သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနိုင်ငံသားတွေ အတွက် အမေရိကန် ပြည်ဝင်ခွင့်ဗီဇာ ယာယီပိတ်ပင်


မော်စကိုက အမေရိကန် သံရုံး
မော်စကိုက အမေရိကန် သံရုံး

ရုရှားနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ယာယီလာရောက်မယ့်သူတွေ အတွက် ဗီဇာ ထုတ်ပေးမှုကို အမေရိကန်က ရပ်ဆိုင်းထားပါတယ်။ ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဝင်ရောက် နှောင့်ယှက်ခဲ့တဲ့ အတွက် အမေရိကန်ဖက်က ဒဏ်ခတ် အရေးယူခဲ့ပြီးနောက် ရုရှားက အမေရိကန်သံရုံး ဝန်ထမ်းတွေကို လျှော့ချခဲ့တဲ့ အကျိုးဆက် ဖြစ်ပါတယ်။

ခုလို အမေရိကန် ဗီဇာ ထုတ်ပေးမှုကို ယာယီဆိုင်းထားလိုက်တဲ့ အပေါ် ဘယ်လိုတုံ့ပြန်ရမလဲ ဆိုတာ လေ့လာနေတယ်လို့ ရုရှားကဆိုပါတယ်။ အမေရိကန်နဲ့ ရုရှားနိုင်ငံကြား သံတမန်ဆက်ဆံရေး ပိုဆိုးလာနေတဲ့ အကြောင်း VOA သတင်းထောက် Daniel Schearf ရဲ့ သတင်းကို မစုမြတ်မွန်က ဆက်ပြီး တင်ပြပါမယ်။

ရုရှားနိုင်ငံကနေ အမေရိကန်ကို ယာယီလာရောက်ကြမယ့် သူတွေ အတွက် ပြည်ဝင်ခွင့် ဗီဇာထုတ်ပေးမှုကို ဒီကနေ့ သြဂုတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့က စပြီး စက်တင်ဘာ ၁ ရက်နေ့အထိ ရပ်နားထားမယ်လို့ မော်စကို အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

ရုရှားအစိုးရက အမေရိကန်သံရုံး ဝန်ထမ်း အရေအတွက် ရာနဲ့ချီကို ကန့်သတ်ခဲ့မှုကြောင့် ဖြစ်တယ်လို့ သံရုံး Website မှာဖော်ပြထားပါတယ်။ စက်တင်ဘာ ၁ ရက်မှာ ဗီဇာပြန်ထုတ်ပေးတဲ့ အခါ မော်စကိုမြို့တော်မှာ ရှိတဲ့ သံရုံးကနေပဲ ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။ သံရုံးဝန်ထမ်း အရေအတွက် ပြန်မတိုးမချင်း St. Petersburg၊ Vladivostok နဲ့ Yekaterinburg မြို့တွေမှာရှိတဲ့ ကောင်စစ်ရုံးတွေကနေ ဗီဇာထုတ်ပေးမှုကို ရပ်ဆိုင်းထားမှာပါ။ ဒါ့အပြင် အမေရိကန်ကို ယာယီလာရောက်နိုင်ဖို့ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားသူကိုလူတေ့ွမေးမြန်းဖို့ ပေးထားတဲ့ ရက်ချိန်အားလုံးကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ အမေရိကန်သံရုံးက ကြေညာထားပါတယ်။ ခုလို ကြေညာခဲ့တဲ့ အပေါ် ရုရှားပြည်သူတွေဖက်က မကျေမနပ် ဖြစ်နေကြပါတယ်။

“ တော်တော်မကျေနပ်ဘူးဗျ။ ကျွန်တော့် သူငယ်ချင်းတယောက်က အမေရိကန်ဗီဇာ အင်တာဗျူးဝင်ဖို့ Yekaterinburg ကောင်စစ်ရုံးမှာ ရက်ချိန်းရထားပြီးသား။ အခုတော့ သူဗီဇာ ဘယ်ရတော့မလဲ။”

အမေရိကန်ကို အလည်ခရီး သွားမယ့်သူတွေ၊ အလုပ်ကိစ္စ လာမယ့်သူတွေ၊ ပညာရေး ကိစ္စအတွက် လာမယ့်သူ အားလုံး အမေရိကန်ဗီဇာ ယာယီ ပိတ်ပင်ခံထားရတဲ့ အတွက် ရုရှားပြည်သူတွေ ဒေါသ ထွက်နေကြတာပါ။

“ လုံးဝအဓိပ္ပါယ်မရှိပါဘူး။ ပြဿနာက အစိုးရအချင်းချင်း ဖြစ်နေတာ ဘာကြောင့် ပြည်သူတွေ အပေါ် လာပြီး ထိခိုက်စရာ လိုသလဲရှင့်။”

၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက် နှောင့်ယှက်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ ဇူလိုင်လကပဲ အမေရိကန် လွှတ်တော်က ရုရှားအပေါ် အရေးယူ ဒဏ်ခတ်မှုသစ်တွေ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် စက်တင်ဘာလ ၁ ရက်နေ့ကစလို့ အမေရိကန်သံရုံး လက်အောက်က လုပ်ငန်းတွေ အားလုံးရဲ့ ဝန်ထမ်း ၆၀ ရာခိုင်နှုန်းလောက်ဖြစ်တဲ့ ၇၅၅ ယောက်ကို လျှော့ချရမယ်လို့ သမ္မတ Vladimir Putin က အမိန့်ထုတ်လိုက်ပါတယ်။

အဲဒါကြောင့် သံရုံးဝန်ထမ်းတွေ မလုံလောက်တဲ့ အတွက် Visa ထုတ်ပေးတဲ့ လုပ်ငန်းတွေ ထိခိုက်ရတာ ဖြစ်တယ်လို့ အမေရိကန်သံရုံးက ပြောပါတယ်။ ရုရှားအစိုးရရဲ့ အရေးယူ ဆောင်ရွက်မှု အပေါ် ရုရှားပြည်သူတွေကြား မကျေနပ်အောင် လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကဆိုပြီး ဘယ်လို တုံ့ပြန်မယ်ဆိုတာ စဉ်းစားနေတယ်လို့ ပြောပါတယ်။

“ အမေရိကန်ဖက်က ကြေညာတာကို သေသေချာချာ လေ့လာပြီးမှာ ကျွန်တော်တို့ ဘယ်လို တုံ့ပြန်မယ်ဆိုတာ စဉ်းစားပါမယ်။ ကျွန်တော်ပြောနိုင်တာ တခုကတော့ အမေရိကန်ပြည်သူတွေ ထိခိုက်မယ့် ကိစ္စမျိုး ကျွန်တော်တို့ လုပ်မှာ မဟုတ်ပါဘူး။”

အမေရိကန်မှာ ၂၀၁၆ နိုဝင်ဘာလ ရွေးကောက်ပွဲ မတိုင်ခင်ထဲက ရုရှားတို့ ဝင်ရောက် စွက်ဖက်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အမေရိကန်နဲ့ ရုရှားအစိုးရကြား သံတမန် ဆက်ဆံရေး ထိခိုက်နေခဲ့တာပါ။ သမ္မတဟောင်း Barack Obama လက်ထက် ၂၀၁၆ ဒီဇင်ဘာလမှာပဲ ဝါရှင်တန်မြို့တော် ရုရှားသံရုံးက သံအမှုထမ်း ၃၅ ယောက်ကို နိုင်ငံထဲကနေ နှင်ထုတ်ခဲ့ပါတယ်။

ရုရှားတို့ဖက်ကတော့ အမေရိကန် ရွေးကောက်ပွဲကို နှောင့်ယှက်ခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုနေပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရအောင် ရုရှားတို့ဖက်က Trump ရွေးကောက်ပွဲ စည်းရုံးလှုပ်ရှားသူတွေနဲ့ ပူးပေါင်းကြံစည် ခဲ့သလားဆိုတာ အမေရိကန်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ ရုရှားနဲ့ အမေရိကန်ကြား သံတမန် ဆက်ဆံရေးကလည်း ပိုပြီး ယိုယွင်းလာနေပုံ ရပါတယ်။ ရုရှားမှာရှိတဲ့ အမေရိကန်သံရုံး အမှုထမ်းတွေကို ရုရှားအစိုးရက ကန့်သတ်ခဲ့တဲ့ အတွက် ဒေသခံဝန်ထမ်း ရာနဲ့ချီ အလုပ်ပြုတ်ကြ လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG