သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒို- ပစိဖိတ် မဟာမိတ်တွေကို တန်ပြန်ရေး အာရှနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့ ရုရှား ကြိုးပမ်း 


(Zawgyi / Unicode)

ရုရှားဟာ အရှေ့တောင်အာရှ နိုင်ငံများ အသင်း အဖွဲ့ဝင် နိုင်ငံတွေနဲ့ ဆွေးနွေးမှုတွေ၊ အစီအစဉ်တွေကနေ တဆင့် အရှေ့တောင် အာရှ ဒေသမှာ သူ့ရဲ့ သြဇာ လွှမ်းမိုးမှုကို ချဲ့ထွင်နိုင်ရေး ကြိုးစားနေတယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။

ဒါပေမယ့်လည်း ဒေသတွင်းမှာ စစ်ရေး အရ ဒါမှမဟုတ်လည်း ငွေကြေး အင်အား အရ ပိုပြီး ကြီးထွားလာမယ့် အနေအထား မရှိဘူးလို့လည်း သုံးသပ်သူတို့က ရှုမြင်ပါတယ်။ Luke Hunt ရဲ့ သတင်းဆောင်းပါးကို ဒီသီတင်းပတ် စီးပွားရေး အစီအစဉ်မှာ မသိင်္ဂ ီထိုက် တင်ပြထားပါတယ်။

အရှေ့တောင် အာရှ ဒေသတွင်းမှာ ရုရှားက သြဇာချဲ့ထွင်ဖို့ ကြိုးစားမှုထဲမှာ အရှေ့တောင် အာရှ နိုင်ငံများ အသင်း ASEAN အဖွဲ့ဝင် ၁၀ နိုင်ငံနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး၊ ဒီဂျစ်တယ် စီးပွားရေးနဲ့ ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားပြီး ၅ နှစ်တာ လမ်းပြမြေပုံကို ရုရှားက ချမှတ်ထားတာလည်း ပါဝင်ပါတယ်။ တချိန်တည်းမှာဘဲ ဆဌမ အကြိမ်မြောက် အရှေ့ပိုင်း စီးပွားရေး ဖိုရမ်ကိုလည်း ပြီးခဲ့တဲ့ လအတွင်း ရုရှား နိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့မှာ ကျင်းပခဲ့ပါတယ်။ ရုရှား အပါအဝင် အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်တို့ရဲ့ စီးပွားရေးဆိုင်ရာ အဖွဲ့ဖြစ်တဲ့ Eurasian Economic Union ၊ နောက် ရုရှားနဲ့ အာဆီယံကြား ချိတ်ဆက်နိုင်ရေး ဗီယက်နမ်က ပေါင်းကူး အဖြစ် ဆောင်ရွက်ခဲ့တာပါ။

အင်ဒို - ပစိဖိတ်ဒေသတွင်း သံတမန်ရေးရာ အပြောင်းအလဲတွေကို တုံ့ပြန်မှု အနေနဲ့ ရုရှား အစိုးရ အနေနဲ့ ဒေသတွင်းမှာ နိုင်ငံရေး အရ ပူးပေါင်းဆောင်ရွက်မှုတွေကို ထိန်းထားနိုင်ရေး ကြိုးစားလာနိုင်တယ်လို့ သုံးသပ်သူတွေက ခန့်မှန်းနေကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကမ္ဘောဒီးယား အဖွဲ့ - Cambodian Institute for Cooperation and Peace က Bradely Murg က အခုလို သုံးသပ်ပါတယ်။

" ရုရှားဟာ ကမ္ဘာ့ အင်အားကြီး နိုင်ငံ တခု အဖြစ် သူ့ ပြည်တွင်းမှာ ရှုမြင်ခံရဖို့ လိုလားနေတာပါ။ ဒေသတွင်းမှာ သီးခြား ရပ်တည်နေတဲ့ နိုင်ငံတခု အနေနဲ့ ရှုမြင်စေချင်တာ မဟုတ်ပါဘူး။ ဒါ့အပြင် ပိုးလမ်းမ စီမံကိန်းကနေ တဆင့် အရှေ့တောင် အာရှနဲ့ ဗဟို အာရှ နောက် ဥရောပကို ဆက်နွယ်မှု၊ လမ်းတွေ တိုးချဲ့မှု၊ အခြေခံ အဆောက်အဦ ပိုင်းဆိုင်ရာ တိုးချဲ့မှုတွေနဲ့ အရှေ့တာင် အာရှ ဒေသကို ဝင်ရောက်ဖို့ လမ်းကလည်း အတော်လေး လွယ်ကူပါတယ်။ အရှေ့တောင် အာရှ ဒေသတွင်း စီးပွားရေး စင်္ကြန်တွေ ချိတ်ဆက်မှု ဖြစ်တာနဲ့ အညီ ကုန်သွယ်ရေး တိုးမြှင့်ရေး အတွက် အကြိတ်အနယ် ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။ "

သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နဲ့ အမေရိကန် တို့ရဲ့ Quad အဖွ့ဲ ပေါ်ထွက်လာမှု၊ နောက် သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ AUKUS ရေတပ် မဟာမိတ်တွေကြောင့်လည်း ရုရှားဘက်က မကျေမနပ် ဖြစ်တယ်လို့လည်း သုံးသပ်သူ တဦးက ပြောပါတယ်။ ဒီနှစ်ဖွဲ့စလုံးကတော့ တရုတ်ရဲ့ သြဇာ လွှမ်းမိုးမှုကို ချိန်ညှိရေး ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

ဒီကနေ့ ခေတ်မှာ ရေပန်း အစားဆုံး ကိစ္စတွေထဲက တခုကတော့ အမေရိကန်က တီထွင်လိုက်တဲ့ အင်ဒို- ပစိဖိတ် မဟာဗျူဟာတွေ ဆိုတာဘဲဖြစ်ပါတယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergey Lavrov က အဆင့်မြင့် အရာရှိကြီးတွေ၊ စီးပွားရေး ခေါင်းဆောင်တွေနဲ့ ပညာရှင်တွေ ပါတဲ့ မော်စကို အခြေစိုက် အဖွဲ့ - နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး မူဝါဒဆိုင်ရာ ကောင်စီရဲ့ ၂၉ ကြိမ်မြောက် အစည်းအဝေးမှာ ပြောပါတယ်။ ASEAN ရဲ့ ဖွဲ့စည်းတည်ဆောက်မှု အောက်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေ အတွင်း တည်ရှိခဲ့တဲ့ အာရှ-ပစိတ်ဖိတ် ဒေသတွင်း ဖွဲ့စည်းမှုပုံစံတွေဟာ ဒါတွေ အားလုံးကြောင့် တရွေ့ရွေ့ ဆုတ်ယုတ် လျော့ပါးတဲ့ လမ်းကြောင်းကို သွားနေပြီလို့လည်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ရုရှားရဲ့ ပစိဖိတ်ဆိုင်ရာ ရေတပ်ရဲ့ တစိတ်တပိုင်း အဖြစ် အမြဲတမ်း တပ်ချရေး အတွက် အိန္ဒိယ သမုဒ္ဒရာတွင်းကို သဘောၤတွေနဲ့ ရေငုပ်သဘောၤတွေ စေလွှတ်ခဲ့ကြောင်း ရုရှား အစိုးရ သတင်းဌာန Tass က ဖော်ပြတဲ့ အချိန်မှာဘဲ ရုရှား နိုင်ငံခြားရေး ဝန်ကြီးရဲ့ ဝေဖန်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ရုရှား နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ မလေးရှား နိုင်ငံတွင်းမှာ ထောက်ခံမှု ရပါတယ်။ သြစတြေးလျ၊ ဗြိတိန်နဲ့ အမေရိကန်တို့ရဲ့ AUKUS မဟာမိတ်ဟာဆိုရင် ဒေသတွင်းမှာ အထူးသဖြင့် တောင်တရုတ် ပင်လယ်ပြင် အတွင်းမှာ တခြား အင်အားကြီးနိုင်ငံတွေဘက်က ပိုပြီး ပြင်းပြင်းထန်ထန် ဆောင်ရွက်လာရေး ဆွ ပေးသလို ဖြစ်နိုင်တယ်လို့ မလေးရှား ကာကွယ်ရေး ဝန်ကြီး Hishammuddin Hussin က လွှတ်တော်မှာ ပြောဆိုခဲ့တာပါ။

AUKUS အရေးကြောင့် ဒေသတွင်းမှာ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး နောက်လ အတွင်း ဘရူနိုင်း နိုင်ငံမှာ ကျင်းပဖို့ ရှိနေတဲ့ အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ အစည်းအဝေးမှာ မျှော်လင့်ကြောင်း မလေးရှား ကာကွယ်ရေး ဝန်ကြီး Hussein က ပြောပါတယ်။ ဒါပေမယ့်လည်း အရှေ့တောင် အာရှ ဒေသတွင်းက မြန်မာနဲ့ ဗီယက်နမ်က လွဲရင် တခြားနိုင်ငံတွေ အပေါ်မှာ သြဇာညောင်းနိုင်မယ့် စစ်အင်အား၊ ငွေကြေး ဒါမှမဟုတ်လည်း ကုန်သွယ်ရေး သဘောတူညီချက်မျိုး ရုရှားမှာ ရှိတယ်ဆိုတာကိုတော့ သုံးသပ်သူတွေက လက်မခံကြပါဘူး။ စကာၤပူက ISEAS-Yusof Ishak Institute က Ian Storey က အခုလို ပြောပါတယ်။

" ရုရှားက သူ့ကိုယ်သူ အင်အားကြီး နိုင်ငံတခုလို့ ရှုမြင်ထားတာပါ။ "

Eurasian Economic Union- Eurasian စီးပွားရေး ဆိုင်ရာ သမဂ္ဂ ကို ရုရှားက ကြီးစိုးထား သလိုဘဲ အာတိတ် ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစိုးရချင်း ဆက်သွယ်ဆောင်ရွက်မှု အဖွဲ့ ဖြစ်တဲ့ နော်ေ၀ အခြေစိုက်အာတိတ် ကောင်စီ Arctic Council၊ စီးပွားရေး ကြီးထွားလာနေတဲ့ ဘရာဇီးလ်း၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နဲ့ တောင်အာဖရိကတို့ရဲ့ BRIC အဖွဲ့၊ တရုတ်၊ အိန္ဒိယ၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ ရုရှား၊ ပါကစ္စတန်၊ တာဂျစ်ကစ္စတန်နဲ့ ဥဇဘက်ကစ္စတန်တို့ အပါအဝင် နိုင်ငံအများအပြားပါတဲ့ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့တို့မှာလည်း ရုရှား အနေနဲ့ သြဇာ ကြီးသလို အကျိုးစီးပွား ပတ်သက်မှုကြီးလည်း ရှိတယ်လို့ သူက ပြောပါတယ်။ စကာၤပူက ISEAS-Yusof Ishak Institute က Ian Storey က အခုလို ဆက်ပြောပါတယ်။

နေရာ တခု ရလိုပြီး ဒါဟာ မွေးရာပါ အခွင့်အရေး တခုလို့ ယူဆထားတာပါ။ ခံစားပိုင်ခွင့် တခုလို့ စဉ်းစားတာပါ။ ဒါပေမယ့်လည်း အလုံးစုံ သြဇာညောင်းမှု မရှိဘူးဆိုရင်တော့ ဘက်စုံပါဝင်တဲ့ အဖွဲ့အစည်းတွေကို မကြိုက်ပါဘူး။

အာဆီယံ ဒါမှမဟုတ်လည်း East Asia Summit မှာ ရုရှား အစိုးရ အနေနဲ့ အားကောင်းတဲ့ သြဇာမရှိဘူးလို့လည်း Ian Storey က ပြောပါတယ်။

ASEAN အပေါ် ရုရှားရဲ့ အစဉ်အလာ သြဇာညောင်းမှုက အကန့်အသတ်နဲ့သာ ရှိပြီး မြန်မာနဲ့ ဗီယက်နမ်ကို လက်နက်ရောင်းချမှုသာ ရှိပါတယ်။ စစ်အေးခေတ်ကာလ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မှုရဲ့ အမွေအဖြစ် တခြားဘယ်နိုင်ငံနဲ့မှ မရှိတဲ့ နည်းလမ်းနဲ့ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်တယ်လို့ ဗီယက်နမ်ဘက်က ရှင်းရှင်းလင်းလင်း ပြသထားထားကြောင်းလည်း ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကမ္ဘောဒီးယား အဖွဲ့ - Cambodian Institute for Cooperation and Peace က Bradely Murg က ပြောပါတယ်။ ဒီယူဆချက် အတိုင်းဘဲ စကာၤပူက ISEAS-Yusof Ishak Institute က Ian Storey ကလည်း ပြောပါတယ်။

ရုရှားဟာ အပြန်အလှန် ကူးလူးဆက်ဆံသူ အဖြစ်သာ ရှိပြီး တခြား နိုင်ငံတွေ ဖြစ်တဲ့ ဗြိတိန်လို နိုင်ငံမျိုးက အရှေ့တောင်အာရှမှာ ရုရှားထက် အကျိုးစီးပွား ပိုပြီးများတယ်လို့လည်း Storey က ထောက်ပြပါတယ်။

ဥပမာ အားဖြင့်ဆိုရင် Covid ကပ်ဘေးရောဂါ ကာလ မတိုင်ခင်က ရုရှားနဲ့ အာဆီယံကြား နှစ်ဘက် အကျိုးတူ ကုန်သွယ်မှုက တနှစ်ကို ဒေါ်လာ ၂၀ ဘီလျံလောက် ရှိပါတယ်။ တချိန်တည်းမှာဘဲ ၂၀၁၉ ခုနှစ် အတွင်း ဗြိတိန်နဲ့ အာဆီယံကြား ကုန်သွယ်မှုက ဒေါ်လာ ၅၂ ဘီလျံ၊ သြစတြေးလျနဲ့ အာဆီယံကြား ကုန်သွယ်မှုက ဒေါ်လာ ၉၃ ဘီလျံ ရှိပြီး အမေရိကန်နဲ့ ကုန်သွယ်မှုက ဒေါ်လာ ၃၆၂ ဘီလျံ၊ တရုတ်နဲ့ ကုန်သွယ်မှုက ဒေါ်လာ ၆၄၄ ဘီလျံ ရှိပါတယ်။

" ဒေသတွင်းမှာ ပါဝင် ပတ်သက်သူ တဦး ဖြစ်ပါတယ် ဒါပေမယ့်လည်း အဓိက ကျတဲ့ ပါဝင် ပတ်သက်နေသူ မဟုတ်ပါဘူး။ စစ်တပ် တပ်ချမှုလည်း မဆိုစလောက်သာ ရှိပါတယ်။ သူတို့ရဲ့ အဓိက မိတ်ဖက်က ဗီယက်နမ်ပါ။ ဒါပေမယ့်လည်း ဗီယက်နမ်နဲ့ စစ်ရေးလေ့ကျင့်မှုမျိုး မရှိပါဘူး။ တခါတော့ ရှိတယ်လို့ ပြောရမှာပါ။ ဆယ်စုနှစ်တွေနဲ့ချီပြီး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့တဲ့ နှစ်နိုင်ငံ အတွက် ဒါက ဖြစ်ရိုး ဖြစ်စဉ် မဟုတ်ပါဘူး။ "

ရေငုပ်သဘောၤတွေ ဘေးအန္တရာယ် ကျရောက်တဲ့ အခါမှာ ကူညီကယ်ဆယ်ရေး သဘောၤတစင်းနဲ့ လေ့ကျင့်ခဲ့တဲ့ ၂၀၁၉ ခုနှစ်က ပူးတွဲ လေ့ကျင့်မှုကို ရည်ညွှန်းပြီး စစ်ရေး လေ့ကျင့်မှု တကြိမ် ရှိခဲ့တယ်လို့ ပြောတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရုရှားက သူ့ရဲ့ အရှေ့စွန်ပိုင်း ဒေသ Primorsky ပိုင်နက် အတွင်းမှာ လာအိုနဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

အရှေ့တောင် အာရှ ဒေသတွင်းမှာ သီးခြား လှုပ်ရှားဆောင်ရွက်နေသူလို့ ယူဆခံရတဲ့ တရုတ်နဲ့တော့ ရုရှားက သိပ်ပြီး ရင်းနှီးမှု ရှိနေဆဲ ဖြစ်ကြောင်း Cambodian Institute for Cooperation and Peace က Bradely Murg က ပြောပါတယ်။ စီးပွားရေး မျက်နှာစာဘက်မှာတော့ Eurasian Economic Union နဲ့ စကာၤပူ၊ ဗီယက်နမ်တို့ကြား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက်တွေကြောင့် အနာဂတ် စီးပွားရေး ဖွံ့ဖြိုးမှု အလားအလာတွေ ဆောင်ကျဉ်းလာနိုင်တယ်လို့လည်း Bradely Murg က ပြောပါတယ်။

(Unicode)




















XS
SM
MD
LG