း မဆုမွန်က ဆက်သွယ်စုံစမ်းစဉ် သူက အခုလိုစဖြေပါတယ်။

" ဦးဒီလ်မူဟာမက်။ ။ ဒီနေ့ သူက နေ့လည် ၁၂ နာရီလောက်မှာပဲ ဒီ ကျနော်တို့ ဇီးရီုးလိုင်းကို ရောက်လာတယ်။ ဒီမှာရှိတဲ့ နေထိုင်တဲ့လူတွေအားလုံးနဲ့လည်းတွေ့တယ်။ အမျိုးသမီး၊ ကလေးပါ မကျန် အားလုံးနဲ့ တွေ့ဆုံပါတယ်။ လူတွေပြောတာက ဟုတ်တယ် ကျနော်တို့ အခုပြန်ချင်ပါတယ်။ အခုလည်း ရခိုင်မှာ တော်တော်လေး အခြေအနေမကောင်းဘူး ။ အဲဒါကြောင့် ကုလသမဂ္ဂ လုံခြုံရေးတပ်ဖွဲ့ အောက်မှာပဲ ကျနော်တို့ သွားရမယ်။ တကယ့်မြန်မာနိုင်ငံမှာ ကျူးလွန်သူတွေကို အရေးယူပေးရမယ်။ ဒါမှ ကျနော်တို့ နေရာကို ကျနော်တို့ သွားပါမယ်။ အဲလိုပဲ ပြောပါတယ်။

မဆုမွန်။ ။ အဲဒီတော့ ဦးဒီလ်မူဟာမက် တို့ဟာ မြန်မာဘင်္ဂလားနယ်စပ်မှာ ရှိတယ်ပေါ့နော် ဘင်္ဂလားဒေ့ရှ်ကိုလည်း သွားဖို့အဆင်မပြေဘူး။ မြန်မာဘက်ကိုလည်း အဆင်မပြေတော့ ဒီ Zero လိုင်းထဲမှာ ရှိနေတာဆိုတော့ လက်တလောကြုံနေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီးတော့ Ms Yang Hee Lee ကို ဘာတွေများ ပြောလိုက်တာရှိပါသလဲရှင့်။

ဦးဒီလ်မူဟာမက်။ ။ ဟုတ်ကဲ့ သူကပြောတာက အဖွဲ့အစည်းလည်း ဒီမှာ ထောက်ပံ့တာရှိပါတယ်။ ကျနော်တို့ပြောတာက ICRC မှ အပ ကျန်တဲ့ အဖွဲ့အစည်းတွေ ဝင်ခွင့်မရှိဘူး။ ICRC ပဲ ထောက်ပံ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ဒုက္ခခံပြီးတော့ အမိနိုင်ငံကို ပြန်သွားဖို့ စောင့်မျှော်နေတာပါ။ ကျနော်တို့ ဘင်္ဂါလီမဟုတ်လို့ ဘင်္ဂလားနိုင်ငံကို သွားချင်တဲ့ စိတ်မရှိပါဘူး။ အဲဒီမှာ ပြောမယ်ဆိုရင် ဘယ်လောက်ကြာကြာ ကျနေ်ာတို့ အဲဒီမှာ မသေချာဘူး။ ဒီကနေ အမိနိုင်ငံကို ကျနော်တို့ ကိုယ့်ရွာကို ပြန်သွားရပါမယ်။

မဆုမွန်။ ။ အဲဒီတော့ မစ္စ ယန်ဟီးလီက အမျိုးသမီးတွေနဲ့လည်း တွေ့သွားတယ်။ ကလေးငယ်တွေနဲ့လည်း တွေ့သွားတယ်ဆိုတော့ လက်ရှိ ရခိုင်ပြည်နယ်အတွင်းမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ မစ္စ ယန်ဟီးလီကို ရှင်းပြလိုက်တာ ပြောပြလိုက်တာမျိုး ရှိပါသလားရှင့်။ ကိုယ်ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့။

ဦးဒီလ်မူဟာမက်။ ။ ဟုတ်ကဲ့ပါ အမျိုးသမီး ၃ ယောက်က ပြောပါတယ် သူက ငိုပြီးတော့ သူက ကျမ ယောကျာၤးကိုလည်း မြန်မာဘက်က သတ်လိုက်တာ ၊ ကျမ သားအကြီး ၂ ယောက်ကိုလည်း သတ်လိုက်တာ အခုသားငယ် ၃ ယောက်နဲ့ အတူတူ ကျမဒီကို ရောက်လာတာပါ။ အဲဒီ ကျူးလွှန်တဲ့သူကို အရေးယူပေးရမယ်။

မဆုမွန်။ ။ အဲဒီတော့ သူလာတဲ့အခါမှာ ဦးဒီလ်မူဟာမက် ကလည်း အဲဒီ Zero လိုင်းမှာ ဦးဆောင်တဲ့ ခေါင်းဆောင်တယောက်အနေနဲ့ လက်ရှိ ဒီမှာရှိနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အဖြစ်အပျက်တွေ အခက်အခဲတွေ အနေအထားတွေကို ဘာများ Ms Yanghee Lee ကို ရှင်းပြလိုက်တာ ရှိပါသလဲရှင့်။

