ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို မော်စကိုမြို့တော်က လူထု ချီတက်ပွဲ တခုမှာ ရဲက ဖမ်းဆီးလိုက်ပါတယ်။ လာမယ့် မတ်လ အတွင်း ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ အတိုက်အခံ ခေါင်းဆောင် Navalny က ဆော်သြခဲ့တာပါ။
သူအဖမ်းခံရပြီဆိုတာကို Navalny က တွစ်တာမှာ ရေးသားခဲ့ပြီး သူ့ကို ထောက်ခံသူတွေ ဆန္ဒပြပွဲမှာ ပူးပေါင်းကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာတော့ မော်စကို ရဲအဖွဲ့က မစ္စတာ Navalny ရဲ့ ဌာနချုပ်ကို ချိုးဖောက်ဝင်ရောက်ခဲ့ပြီး တိုက်ရိုက်လွှင့်တင်ထားတဲ့ ဗွီဒီယိုထဲမှာတော့ သူ့ရဲ့ ၀န်ထမ်းတွေကို ရဲက စစ်ဆေး မေးမြန်း ဖမ်းဆီးနေတာကို တွေ့ရပါတယ်။
မတ်လ ကျင်းပမယ့် ရွေးကောက်ပွဲက အတုအယောင် ရွေးကောက်ပွဲလို့ အတိုက်အခံ ခေါင်းဆောင်က ပြောဆိုပြီး သပိတ်မှောက်ကြဖို့ ပြောဆိုခဲ့တာပါ။ ရဲတွေ တင်းတင်းကျပ်ကျပ် ချထားပေမယ့်လည်း ဆန္ဒပြပွဲတွေမှာ သူတက်ရောက်မယ့် အရေးကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူးလို့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ဗွီဒီယိုထဲမှာ ပြောဆိုထားတာပါ။ ဆိုင်းငံ့ထောင်ဒဏ် ရှိနေတဲ့ အတွက်ဆိုပြီး အတိုက်အခံ ခေါင်းဆောင် Navalny ကို သမ္မတ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခွင့် တားမြစ်ထားတာပါ။