သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီမှာ နေရာပြန်ရဖို့ ရုရှားကြိုးပမ်း 


UN Russia Ukraine
UN Russia Ukraine

ဒီကနေ့ အင်္ဂါနေ့ အထွေထွေညီလာခံ မဲပေးပွဲအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ နေရာပြန်ရဖို့ ရုရှားက ကြိုးစားနေပါတယ်။

နိုင်ငံရေး အမှတ်ရအောင် လက်နက်အဖြစ်အသုံးပြုနေတာ၊ လိုတမျိုး မလိုတမျိုး နှစ်ခွစံနှုန်းနဲ့ လုပ်ဆောင်ပုံတွေကနေ လူ့အခွင့်အရေး ကောင်စီကို ကာကွယ်ကြရပါမယ်လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗာစီလီ နီဘင်န်ဇီးယား (Vassily Nebenzia) က ပြောပါတယ်။ ဝင်ရောက်အရွေးခံမယ့် အထိမ်းအမှတ်အဖြစ် ပြုလုပ်တဲ့ဧည့်ခံပွဲမှာ ရုရှားသံအမတ်ကြီးက တက်ရောက်ခဲ့သူတွေကို ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။

ဂျနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ကောင်စီဝင် ၄၇ ယောက်အနက် ၁၅ ယောက်ကို အင်္ဂါနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ လျှို့ဝှက်မဲနဲ့ ရွေးချယ်ကြမှာပါ။ မနှစ်တုန်းကတော့ ယူကရိန်း စစ်ပွဲကြောင့် ရုရှားထုတ်ပယ်ရေးအဆိုကို နိုင်ငံ ၉၃ နိုင်ငံက ထောက်ခံခဲ့ပြီး ၂၄ နိုင်ငံက ကန့်ကွက်ခဲ့ကြပါတယ်။ ၅၈ နိုင်ငံက မဲမပေးဘဲ နေခဲ့ကြတာပါ။

ယူကရိန်းကို ကျူးကျော်ဝင်ရောက်ခဲ့ကတည်းက ရုရှားနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက် ၆ ခုကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ စဥ်းစားခဲ့ပြီး အားလုံး ရုရှား ရှုံးခဲ့ပါတယ်။ သုံးခုက မဲ အတော်ကွာပြီး ရှုံးတာပါ။ ဒီနှစ်မှာ အယ်ဘေးနီးယားနဲ့ ဘူဂေးရီးယားတို့ ရရှိမယ့်နေရာ ၂ နေရာထဲ က တနေရာကို ရုရှားက အပြိုင်လုယူရမှာမို့ ခက်ခဲနိုင်ပါတယ်။

အများအမြင်မှာ မဲမပေးလိုပေမဲ့ လျှို့ဝှက်မဲပေးနိုင်ခြေရှိတဲ့ တိုင်းပြည်တွေအပေါ်မှာ ရုရှားက အားထားပုံရတယ်လို့ နိုင်ငံတကာ အကြပ်အတည်းလေ့လာရေးအဖွဲ့ (ICG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ ညွှန်ကြားရေးမှူး ရစ်ချတ် ဂိုဝမ် (Richard Gowan) က ပြောပါတယ်။

ရုရှားက သူ နိုင်ခြေရှိတယ်လို့ ယုံကြည်နေသလား၊ ဒါမှမဟုတ် ကုလသမဂ္ဂမှာ သူဟာ အထီးကျန်မဟုတ်ဘူးဆိုတာကို အနည်းဆုံး ပြသဖို့ လုံလောက်တဲ့မဲ ရနိုင်တယ်လို့ ယုံကြည်များနေသလား သံသယဖြစ်မိပါတယ်လို့ မစ္စတာဂိုဝမ်က သုံးသပ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG