သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထားဝယ်ကမ်းရိုးတန်းမှာတွေ့တဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့


မူဆလင် ၁၀၆ ဦးကို နိုဝင်ဘာ ၁၆ ရက်နေ့က ပြန်ပို့စဉ် (မှတ်တမ်းဓါတ်ပုံ)
မူဆလင် ၁၀၆ ဦးကို နိုဝင်ဘာ ၁၆ ရက်နေ့က ပြန်ပို့စဉ် (မှတ်တမ်းဓါတ်ပုံ)

အခုလ ၂၅ ရက်က တနင်္သာရီတိုင်း ၊ ထားဝယ်ကမ်းရိုးတန်းမှာ ရိုဟင်ဂျာ မူဆလင် ၉၀ ကျော် လိုက်ပါလာတဲ့ စက်လှေတစင်းကို တွေ့ရှိခဲ့လို့ စစ်ဆေးမေးမြန်းပြီး နေရပ်ကို ပြန်ပို့လိုက်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒီလထဲမှာ အခုလိုလှေစီးပြေး ဒုက္ခသည်တွေကို တွေ့ရှိတာဟာ ၂ ခါဖြစ်ပြီး သူတို့ဟာ အလုပ်အကိုင်တွေ ရရှိဖို့ သွားကြတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ ထားပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တနင်္သာရီတိုင်း ထားဝယ်ကမ်းရိုးတန်း လောင်းလုံမြို့နယ် လောင်းလုံဘုတ်ကျွန်းနဲ့ မောင်းမကန်ကျွန်းကြားမှာ တပ်မတော်ရေက ဖမ်းဆီးမိပြီး ထိန်းသိမ်းထားတဲ့ စက်လှေပေါ်က အမျိုးသား ၂၈ ဦး အမျိုးသမီး ၃၃ ဦးနဲ့ ကလေး ၃၂ ဦးတို့ကို သူတို့နေရပ်ကို ပြန်ပို့လိုက်ပြီဖြစ်ပါတယ်။

ဖမ်းဆီးရမိပြီးလောင်းလုံမြို့နယ် စမ်းလှမ်းကမ်းခြေမှာ ထိန်းသိမ်းထားပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နောက်နေ့မှာ တပ်မတော် ရေယာဉ်နဲ့ သူတို့ မူလ နေထိုင်ရာ နေရာတွေကို ပြန်လည် ပို့ဆောင် ပေးလိုက်တာ ဖြစ်ပါတယ်။ ပြန်လည်ပို့ဆောင်ပေးတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တနင်္သာရီတိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီး စိန်ဝင်းက အခုလိုပြောပါတယ်။

"ပို့လိုက်ပြီခင်ဗျ။ ပို့လိုက်ပြီ။ မနေ့ည ၉ နာရီခွဲမှာ ဒီ စမ်းလှမ်းကနေ ရခိုင်ကို မူရင်းဒေသကို ပြန်ပို့လိုက်တယ်။ စစ်သင်္ဘောနဲ့ထွက်သွားပါပြီခင်ဗျ။ စစ်သင်္ဘော စစ်သင်္ဘော။"

သူတို့ဟာ ရခိုင်ပြည်နယ် စစ်တွေမြိ့ သဲချောင်း ဒါးပိုင်စတဲ့ ကျေးရွာအနီးအနားမှာ နေထိုင်သူတွေ ဖြစ်ကြပါတယ်။ စစ်ဆေးချိန်မှာတော့ သူတို့ဟာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ အထောက်အထားတွေ မပြသ နိုင်ဘဲ စာရွက်စာတမ်းတွေဟာ စခန်းတွေမှာ ကျန်ခဲ့တယ်လို့ ပြောပါတယ်။

သူတို့ကိုတော့ မူလနေထိုင်ရာ နေရာတွေကို ပြန်လည်ပို့ဆောင်ပြီး လမ်းခရီးတလျောက် အစားအစာတွေ စီစဉ် ပေးလိုက်တယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးစိုးအောင်က အခုလိုပြောပါတယ်။

"ကျွန်တော်တို့ကတော့ဗျာ ပူးပေါင်းဆောင်ရွက်တယ်လေ။ လိုအပ်တဲ့သူတို့ ရခိုင်ပြည်နယ်ဘက်ကို ပြန်ပို့တဲ့ အခါကျလို့ရှိရင် လမ်းမှာ စားဖို့သောက်ဖို့တို့ အဲ့ဒါတွေအတွက်ကို ကျွန်တော်တို့ဘက်ကနေပြီး ကျခံပေးလိုက် တာပေါ့ ဆောင်ရွက်ပေးတာ။ သူတို့မူလနေရာတွေပဲ ပြန်သွားမှာပေါ့။ သူတို့လာခဲ့တဲ့ ပြီးခဲ့တဲ့ ကျွန်တော်တို့ အဖွဲ့တွေလိုပဲလေ။ ပြီးခဲ့တဲ့အဖွဲ့တွေ ၁၀၆ ယောက်တုန်းက အစီအစဉ်တိုင်းပဲ သွားမှာပေါ့နော်။"

ဒီလ ၁၆ ရက်မှာ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သံတဲကျေးရွာမှာ လှေစီးပြေး ဒုက္ခသည် ၁၀၆ ဦးကို တွေ့ရှိခဲ့ပြီး သူတို့ကိုလည်း နေရပ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်ကနေ မလေးရှားကို ထွက်ခွါဖို့ အခကြေးငွေပေးပြီး သွားနေရတာပါ။ ဆက်တိုက်ဆိုသလို လှေစီးပြေးဒုက္ခသည်တွေ တွေ့ရှိ တာနဲ့ ပတ်သက်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးစိုးအောင်က

"သူတို့တွေပြီးခဲ့တဲ့ တခေါက်ကလည်း ဒီလိုသွားကြတယ်။ သူတို့တွေအနေနဲ့က တခြားနိုင်ငံကိုသွားရောက် ပြီးတော့မှ တတိယနိုင်ငံကိုသွားပြီးတော့မှ အလုပ်အကိုင်ရရှိဖို့တို့ သွားတဲ့သဘောမျိုးပေါ့။ အဲ့လိုပုံစံမျိုးပေါ့။ သူတို့ကိုယ်တိုင်လည်း အဲ့လိုပြောတယ်လေ မလေးရှားဘက် သွားမယ်တို့ စသည်ဖြင့်ပေါ့။ အဲ့ဒီဘက်ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိဖို့ သွားတာ ဖြစ်မှာပေါ့။"

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(OCHA) က ရခိုင်ပြည်နယ် အလယ်ပိုင်းက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားပင်လယ်အော်ကို ဖြတ်ပြီး ထွက်ခွာဖို့ ကြိုးပမ်းတာ များပြားလာ တယ်လို့ နိုဝင်ဘာ ၂၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေထဲက ပထမအသုတ်အဖြစ် ပြန်လည်လက်ခံဖို့ ဒီလထဲမှာ စီစဉ်ထားပေမဲ့ အစီအစဉ်ပျက်ခဲ့ပြီး နောက်မှာပဲ၊ နောက်ထပ် နေရပ်စွန့်ခွာ ထွက်ပြေးဖို့ ကြိုးပမ်းမှု သတင်းတွေထွက်ပေါ်လာနေတာပါ။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစိအစဉ်နဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံဖက်မှာ အဆင်သင့်မဖြစ်သေးတဲ့အကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပြနေကြတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့မယ့် အစီအစဉ်ကို လက်ခံထားပြီး၊ ပြန်လည်လက်ခံဖို့လည်း အဆင်သင့် ပြင်ဆင်ထားကြောင်းလည်း ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG