သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေရပ်ပြန်လိုသူ ဒုက္ခသည်များစာရင်း UNHCR ကောက်ယူနေ


Cos's Bazar နားက Unchiprang ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့မယ့်အစီအစဉ်ကို ကြွေးကြော် ကန့်ကွက်နေစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)
Cos's Bazar နားက Unchiprang ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေ မြန်မာပြည်ပြန်ပို့မယ့်အစီအစဉ်ကို ကြွေးကြော် ကန့်ကွက်နေစဉ်။ (နိုဝင်ဘာ ၁၅၊ ၂၀၁၈)

ရိုဟင်ဂျာ ဒုက္ခသည် တဦးမှ ဒီကနေ့ ဌာနေမပြန်ဘူးလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက ပြောဆိုပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နှစ်နိုင်ငံ အစီအစဉ် အရ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပထမ အသုတ် ဌာနေပြန်ရေးကို ဒီကနေ့ စတင်လိုက်တာမှာတော့ ဒုက္ခသည် စခန်းတွင်း ဆန္ဒပြပွဲတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒီကနေ့ ဌာနေပြန်လိုသူတွေ မရှိသေးပေမယ့် ကုလသမဂ္ဂဘက်ကတော့ ဆန္ဒအလျောက် ဌာနေပြန်လိုသူတွေ ရှိ မရှိ စစ်ဆေးရေး လုပ်ငန်းကို ဆက်ပြီး လုပ်ဆောင်သွားမယ်လို့လည်း ပြောဆိုပါတယ်။ ဒီကနေ့ စတင်လိုက်တဲ့ ရိုဟင်ဂျာတွေ ဌာနေပြန်ရေး လုပ်ငန်းစဉ် အခြေအနေကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

ဘင်္ဂလားဒေရှ့်မှာ တိမ်းရှောင်နေကြတဲ့ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက ပထမ အသုတ် ဌာနေပြန်ရေး လုပ်ငန်းစဉ်ကို ဒီကနေ့ ကြာသပတေးနေ့မှာ စတင်လိုက်တာမှာ ဌာနေပြန်နိုင်သူ မရှိသေးဘူးလို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီက ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR ရဲ့ ဘန်ကောက် အခြေစိုက် ဒေသဆိုင်ရာ အကြီးတန်း ပြန်ကြားရေး တာဝန်ခံ Caroline Gluck က ဌာနေပြန်ရေး အခြေအနေနဲ့ ပတ်သက်ပြီး ဗွီအိုအေကို ပြောပါတယ်။

“ ဘင်္ဂလားဒေရှ့် အစိုးရဘက်က ဘတ်စ်ကားတွေ စီစဉ်ပေးပါတယ်။ ဒါ့အပြင် ဌာနေပြန်ရေးဆိုင်ရာ ဘင်္ဂလားဒေရှ့် ကော်မရှင်နာမင်းကြီးလည်း ဒီကနေ့ အစောပိုင်းတုန်းက စခန်းမှာ ရှိနေခဲ့ပါတယ်။ တွေ့ဆုံ မေးမြန်းရသလောက် ဆန္ဒအလျောက် ဌာနေပြန်လိုတဲ့ ဒုက္ခသည် တဦးမှ မရှိဘူး၊ ဒါပေမယ့် အစိုးရဘက်ကတော့ စီစဉ်ပေးထားတယ်၊ အစိုးရ အနေနဲ့ကတော့ ဒုက္ခသည် တဦးတယောက်ကိုမှ သူတို့ ဆန္ဒနဲ့ ဆန့်ကျင်ပြီး ဖိအားပေးမှာ မဟုတ်ဘူး လို့ သူက ပြောဆိုပါတယ်။ ”

ဘင်္ဂလားဒေရှ့်နဲ့ မြန်မာ နှစ်နိုင်ငံ စိစစ်ထားပြီး ပထမ အသုတ် ဌာနေပြန်မယ့်သူ ၂ ထောင်ကျော်ကို ဆန္ဒအလျောက် ဌာနေပြန်လိုသလားဆိုတာကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ဒါပေမယ့် ဒီကနေ့ မေးမြန်းရသလောက်တော့ တဦးတယောက်မှ ဌာနေပြန်လိုသူ မရှိတာကို တွေ့ရပြီး နောက်နေ့တွေမှာလည်း စာရင်းမှာ ပါတဲ့ သူတွေကို ဆက်ပြီး မေးမြန်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR ရဲ့ ဘန်ကောက် အခြေစိုက် ဒေသဆိုင်ရာ အကြီးတန်း ပြန်ကြားရေး တာဝန်ခံ Caroline Gluck က ဗွီအိုအေကို ပြောပါတယ်။

“ စာရင်းထဲမှာတော့ လူ ၂ ထောင်ကျော် ရှိနေပါတယ်။ ကျမတို့ဘက်က ဒုက္ခသည်တွေရဲ့ လိုလားချက်တွေကို သိရဖို့ တွေ့ဆုံ မေးမြန်းနေပါတယ်။ အခုအချိန်ထိတော့ ကျမတို့နဲ့ တွေ့ဆုံဖို့ ရှိနေတာက မိသားစု ၅၀ ဘဲ ရှိပါတယ်။ မိသားစု အများအပြားက သူတို့ အိမ်တွေမှာ မရှိကြပါဘူး။ သူတို့ ရှေ့ရေး အတွက် စိုးရိမ် စိတ်ပူလို့ အများအပြားက ဒုက္ခသည် စခန်းကနေ ရှောင်သွားကြပါတယ်။ ဆိုတော့ စာရင်းပေါက်တဲ့ လူတွေ အားလုံးကို ရှာဖို့က ခက်ပါတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဉ်ကိုတော့ ဆက်ပြီး လုပ်သွားမှာပါ။ အဆုံးသတ်မယ်ဆိုတဲ့ ဟာမျိုး ကျမ မကြားရပါဘူး။ စာရင်းထဲမှာ ပါတဲ့ လူတွေ အားလုံးက မပြန်ချင်ကြဘူးဆိုမှသာ ကျမတို့ ဒီလုပ်ငန်းစဉ်ကို အဆုံးသတ်မယ်လို့ ထင်ပါတယ်။ ”

မြန်မာနိုင်ငံဘက်ကို ပြန်ဖို့ ပထမ အသုတ် စာရင်းထဲမှာ ပါဝင်တဲ့ စခန်းအမှတ် ၂၂ - Unchiprang ဒုက္ခသည် စခန်းက ကိုတင်မောင်ဆန်း ကတော့ ဌာနေပြန်ရေးနဲ့ ပတ်သက်ပြီး ဖိအားပေးခဲ့တာမျိုး မရှိခဲ့ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဌာနေပြန်ရေး လုပ်ငန်းစဉ် အတွက် စခန်းတွင်းမှာ အဆင်သင့် အနေအထား ရှိနေပြီး လူတွေလည်း စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

“ ကျနော်တို့ကို ခေါ်ပြီးတော့ ဌာနေပြန်ဖို့လို့ ပြောပါတယ်။ သူတို့ကတော့ အတင်းတော့ မပြောပါဘူးဗျ။ ကားတွေလည်း ရောက်တယ်။ ဘတ်စ်ကားတွေလည်း ရောက်တယ်။ ကုန်တင်ကားတွေလည်း ရောက်တယ်။ အခုလည်း ရှိပါတယ်ခင်ဗျ။ ဒီအချိန်ထိလည်း ရှိပါတယ်။ ”

ဌာနေပြန်မယ့် စာရင်းထဲမှာ ပါနေတဲ့ ကိုတင်မောင်ဆန်းနဲ့ မိသားစုဝင်တွေ ကတော့ သူတို့ ဆန္ဒ မပါဘဲ ဌာနေပြန်မယ့် စာရင်းထဲမှာ ပါနေတာလို့လည်း ပြောပါတယ်။ နိုင်ငံသားဖြစ်ခွင့်ရမှ ရိုဟင်ဂျာ အဖြစ် အသိအမှတ်ပြုမှ ဌာနေပြန်လိုပါတယ်လို့လည်း ကိုတင်မောင်ဆန်းက ပြောပါတယ်။ ဌာနေပြန်လာမယ့်သူတွေကို လက်ခံမယ်လို့ ပြောဆိုထားတဲ့ မြန်မာ အစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတာကို အသိအမှတ် မပြုသလို နိုင်ငံသား ဖြစ်ခွင့်ကိုလည်း အာမခံချက် မပေးပါဘူး။ တချိန်တည်းမှာဘဲ ဘင်္ဂလားဒေရှ့်ဘက်က ဌာနေပြန်လာမယ့်သူတွေကို လက်ခံဖို့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာလည်း မြန်မာ အာဏာပိုင်တို့ ဒီကနေ့ အသင့်စောင့်ဆိုင်းခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG