သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

F-16 တိုက်လေယာဥ် တစင်းပျက်ကျခဲ့ဟု ယူကရိန်းထုတ်ပြန်


 F16 အမျိုးအစား ဂျက်တိုက်လေယာဥ်
F16 အမျိုးအစား ဂျက်တိုက်လေယာဥ်

ရုရှားခုခံစစ်အတွက် အနောက်မဟာမိတ်နိုင်ငံတွေဆီကရတဲ့ F-16 ဂျက်တိုက်လေယာဉ်တွေထဲက တစင်းပျက်ကျသွားခဲ့တယ်လို့ ယူကရိန်းလေတပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ရုရှားဘက်က မစ်ဇိုင်းတွေ၊ ဒရုန်းတွေနဲ့ အကြီးအကျယ်တိုက်ခိုက်ခဲ့တဲ့ တနင်္လာနေ့တုန်းက ဒီဂျက်တိုက်လေယာဉ် ပျက်ကျခဲ့တာ ဖြစ်ကြောင်း စစ်တပ်ဖေ့စ်ဘုတ်မှာ ဖေါ်ပြထားပြီး ဒါဟာ ယူကရိန်းမှာ F-16 တစင်း ဆုံးရှုံးခဲ့ကြောင်း ပထမဆုံးသတင်းထုတ်ပြန်ချက် ဖြစ်ပါတယ်။ ဒီဂျက်တိုက်လေယာဉ်တွေဟာ ဇူလိုင်လကုန်က ယူကရိန်းကို ရောက်လာတာပါ။ အခုလို တိုက်လေယာဉ်ပျက်ကျမှုအတွက် စုံစမ်း စစ်ဆေးနေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ရုရှားတပ်တွေဟာ ဒရုန်း ၇၄ စင်းနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံးကျည် ၃ စင်း ပစ်လွှတ် တိုက်ခိုက်ခဲ့ပြီး ယူကရိန်းလေတပ်ဘက်က ဒရုန်း အစင်းပေါင်း ၆၀ ကို ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ကြာသပတေးနေ့ အစောပိုင်းမှာ ပြောပါတယ်။ ဒီ ဒရုန်းတွေကို ချာကာစီ၊ ဒနီပရို ပက်ထရောဗ်၊ Donetsk ၊ ခါဆန်နဲ့ စူမီဒေသတွေကနေ ဖျက်ချခဲ့တာဖြစ်ကြောင်းလည်း ပြောပါတယ်။ ယူကရိန်း မြို့တော် Kyiv မှာလည်း ၄ ရက်အတွင်း ဒရုန်းတိုက်ခိုက်မှု ၃ ကြိမ်နဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။

အနောက်နိုင်ငံတွေပေးတဲ့လက်နက်တွေနဲ့ ရုရှားပိုင်နက်ထဲက စစ်ရေးပစ်မှတ်တွေတိုက်ခိုက်ရာမှာ ယူကရိန်းတပ်တွေကိုသုံးခွင့်ပြုဖို့ ယူကရိန်းကတောင်းဆိုကြောင်း၊ ကြာသပတေးနေ့ အီးယူ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဘရပ်ဆဲလ်က ကြာသပတေးနေ့ အစည်းဝေးမတိုင်ခင် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က သတင်းထောက်တွေကို ပြောပါတယ်။ ဒါဟာ ရုရှားက ယူကရိန်းကို ဗုံးကြဲမယ့်လေယာဉ်တွေပစ်လွှတ်နေတဲ့စခန်းတွေကို တိုက်ခိုက်ဖို့ အဓိကရည်ရွယ်တာဖြစ်ကြောင်းလည်း ပြောပါတယ်။ အနောက်မဟာမိတ်တွေက မစ်ဇိုင်းတွေ လုံလုံလောက်လောက်ပေးပြီး တိုက်ခိုက်ခွင့်လည်းပေးမယ်ဆို စစ်ပွဲမှာ အခြေနေပိုကောင်း လာမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကတော့ ယူကရိန်းဘက်က ပစ်လွှတ်တဲ့ ဒရုန်း ၆ စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကြာသပတေးနေ့မှာ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG