သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်တရားရေးဌာနစွဲချက်ပါဖော်ပြချက်နဲ့ RCSS ဂယက်


RCSS တပ်ဖွဲ့ဝင်များရဲ့ ယခင်မှတ်တမ်းရုပ်ပုံ။ (ဓာတ်ပုံ−Tai Freedom)
RCSS တပ်ဖွဲ့ဝင်များရဲ့ ယခင်မှတ်တမ်းရုပ်ပုံ။ (ဓာတ်ပုံ−Tai Freedom)

RCSS ရှမ်းလက်နက်ကိုင်အဖွဲ့ဆီကနေ လက်နက်အဆင့်ထိထုတ်နိုင်တဲ့ နျူကလီယား ကုန်ကြမ်းပစ္စည်းတွေရှိနေတယ်ဆိုတဲ့ အမေရိကန်တရားရေးဌာနရဲ့ စွဲချက်ပါ ဖော်ပြချက်ဂယက်ဟာ ရှမ်းပြည်သူတွေရော ရှမ်းနိုင်ငံရေးလောကထဲမှာပါ အကြီးအကျယ် ရိုက်ခတ်နေပါတယ်။ ဒါနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် သျှမ်းသံတော်ဆင့် SHAN အယ်ဒီတာချုပ် စိုင်းမိန်းကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

နျူကလီယားလက်နက်ထုတ်လုပ်နိုင်တဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေကို ရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိဘဲ နာမည်ဖျက်တဲ့လုပ်ရပ်သာဖြစ်တယ်လို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ စဝ်ယွက်ဆစ်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က တုံ့ပြန်ပြောဆိုထားတာပါ။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန်တရားရေးဌာနက ထုတ်ပြန်ချက်မှာပါတဲ့ DEA အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအေဂျင်စီရဲ့ အစီရင်ခံစာအရ- RCSS လို့ယူဆရတဲ့ မြန်မာနိုင်ငံက ရှမ်းလက်နက်ကိုင်အဖွဲ့ဟာ သူတို့ လိုအပ်နေတဲ့ လက်နက်တွေဝယ်ယူဖို့အတွက် ကြားပွဲစားလုပ်ပေးသူ ဂျပန်ရာကူဇာဂိုဏ်းခေါင်းဆောင် Takeshi Ebisawa (တာကီရှီ အာဘီဆာဝါ) ကနေတဆင့် နျူကလီယားလက်နက် ထုတ်လုပ်နိုင်တဲ့အဆင့်ရှိတဲ့ ယူရေနီယံနဲ့ ပလူတိုနီယံတွေအပါအဝင် မူးယစ်ဆေးဝါးတွေကိုရောင်းချဖို့ ပူးပေါင်းကြံစည်ခဲ့ကြောင်း ဖေါ်ပြထားတာပါ။ ဒါ့အပြင် ရာကူဇာခေါင်းဆောင် အာဘီဆာဝါအဆိုအရ ယူရေနီယမ်သတ္တုကလည်း ရှမ်းပြည် RCSS ထိန်းချုပ်ထားတဲ့နယ်မြေထဲကနေထွက်တာဖြစ်ကြေင်း အမေရိကန် တရားရေးဌာန ထုတ်ပြန်တဲ့ စာရွက်စာတမ်းတွေမှာ ဖေါ်ပြထားပါတယ်။

ရှမ်းပြည်မှာ ယူရေနီယံသတ္တုတွေ ထွက်နေသလားဆိုတာ အတိအကျမသိရပေမယ့် ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မှာ သတ္တုတွင်းတွေ၊ နောက် ကျောက်မီးသွေးတွင်းတွေ ရှိနေကြောင်း သျှမ်းသံတော်ဆင့် အယ်ဒီတာချုပ် စိုင်းမိန်းက ဗွီအိုအေကို ပြောပါတယ်။

စိုင်းမိန်း။ ။ ယူရေနီယံနဲ့ပတ်သက်ပြီးတော့မှ ထွက်ရှိတယ်ဆိုတာ တခါမှ မကြားမိဘူးပေါ့နော်၊ အမေရိကန်ကလည်း အချက်အလက် မပြည့်မစုံ မလုံလောက်ဘဲနဲ့ သူက ထုတ်ပြန်မှာမဟုတ်ဘူးဆိုတော့ ဒါ- စဥ်းစားစရာပေါ့နော်။ ရှမ်းပြည်မှာရှိနေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအများစုက ဥပမာ-ကျနော်တို့ကြားသိရတာက - သံလွင်မြစ်ထဲမှာထွက်တဲ့ရွှေတွေကို ကျင်ယူတာတောင်မှ ရှင်းရှင်းပြောလို့ရှိရင် သူတို့လုပ်တဲ့ နည်းပညာက မလောက်မငနဲ့ ခက်ခက်ခဲခဲ လုပ်ယူရတဲ့အနေအထားပေါ့နော်။ အဲဒါ ဖြစ်နိုင်မလားဆိုတဲ့ဟာ စဥ်းစားချက်ပါခင်ဗျ။

အင်ကြင်းနိုင်။ ။ ကျမတို့ ဗွီအိုအေရဲ့ စုံစမ်းမေးမြန်းချက်တွေအရဆိုရင် အဲဒီရှမ်းပြည်ဘက်မှာ တရုတ်နိုင်ငံသားတွေလာပြီး သတ္တု တူးဖေါ်ရေးလုပ်ငန်းတွေ အကြီးအကျယ်လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြတာ နှစ်အတန်ကြာပြီလို့ သိရပါတယ်။ အဲတာ ယူရေနီယံတွေ ထွက်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ တရုတ်တွေလာပြီး သတ္တုတူးဖေါ်ရေးလုပ်ငန်းတွေ လုပ်နေတယ်ဆိုတာကရော ဘယ်လို ဆက်စပ်နေလဲ။

စိုင်းမိန်း။ ။ ကျနော်တို့လည်း အံ့သြပါတယ်။ အာဏာမသိမ်းခင်တုန်းက - ကျနော်တို့ရုံးက တောင်ကြီးမှာအခြေစိုက်တာကိုး။ ရှမ်းပြည်တောင်ပိုင်းဘက်ကို ကားစီးလာလို့ရှိရင် မြို့နယ်တိုင်းမှာ ဗမာစကား၊ ရှမ်းစကား လုံးဝမတတ်တဲ့ တရုတ်ပြည်ကတရုတ်တွေ တွေ့တာပေါ့နော်၊ အဲဒါ သူတို့ဘာလာလုပ်လဲလို့ လိုက်မေးကြည့်တော့ တချို့တွေက သူတို့သတ္တုလာရှာတယ်လို့တော့ ပြောသံတော့ကြားတယ်။ ဒါနဲ့ စစ်တပ်ကနေ- လဝက-ကနေ သူတို့ကို ဖမ်းဆီးတယ်ဆိုတာ လုံးဝကို မကြားခဲ့ဖူးဘူး။​ နောက် ရှမ်းပြည်မြောက်ပိုင်းထဲမှာ ပြည်သူ့စစ်အဖွဲ့ပေါင်း .....ကျော်က တရုတ်စကားပြောတွေချည့်ပဲ။ အဲဒီပြည်သူ့စစ်တပ်ဖွဲ့တွေက ကျနော်တို့နိုင်ငံထဲ မန္တလေး-ရန်ကုန်အထိ ဒီအတိုင်းပဲ လွတ်လွတ်လပ်လပ် သွားလာလို့ရတယ်။

အင်ကြင်းနိုင်။ ။ မေးစရာရှိတာက အမေရိကန် DEA က တင်ပြထားတဲ့ အထောက် အထားတွေအရ RCSS ဥက္ကဋ္ဌ စဝ်ယွက်ဆစ်ရဲ့လက်ထဲမှာ နျူကလီယားကုန်ကြမ်းတွေရှိနေတယ် ဆိုတဲ့ အချက်ကိုရော ဘယ်လိုမြင်လဲ။

စိုင်းမိန်း။ ။ ကျနော်အံ့သြတာပေါ့နော်၊ ကျနော်တို့လည်း ဒီသတင်းကြားတဲ့နောက်ပိုင်းမှာ ထွက်ရှိတဲ့သတင်းတွေ၊ သတ္တုသန့်စင်မှုလုပ်ငန်းတွေ၊ တကယ့်ကို အန္တရာယ်ကြီးမားတယ်လေနော်၊ ယူရေနီယံကနေ ပလူတိုနီယံကို ပြောင်းမယ်ဆိုတဲ့အဆင့်မှာတောင်မှ- နျူကလီယားဆိုရင် တကယ့်ကို အန္တရာယ်ကြီးတဲ့ဟာပေါ့နော်။ ကျနော့်အနေနဲ့ မြင်မိတာ တကယ်တန်း သူတို့ အဲဒီသတ္တုတွေကို ဒီလိုသန့်စင်နိုင်လို့ရှိရင် သူတို့ကြိုးစားပြီးလုပ်နေတဲ့ လက်နက်ပစ္စည်းတွေကလည်း တကယ့်ခေတ်မီနေတဲ့အဆင့်ပေါ့နော်။ အခု ဆရာမတို့လည်း လေ့လာကြည့်လိုက်လို့ရှိရင် သူတို့ကိုင်ထားတဲ့သေနတ်တွေလည်း တွေ့မှာပါ။ ဘယ်လောက် ခေတ်မီနေလဲဆိုတာ၊ သူတို့ကိုယ်ပိုင်ထုတ်နေတဲ့ဟာ ဘာတခုမှကို မတွေ့ရဘူး။ အဲလိုအနေအထားပေါ့နော်။ တကယ်တန်း သူတို့ အဲလောက် သတ္တုတွေ သန့်စင်နိုင်လို့ရှိရင် ဒီသေနတ်ထုတ်လုပ်တဲ့အပိုင်းမှာကတော့ မပြောပလောက်ဘူးလို့ မြင်မိတယ်လေ၊​ နော်။

အင်ကြင်းနိုင်။ ။ အဲတော့ အမေရိကန်ဘက်က RCSS ထိန်းချုပ်နယ်မြေထဲမှာ ယူရေနီယံသတ္တုတွေ ထွက်နေတဲ့အပြင် သန့်စင်ထားတဲ့ နျူကလီယား ကုန်ကြမ်းတွေပါရှိနေတယ်ဆိုတဲ့ စွဲချက်တွေက ရှမ်းလူမျိုးတွေကို ဘယ်လိုရိုက်ခတ်နေသလဲ။

စိုင်းမိန်း။ ။ အခု ရှမ်းနိုင်ငံရေးအသိုင်းအဝိုင်းက အထူးစိုးရိမ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အရင်တုန်းကလည်း ////....ဆိုတာ ရှိခဲ့တယ်။ အဲဒီတုန်းကလည်း အမေရိကန်က မူးယစ်ဆေးဝါးနဲ့ပတ်သက် မူးယစ်ရာဇာ၊​ မူးယစ်ဘုရင်၊ ဘိန်းဘုရင် ခွန်ဆာ - လို့စွပ်စွဲတဲ့အချိန်တုန်းက ခွန်ဆာက စိုးရိမ်မှုလွန်ကဲပြီးတော့မှ တတပ်လုံး လက်နက်ချလိုက်တဲ့အဆင့် ဖြစ်သွားတယ်လေ။ အခုအခြေအနေလည်း ရှမ်းပြည်တပ်မတော်က ဒီခေါင်းဆောင်က စွပ်စွဲခံရတော့ အဲလိုမျိုးအခြေအနေ ဖြစ်လာမလားဆိုတဲ့ စိုးရိမ်ချက်က အမြင့်ဆုံး အနေအထားဖြစ်နေတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG