သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယင်းမာပင်နဲ့ ကနီမြို့နယ်တွင်း စစ်ပြေးဒုက္ခသည်တွေ ကိုဗစ်လက္ခဏာနဲ့ ဖျားနာနေ


စစ်ကိုင်းတိုင်းအတွင်း ဝေးလံခေါင်ဖျားဒေသတွေမှာ စစ်အာဏာမသိမ်းခင် ဖေဖေါ်ဝါရီလ ၄ ရက်၊ ၂၀၂၀ ခုနှစ်အတွင်း နယ်လှည့်ဆေးကုသပေးနေတဲ့ ပရဟိတ Medical Action Myanmar (MAM) အဖွဲ့ဝင်များ။ 
စစ်ကိုင်းတိုင်းအတွင်း ဝေးလံခေါင်ဖျားဒေသတွေမှာ စစ်အာဏာမသိမ်းခင် ဖေဖေါ်ဝါရီလ ၄ ရက်၊ ၂၀၂၀ ခုနှစ်အတွင်း နယ်လှည့်ဆေးကုသပေးနေတဲ့ ပရဟိတ Medical Action Myanmar (MAM) အဖွဲ့ဝင်များ။ 


[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းထဲက တိုက်ပွဲတွေဖြစ်နေတဲ့ ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်တွေထဲမှာ ကိုဗစ်လက္ခဏာ ဖျားနာ၊ ချောင်းဆိုးနေကြသူတွေ များနေပါတယ်။ ကျေးရွာနေ ပြည်သူတွေမှာသာမက တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြသူတွေကြားမှာ ခုလို ဖျားနာနေကြတာပါ။ တချို့ရွာမှာ ဖျားနာနေသူ ၃၀၀ ထက်မနည်း ရှိနေပေမယ့် ကိုဗစ်ရောဂါ ဟုတ် မဟုတ် စစ်ဆေးနိုင်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ကျန်းမာရေးအကူအညီပေးသူတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ယင်းမာပင်မြို့နယ် တောင်ဘက်ခြမ်းက စစ်ပြေးဒုက္ခသည်တွေနဲ့ ကျေးရွာနေပြည် သူတွေကြား ဖျားနာနေကြသူတွေ အခုရက်ပိုင်း သိသိသာသာ မြင့်တက်လာနေတယ်လို့ ကျန်းမာရေးပရဟိတကူညီပေးနေသူတွေက ပြောပါတယ်။ တရွာမှာ အနည်းဆုံး လူ ၃၀၀ ထက်မနည်း ဖျားနာ ချောင်းဆိုးနေကြပြီး တအိမ်မှာတယောက်က နေမကောင်းဖြစ်ရင် တအိမ်လုံးကူးစက်နေတာကို တွေ့ရတယ်လို့ ကျန်းမာရေးအကူအညီပေးနေတဲ့ သံဃာတပါးက မိန့်ပါတယ်။

“ဘုန်းဘုန်းရဲ့ ပရိဟတဆေးခန်းမှာရော အပြင်မှာလိုက်ကုသတာ ရွာတရွာမှာ အနည်းဆုံး လူဦးရေ ၂၀၀၊ ၃၀၀ အထက်မနည်း အိုမီခရွန်ဆိုတဲ့ ရောဂါကို ခံစားနေရတာတွေ တွေ့ရတယ်။ လည်ပင်းတွေ နာတယ်။ လည်ပင်းတွေ ယားယံတယ်။ အဖျားတွေတက်တယ်။ အဲဒီရောဂါတွေကို ရွာတိုင်းလိုလို ခံစားနေရတော့ လူတိုင်းနီးပါးပဲဖြစ်နေတယ်လို့။ ဖျားတဲ့နာတဲ့လူတွေကတော့ အရေအတွက်အားဖြင့် ဦးဇင်းတို့နဲ့ တဝိုက်မှာ ထောင်ဂဏန်းကျော်ကျော်လောက်ရှိမယ်လို့ သုံးသပ်လို့တယ်။ တအိမ်မှာ တယောက်ဖျားလိုက်ပြီဆိုရင် အိမ်မှာရှိတဲ့ မိသားစုလိုက်ပါ ဖျားလာတာကို တွေ့ရတယ်။ ဒီပြေးလွှားနေတဲ့ လူတွေမှာလည်း ကျန်မာရေးအရအခက်အခဲတွေ အများကြီးရှိတယ်။”

ဖျားနာသူတွေဟာ ကူးစက်မြန် အိုမီခရွမ်ကိုဗစ်ကူးစက်တယ်လို့ ယူဆပေမယ့် အသေအချာ ဓါတ်ခွဲစစ်ဆေးနိုင်တဲ့ အခြေအနေမျိုးတော့ မရှိကြပါဘူး။

ယင်းမာပင်မြို့နယ်ထဲမှာလည်း စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပစ်ခတ် တိုက်ခိုက်မှု ဆက်တိုက်ဖြစ်ပွားနေတာကြောင့် ထောင်နဲ့ ချီတဲ့ ဒေသခံတွေ အိုးပစ် အိမ်ပစ် ဘေးလွတ်ရာကို ပြေးကြနေရပြီး ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ဖို့ အခက်အခဲတွေ ရှိနေကြပါတယ်။ နေမကောင်းဖြစ်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေ ကြား ကိုဗစ်ရောဂါ ဟုတ်မဟုတ် အတည်မပြုနိုင်ပေမယ့် အခုရက်ပိုင်း ကူးစက်မြန် တာကို သတိထားမိတယ်လို့ ပရဟိတသင်္ဃာက မိန့်ပါတယ်။

ယင်းမာပင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကနီမြို့နယ်မှာလည်း ကိုဗစ်လက္ခဏာနဲ့ ဆေးခန်းလာပြသူတွေ တရက်ကို ၁၀၀ ကျော်လောက်ရှိတယ်လို့ ကနီနယ်က ကျန်းမာရေး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ ဒီတိုင်း ထိုင်နေတဲ့ရွာမှာကိုက တရက်တရက်ကို ၁၀၀ ကျော်တယ် လူနာက။ အချို့တော့ နည်းနည်းတော့ပါးသွားပြီ။ ဒီနေ့ဆို ၆၀၊ ၇၀ လောက်ပဲ ကျနော်တို့ကြည့်ပေးရပါတယ်။ အရေအတွက်အားဖြင့် ပြောရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကပေါ့နော်။ စစ်ရှောင်တွေဘက်ရောက်တော့ လူဦးရေ ၆၀၀ လောက်ရှောင်နေဆိုရင် ၁၅၀ လောက်မှာ ဒီနေမကောင်း နာမကျန်းဖြစ်နေတာပေါ့။ စစ်ရှောင်ရတဲ့အတွက် ကျနော်တို့က social distancing တွေပေါ့။ ကျနော်တို့ ဒီ ၂၀၂၀ အာဏာမသိမ်းခင် ရှေ့မှာ ကျနော်တို့ လုပ်ခဲ့တဲ့ဟာမျိုးတွေ မဖြစ်တော့ဘူးလေ။ ဖြစ်သလို ကြုံသလိုနေရတော့တာမျိုးဖြစ်တယ်။ စာသင်ကျောင်းတွေမှာ နေရတယ်၊ ဘုန်းကြီးကျောင်းတွေမှာ နေရတယ်။ အဲ့မှာ ရောဂါပြန့်ပွားမှုနှုန်းက ပိုပြီးတော့ ဖြစ်စေတယ်။”

လုံခြုံရေးနဲ့ ငွေကြေးအခက်အခဲတွေကြောင့် ဖျားနာ ချောင်းဆိုးပြီး ကိုဗစ်လက္ခာပြသူတွေကို ကိုဗစ်အတည်ပြုလူနာ ဟုတ် မဟုတ် မစစ်ဆေးပေးနိုင်ဘူးလို့ ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေရင်း အနီးအနားမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်လာလို့ တိမ်းရှောင်ရတာမျိုးတွေ ရှိတယ်လို့ ကျန်းမာရေးအကူအညီပေးနေတဲ့ သံဃာတပါးက မိန့်ကြားပါတယ်။

“COVID-19 နဲ့ ပတ်သက်ပြီးတော့ စစ်ဆေးနိုင်ခြင်းကတော့ မရှိနိုင်ဘူး။ မရှိနိုင်ဘူးဆိုတာက ဒီနေ့ ဒီနေရာမှာ လုပ်နေရင်တောင်ပဲ တိုက်ပွဲအသံမျိုးပေါ့၊ ဗုံးသံတွေ သေနတ်သံတွေ ကြားရတဲ့အခါမှာလည်း တခါတလေ ဆေးအဖွဲ့တွေက လုပ်ရင်းကိုင်ရင်းနဲ့ ပြန်ရှောင်တိမ်းနေရတာတွေလည်း ရှိတယ်။”

စစ်ကောင်စီတပ်တွေက အဲဒီဒေသတွေမှာ နေ့စဉ်လို နယ်မြေရှင်းလင်းမှုတွေလုပ်နေသလို တိုက်ပွဲတွေလည်း ဖြစ်နေတာမို့ ဘေးလွတ်ရာ ထွက်ပြေးနေကြရသူတွေအနေနဲ့ တယောက်နဲ့တယောက် ခပ်ခွာခွာ နေထိုင်ဖို့ မလွယ်ကြပါဘူး။ ဒါပေမယ့် Mask တပ်ဆင်တာ လက်ကို မကြာမကြာဆေးကြောတာတွေနဲ့ တတ်နိုင်သလောက် ကာကွယ်ကြဖို့ ပရဟိတကူညီနေသူတွေက တိုက်တွန်းထားတယ်လို့ ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေမှာလည်း စားရေး သောက်ရေးအပြင် ဆေးဝါးလိုအပ်မှုတွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်တတိယလှိုင်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ ကိုဗစ်အတည်ပြုလူနာ တရက်ကို ၁၀၀ ဝန်းကျင်အောက်အထိ ကျသွားခဲ့ပေမယ့် ဇန်နဝါရီလထဲမှာ Omicron ကိုဗစ်ပိုးသစ်ကူးစက်သူတွေရှိလာခဲ့ပြီးနောက်ပိုင်း ကိုဗစ်အတည်ပြုလူနာအရေအတွက် ပြန်များနေပါတယ်။ ကျန်းမာရေးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မတ်လ ၁ ရက်နေ့ကဆိုရင် ကိုဗစ်အတည်ပြုလူနာ ၂ ထောင်ကျော်အထိ မြင့်တက်ခဲ့ပါတယ်။ မတ်လ ၂ ရက်နဲ့ ၃ ရက်နေ့မှာတော့ ကိုဗစ်အတည်ပြုလူနာနည်းနည်း ပြန်ကျသွားပေမယ့် ၂ ထောင်နား ကပ်နေဆဲဖြစ်ပါတယ်။ ကိုဗစ်ကပ်ရော ဂါ ကာကွယ်ရေးစည်းကမ်းတွေအတိုင်းလိုက်နာကြဖို့ ကျန်းမာရေးပညာရှင်တွေ၊ ပရဟိတကူညီသူတွေက တိုက်တွန်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]














=================

XS
SM
MD
LG