ဦးဒီလ်မူဟာမက်။ ။ ဟုတ်ကဲ့ ကျနော်ပြောတာက ကျနော်တို့ အဓိက ၃ ချက်ပဲ ကျန်နော်တို့ ရှင်းပြတာရှိပါတယ်။ ကျနော်တို့ နိုင်ငံ ကျနော်တို့ကိုယ့်ရွာကို ပြန်သွားနိုင်ရမယ်။ မူလအခွင့်အရေးကို ကျနော်တို့ကို ပေးရမယ်။ နောက်ပြီးတော့ နိုင်ငံတကာ ဦးဆောင်မှုအောက်မှာ လုံခြုံမှုအပြည့်ပေးရမယ် ဘာကြောင့်လဲဆိုတော့ အဲဒီမှာ လုံခြုံမှု စိတ်မချရဘူး အခု ရခိုင်မှာ ပြဿနာ တော်တော်ဖြစ်နေတယ်။ မြန်မာအစိုးရက ဒီကနေ မောင်းထုတ်ဖို့ အဲဒါ ကြိုးစားတာရှိပါတယ် ခနခန ကြိုးစားတာရှိတယ်။ အခုလည်း ဒီက ၂ နိုင်ငံပိုင်တဲ့ ချောင်းကလေးကို ရေပြတ်အောင်လုပ်နေပါတယ်။ အဲဒါလည်း ကျနော်တို့ တင်ပြထားတာရှိပါတယ်။

မဆုမွန်။ ။ အဲဒီတော့ Ms Yanghee Lee ဘက်ကရော ဦးဒီလ်မူဟာမက် တို့ကို ဘာများပြန်ပြီးတော့ ပြောသွားတာရှိပါသလဲ။

ဦးဒီလ်မူဟာမက်။ ။ ဟုတ်ကဲ့ သူကတော့ ခင်ဗျားတို့ ကြုံနေရတဲ့ ဒုက္ခအခက်အခဲကို ကုလသမဂ္ဂကို ချက်ချင်းပဲ အရေးကြီးတာနဲ့ တင်ပြပါမယ် အဲလိုပဲ ပြောပါတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ သူ ဘယ်လောက်လောက်များ နေသွားပါသလဲ။ ဒီစခန်းနားမှာပေါ့နော်။

ဦးဒီလ်မူဟာမက်။ ။ အဲဒါ မိနစ် ၃၀ လားမသိဘူး သိပ်ကြာကြာမနေပါဘူး။ ဒီမှာက Zero လိုင်းမို့လို့ border လိုင်းမို့ ဒီမှာ မိနစ် ၃၀ လောက်ပဲ နေပါတယ်။"

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေကိုလည်း မသွားရောက်ပဲ ဇီးရိုးလိုင်းနယ်စပ်မျဉ်းကြားမှာပဲ ခိုလှုံနေတဲ့ရိုဟင်ဂျာဒုက္ခသည်တွေဘက်က သူတို့နေရပ်ရင်းကိုအမြန်ဆုံးပြန်လိုကြောင်း၊ နေရပ်ပြန်ချိန် နိုင်ငံသားအခွင့်အရေးအပြည့်အဝရဖို့ ဆုံးရှုံးနစ်နာခဲ့ရတာတွေအတွက် တရားမျှတမှုရဖို့ သူတို့ပြန်ခွင့်ရတဲ့အခါ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာလုံခြုံရေးတပ်တွေဘက်က သူတို့အတွက် အထူးလုံခြုံရေး ယူပေးဖို့စတဲ့အချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ ရိုဟင်ဂျာတွေကပြောပါတယ်။ ဒါ့အပြင် လက်တလောအခြေအနေမှာ မြန်မာဘက်ခြမ်း နယ်မြေလုံခြုံရေးယူထားတဲ့ စစ်တပ်နဲ့ နယ်စပ်လုံခြုံရေးတပ်တွေကနေ နယ်စပ်မျဉ်းမှာခိုလှုံနေတဲ့ဒုက္ခသည်တွေကို မောင်းထုတ်ဖို့လည်း ကြိုးပမ်းနေတဲ့အတွက် လုံခြုံရေးအထူးစိုးရိမ်စရာဖြစ်နေတဲ့အကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ကို ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြခဲ့ကြပါတယ်။

မနက်ဖြန် ဇန်နဝါရီလ ၂၂ရက်နေ့မှာတော့ ကုလလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ်ဟာ ကော့ဇ်ဘဇားမှာရှိတဲ့ ကုတုပလောင်ဒုက္ခသည်စခန်းအပါဝင် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေဆီ လာရောက်ဖို့ရှိပြီး သူ လာရောက်ချိန် မြန်မာနိုင်ငံတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနောက်ပိုင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေကြား သူတို့ရင်ဆိုင်ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သက်သေအထောက်အထားတွေ၊ ကြုံခဲ့ရတဲ့ ကာယကံရှင်မိသားစုတွေဘက်က တင်ပြနိုင်ဖို့ ပြင်ဆင်နေကြတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။

ယန်ဟီလီဟာ သူ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်အစိုးရက ရိုဟင်ဂျာ ဒုက္ခသည် တချို့ကို နေရာချထားပေးဖို့ စီစဉ်နေတဲ့ Bhashan Char ကိုလည်း သွားရောက်မယ့် အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ခရီးစဉ် အဆုံး ဇန်နဝါရီလ ၂၄ ရက်နေ့မှာတော့ ဒါကာ မြို့တော်က Ascott Residence ဟိုတယ်မှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပမှာပါ။ အခု ခရီးစဉ် အတွင်း တွေ့ရှိချက်တွေကိုတော့ ကုလ အထူးကိုယ်စားလှယ်က လာမယ့် မတ်လ လူ့အခွင့်အရေး ကောင်စီရဲ့ အကြိမ် ၄၀ မြောက် ညီလာခံမှာ တင်ပြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG