သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်း ဒေသခံတွေ ချက်ချင်း ဘေးလွတ်ရာရှောင်ကြဖို့ သတိပေး


ရုရှားတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေတဲ့ Luhansk ဒေသ Rubizhne မြို့။ (ဧပြီ ၇၊ ၂၀၂၂)
ရုရှားတပ်တွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေတဲ့ Luhansk ဒေသ Rubizhne မြို့။ (ဧပြီ ၇၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုတွေ တိုးလာနေချိန်မှာပဲ ဒေသခံတွေ အမြန် ဘေးလွတ်ရာ ထွက်ခွါကြဖို့ Luhansk ဒေသ အုပ်ချုပ်ရေးမှူး Serhiy Gaidai က စနေနေ့က ပန်ကြားလိုက်ပါတယ်။

ဒေသတွင်းမှာတော့ လေကြောင်းသတိပေး ဥသြသံတွေ ဆူညံနေတာပါ။ Luhansk ဒေသက ကျန်နေသေးတဲ့ ဒေသခံ သုံးပုံတပုံလောက်ကို ရုရှားတပ်တွေက အလုံးအရင်းနဲ့ ထိုးစစ်ဆင်ဖို့ လုပ်နေပြီလို့ အုပ်ချုပ်ရေးမှူးက ရုပ်သံကနေ သတိပေးလိုက်တာ ဖြစ်ပါတယ်။

ရုရှားသမ္မတ Vladimir Putin ဟာ ယူကရိန်းမြောက်ပိုင်းက Kyiv မြို့တော်တဝိုက်က သူ့တပ်တွေ ပြန်ရုပ်သိမ်းပြီး အရှေ့ပိုင်းကိုတိုက်ဖို့ လုပ်နေတယ်လို့ စစ်ရေးသုံးသပ်သူတွေက ပြောနေသလို ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ရုရှားဟာ ယူကရိန်းတောင်ဘက် Crimea ကနေ အရှေ့ဘက် Donbas ဘက် လမ်းပေါက်အောင် လုပ်နေပြီး အဲဒီတောင်ဘက်နဲ့ အရှေ့ဘက်တွေမှာ ပစ်ခတ်မှုတွေ ဆက်ပြီး တိုးလုပ်လာမယ်လို့ ခန့်မှန်းထားပါတယ်။ တောင်ဘက်က Crimea ကျွန်းဆွယ်ဒေသကို ရုရှားက ၂၀၁၄ မှာ ကျူးကျော် သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ အရှေ့ပိုင်းက Donetsk ဒေသမှာရှိတဲ့ Kramatorsk ဘူတာရုံကို သောကြာနေ့က မစ်ဇိုင်းဒုံး ၂ စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၅ ဦး အပါအဝင် လူ ၅၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့တာပါ။

အခုလို တိုက်ခိုက်မှုဟာ အရပ်သားတွေအပေါ် တမင်သက်သက် တိုက်ခိုက်တာဖြစ်ပြီး ဒါဟာ စစ်ရာဇဝတ်မှု ဖြစ်တယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က ပြောကြားလိုက်ပြီး ဒါကို ကမ္ဘာက သေသေချာချာ တုံ့ပြန်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရုရှားကတော့ ဒီဘူတာရုံပစ်ခတ်မှုဟာ Tochka-U မစ်ဇိုင်းနဲ့ ပစ်ခတ်တာဖြစ်ပြီး ရုရှားဘက်က ဒီလို တာတိုပစ် မစ်ဇိုင်းဒုံးကျည်မျိုးကို မသုံးကြောင်း ငြင်းဆိုပြီး ယူကရိန်းဘက်ကို အပြစ်တင်ခဲ့တာပါ။

ဒါပေမယ့်လည်း ကာကွယ်ရေးဆိုင်ရာ Defence Blog ဝက်ဘ်ဆိုက်မှာတော့ ရုရှားစစ်ယာဉ်တန်းကနေ ဒီလိုမစ်ဇိုင်းမျိုး သယ်ဆောင်သွားတာ တွေ့ရကြောင်း မတ်လ ၃၁ ရက်နေ့က ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

---------------------------

(Unicode)









XS
SM
MD
LG