သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက ယူကရိန်းစစ်သင်္ဘောတွေကို တိုက်ခိုက်ပြီး သိမ်းပိုက်


ရုရှားရေပိုင်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပင်လယ်နက်အတွင်းမှာရှိတဲ့ ယူကရိန်း ရေတပ်သင်္ဘော ၂ စင်းကို ရုရှားက တနင်္ဂနွေနေ့က ပစ်ခတ်လိုက်ပြီး တတိယမြောက် တစင်းကိုတော့ သင်္ဘောချင်း အတင်း ဝင်တိုက်ခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုကြောင့် သူတို့ရဲ့ရေတပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရသွားကြောင်း ယူကရိန်းအရာရှိတွေက ပြောကြားလိုက်ပြီး သူတို့ဘက်က မှားယွင်းမှု တစုံတရာ ကျူးလွန်ခဲ့ခြင်းမရှိကြောင်း၊ ဒါဟာ ရုရှားဘက်က စစ်ရေးအရ ရန်လိုတဲ့ လုပ်ဆောင်မှုဖြစ်ကြောင်း ပြောပါတယ်။

ဒီလုပ်ရပ်ဟာ ပင်လယ်နက်ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတိုင်းရဲ့ လုံခြုံရေးကို ခြိမ်းချောက်ရာ ရောက်တဲ့အတွက် နိုင်ငံတကာ အသိုင်းဝိုင်းက ပြတ်သားစွာ တုန့်ပြန်ကြဖို့ လိုအပ်ကြောင်း ယူကရိန်းနိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရုရှားလုံခြုံရေးတပ်ဖွဲ့ FSB ကတော့ ယူကရိန်းဘက်က တမင် ရန်စခဲ့တာလို့ စွပ်စွဲ ပြောဆိုပါတယ်။

ယူကရိန်းရဲ့ စစ်သင်္ဘောတွေကို ဟန့်တားတဲ့အနေနဲ့ လက်နက်တွေကို အသုံးပြုခဲ့ရကြောင်း၊ အဲဒီရဲ့ နောက်ဆက်တွဲအဖြစ်နဲ့ ယူကရိန်း ရေတပ်သင်္ဘော ၃ စင်းကို ရုရှားအစိုးရက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်း FSB က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပင်လယ်နက်အတွင်းက Odessa ဒေသမှာ ရှိနေတဲ့ ရေတပ်သင်္ဘောကို ၂ စင်းကို Kerch ရေလက်ကြားကို ဖြတ်ပြီး Azov ပင်လယ်ပြင်မှာရှိတဲ့ ယူကရိန်းပိုင် Mariupol ဆိပ်ကမ်းကို သယ်လာတဲ့အချိန်မှာ ယူကရိန်း ဆွဲသင်္ဘောက ဘေးကနေ အစောင့်အဖြစ်နဲ့ လိုက်ပါပေးတဲ့အချိန်မှာ အခုလို ပစ်ခတ်မှု ဖြစ်သွားခဲ့တာပါ။

XS
SM
MD
LG