သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲ ကန်နိုင်မယ်လို့ Salah ယုံကြည်


စနေနေ့က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးယဲလ် မက်ဒရစ် နောက်တန်းလူ အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်နဲ့ ဘောလုံး ယှဉ်လုရင်း ထိခိုက်ဒဏ်ရာရသွားတဲ့ လီဗာပူးလ်အသင်းက အီဂျစ် တိုက်စစ်မှူး မိုဟာမက်ဒ် ဆာလားက ကမ္ဘာ့ဖလားမှာ ကစား နိုင်ဖို့ ယုံကြည် စိတ်ချထားတယ်လို့ ပြောပါတယ်။

ဆာလားဟာ ပွဲချိန် ၂၆ မိနစ်မှာ ပုခုံး ထိခိုက် ဒဏ်ရာရသွားပြီး မိနစ် ၃၀ အရောက်မှာ ဆက်မကစားနိုင်တော့ဘဲ လူစားလဲလိုက် ရတာပါ။ အစောပိုင်းမှာတော့ လီဗာပူးလ်အသင်းရဲ့နည်းပြ Jurgen Klopp က ဆာလားရတဲ့ဒဏ်ရာဟာ ပြင်းထန်ပြီး ကမ္ဘာ့ဖလား မှာ ကစားနိုင်ဖို့တောင်မှ မသေချာဘူးလို့ ပြောတာကြောင့် အီဂျစ်ဘောလုံးပရိသတ်တွေ အတော်လေး စိုးရိမ်သွားကြတာပါ။ ဒါပေမဲ့လည်း နောက်ပိုင်းမှာ အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဒဏ်ရာဟာ ပထမထင်ထားသလောက် မပြင်းထန်ဘဲ ကမ္ဘာ့ဖလားပွဲအမီ ပြန်ကောင်းလာမှာပါလို့ ပြောတာကြောင့် စိတ်သက်သာရာရသွားကြပါတယ်။

စနေနေ့ ဗိုလ်လုပွဲမှာ လီဗာပူးလ်အသင်းဟာ ဆာလားထွက်သွားရတဲ့ အချိန်မတိုင်ခင်အထိ ရီးယဲလ်အသင်းကို တိုက်စစ်ဆင် ဖိကစားနိုင်ပြီး ဂိုးရမယ့်အခွင့်အရေးတွေလည်း ဖန်တီးနိုင်ပါတယ်။ သူထွက်သွားပြီးတဲ့နောက်မှာ တိုက်စစ် လုံးဝ ကျသွားပြီး ပွဲအပြီးမှာတော့ ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးသွားပါတယ်။

၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေကို ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး ဇွန်လ ၁၄ ရက်နေ့ကစပြီးတော့ တလကြာ ကျင်းပသွားမှာပါ။ စုစုပေါင်း ပွဲအရေအတွက် ၆၄ ပွဲကို ရုရှားနိုင်ငံ၊ မြို့ကြီး ၁၁ မြို့က နေရာ ၁၂ နေရာမှာခွဲပြီးတော့ ယှဉ်ပြိုင်သွား ကြမှာဖြစ်ပြီး ဇူူလိုင်လ ၁၅ ရက်နေ့ ဗိုလ်လုပွဲကိုတော့ ရုရှားနိုင်ငံမှာ အကြီးဆုံးအားကစားကွင်းဖြစ်ပြီး ဥရောပရဲ့ အကြီးဆုံးကွင်း တွေထဲမှာ တကွင်းဖြစ်တဲ့ မော်စကိုမြို့တော်က ပရိသတ် ၈၁,၀၀၀ ဆန့် Luzhniki အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG