(Zawgyi / Unicode)
ရုရှားမှာ အစိုးရအပြောင်းအလဲဖြစ်ဖို့ အမေရိကန်အစိုးရက လှုံံ့ဆော်လုပ်ဆောင်နေတာ မဟုတ်ဘူးလို့ သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာ ပြောပါတယ်။
သမ္မတ ဗလာဒီမီယာ ပူတင်ကို လုပ်ကြံသတ်ဖြတ်ဖို့ အမေရိကန် အထက်လွှတ်တော်အမတ် တယောက်က ရုရှားလူထုကို တောင်းဆိုလိုက်ပြီးတဲ့နောက် အိမ်ဖြူတော်က အခုလို တုံ့ပြန်ပြောဆိုတာပါ။
အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က "ဒါဟာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက် မဟုတ်သလို အစိုးရအဖွဲ့ထဲမှာ လုပ်နေသူ တယောက်ယောက်ဆီက ကြားရမယ့် စကားမျိုးလည်း မဟုတ်ပါဘူး" လို့ သောကြာနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ဗွီအိုအေကမေးတာကို ပြန်ဖြေခဲ့ပါတယ်။
ရုရှားနိုင်ငံက တယောက်ယောက် သမ္မတပူတင်ကို လုပ်ကြံသင့်တယ်လို့ ကြာသပတေးနေ့ ညနေပိုင်း ရုပ်သံတွေ့ဆုံမေးမြန်းခန်းတခုအတွင်း တောင်ကာရိုလိုင်းနားပြည်နယ်၊ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Lindsey Graham က ပြောခဲ့တာပါ။ သောကြာနေ့က Fox ရုပ်သံသတင်းဌာနနဲ့ နောက်ထပ်တွေ့ဆုံမေးမြန်းခန်းမှာလည်း သူက အဲဒါကို ထပ်ပြောခဲ့ပါတယ်။
"ဒါကို ဘယ်လိုအဆုံးသတ်မလဲ၊ ရုရှားကတယောက်ယောက် ထွက်လာပြီး သူ့ကို ရှင်းပစ်လိုက်ရပါလိမ့်မယ်" လို့ Fox ရုပ်သံသတင်းဌာနရဲ့ အစီအစဉ်မှူးတဦးဖြစ်သူ Sean Hannity နဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း Lindsey Graham က ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Anatoly Antonov က Graham ရဲ့ ပြောဆိုချက်ဟာ လက်ခံနိုင်ဖွယ်မရှိ လုံးဝဆိုးရွားတဲ့ ပြောဆိုချက်ဖြစ်ပြီး ရုရှားအပေါ် အမေရိကန်ရဲ့ မုန်းတီးမှု အဆုံးစွန်ရောက်နေတာကို ပြတယ်လို့ တုံ့ပြန်ပါတယ်။
ရာဇဝတ်မကင်းတဲ့ ဒီပြောဆိုချက်အပေါ် တရားဝင်ရှင်းလင်းချက် ပေးဖို့နဲ့ အပြင်းအထန် ကန့်ကွက်ဖို့လည်း သူက တောင်းဆိုပါတယ်။
ဒီမိုကရက်နဲ့ ရီပတ်ဘလီကန် ပါတီနှစ်ရပ်စလုံးက အထက်လွှတ်တော်အမတ်တွေကလည်း Lindsey Graham ရဲ့ ပြောဆိုချက်အပေါ် ဝေဖန်ကြပါတယ်။
--------------------------
(Unicode)