သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရပ်သား ၁၁ ယောက် အသတ်ခံရတဲ့ ဒုံးတောကျေးရွာအနီး ပစ်ခတ်မှုဖြစ်


ဒုန်းတောရွာ သတ်ဖြတ်မှုဖြစ်ပွားရာနေရာ (UGC/AP)
ဒုန်းတောရွာ သတ်ဖြတ်မှုဖြစ်ပွားရာနေရာ (UGC/AP)

အရပ်သား ၁၁ ယောက် အသတ်ခံရတဲ့ ဒုံးတောကျေးရွာအနီး ပစ်ခတ်မှုဖြစ်

{{Zawgyi/Unicode}}

လူအစုလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံထားရတဲ့ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုန်းတောကျေးရွာအနီးမှာ ဒီနေ့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေဖြစ်ပွားနေတယ်လို့ မျက်မြင်တွေက VOA ကို ပြောပါတယ်။ စစ်ကောင်စီက မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဒီလို ပစ်ခတ်မှုတွေ ထွက်ပေါ်လာတာလို့ ပြောပါတယ်။ အဲ့ဒီအနီးတဝိုက်က သောင်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အချိန်ကြာလာတာနဲ့ အမျှ စားရေးသောက်ရေး အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းကို ကိုရဲမွန် က.တင်ပြပါမယ်။

ပြီးခဲ့တဲ့ရက်က ရွာသား ၁၁ ဦး ရက်ရက်စက်စက် အသတ်ခံထားရတဲ့ ဒုန်းတောကျေးရွာအနီးနားမှာ ဒီနေ့ မနက် ၁၀ နာရီလောက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ အနီးအနား ရွာသားတဦးက VOA ကို ပြောပါတယ်။

စစ်ကောင်စီက လက်နက်ကြီးတွေ စက်သေနတ်တွေ ဆက်တိုက်ပစ်ခတ်နေတာလို့ ပြောပါတယ်။

“၁၀ နာရီလောက်က စပြီးတော့ အဲ့လိုမျိုး ပစ်ခတ်မှုဖြစ်တာ ယမားချောင်းမြောက်ဘက်ကနေ စပြီးဖြစ်တာ။ အဲ့မှာ ဖြစ်ပြီးတော့ သူတို့အဲ့မှာ တောင်ဘက် ဒုန်းတောဘက်ကို ကူးသွားတယ်။ အဲ့ဘက်မှာလည်း ဆက်ပြီးတော့ ဆက်တိုက်ပစ်ခတ်မှုတွေ ထပ်ပြီး ပစ်နေတယ်။ အပြန်အလှန်သဘောမျိုးတော့ ဟုတ်မယ်မထင်ဘူး။ သူတို့ ဒီမိုင်းခွဲပြီးတော့ ရမ်းပြီးတော့ သူတို့ ပစ်တယ်လို့ပဲ ထင်ရတာပေါ့လေး။ အဲ့ စက်သေနတ်တွေလည်း ဆက်တိုက်ပစ်တယ်။ နောက်လက်နက်ကြီးသံတွေလည်း ကြားရတယ်။ မိုင်းခွဲတဲ့ အသံတွေလည်း ကြားရတယ်။”

အခု ပစ်ခတ်မှုဖြစ်တဲ့ နေရာကတော့ ဆားလင်းကြီးမြို့နယ်နဲ့ ယင်းမာပင်မြို့နယ် အစပ်မှာ ယမားချောင်း တဖက်တချက်က ကျေးရွာတွေဖြစ်ပါတယ်။

ပစ်ခတ်မှု အနီးအနားကျေးရွာတွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက် ဒုန်းတောရွာ ပစ်ခတ်မှုဖြစ်ကတည်းက ဘေးလွတ်ရာကို ထွက်ပြေးနေကြတာလို့ ပြောပါတယ်။

ဆားလင်းကြီးမြို့နယ် ယမားချောင်းတောင်ဘက်က ဒုန်းတောကျေးရွာ၊ ကံကုန်ကျေးရွာ၊ ကုန်တောကျေးရွာ၊ ရွာသာကျေးရွာ နဲ့ ယင်းမာပင်နယ် ယမားချောင်းမြောက်ဘက်က ထန်တောကြီးကျေးရွာ၊ ကျေးစာကျကျေးရွာ၊ ဘိန်နွယ်ချောင်းကျေးရွာ၊ မြရွှေစည်ကျေးရွာ၊ အုန်တုံပင်ကျေးရွာ၊ ရွှေပေကုန်းကျေးရွာတို့က ဒေသခံတွေ အကုန်လုံး ပြေးကြနေတာလို့ ဒေသခံတွေက ပြောပါတယ်။

သောင်းနဲ့ ချီတဲ့ ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အချိန်ကြာလာတာနဲ့ အမျှ စားရေးသောက်ရေး အခက်အခဲဖြစ်နိုင်တယ်လို့ ဘေးလွတ်ရာကို ထွတ်ပြေးနေတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ကလေး လူကြီး အကုန်ပါတာပေ့ါဗျ။ နေထိုင်စားသောက်မှုကတော့ ဒီလိုပဲ။ တဦးနဲ့ တဦး ကူညီဖေမပြီးတော့ ဆန်တပြည်ရှိရင် တစ်ယောက်တစ်ခွက်ဆီ ရှိသလောက်ပေ့ါ။ မျှဝေစားသောက်ကြတာပါပဲ။ ကိုယ်နေထိုင်ရာ ဒေသနဲ့ တခြားတနေရာနဲ့ရော နေရာခြင်းတော့ မတူဘူးပေါ့။ ပြေးတယ် လွှာတယ်ဆိုတော့ အကုန်စားနပ်ရိက္ခာ အစုံတော့ လုံလုံလောက်လောက် ယူသွားလို့တော့ မရဘူးပေါ့ဗျာ။ နိုင်သလောက်ပဲ သယ်ပြီးတော့ သွားရတယ်ဆိုတော့ ကြာရှည်ရင်တော့ မလွယ်ဘူး။ လောလောဆယ်တော့ ရှိတာလေးနဲ့ပဲ စားသောက်။ ရှိတဲ့ ဒီနားအနီးတဝိုက် ရှိတဲ့ လူကလည်း ကူညီသလောက်တော့ ကူညီကြပါတယ်။”

ဒီဇင်ဘာ ၉ ရက် မနေ့ညက ဆားလင်းကြီးနယ်တောင်ဘက် စစ်ကားနှစ်စီး ဆင်းလာပြီး ဒုန်းတောရွာနားမှာ တစီးကို မိုင်းဆွဲတိုက်ခိုက်ပြီး တစ်စီးက လှည့်ပြန်သွားတယ်လို့ ဆားလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

ဒီနေ့မနက်မှာလည်း ယင်းမာပင်နယ် အမှတ် ၂၈ ရဲတပ်ရင်းဘေးက အုန်တုံပင်ကျေးရွာထဲဝင်ပြီး ပြန်ထွက်လာတဲ့ စစ်ကောင်စီအဖွဲ့တွေကို ယင်းမာပင်ဒေသခံကာကွယ်ရေး PDF က မိုင်း ၃လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ ဆက်ပြောပါတယ်။

စစ်ကောင်စီက ဒီလိုမိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် တဖက်သတ် ရမ်းသမ်းပစ်ခတ်နေတာလို့ ဆားလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“တစ်ဖက်သက်ပစ်တာပဲရှိပါတယ်ဗျ။ ကျနော်တို့က မိုင်းဆွဲတော့ ဒါကျနော်တို့ ထုံစံအတိုင်းပဲ ကျနော်တို့ မိုင်းဆွဲပြီးတော့ ကျနော်တို့ ဆုတ်လာခဲ့တာပေါ့။ ပြည်သူလူထုကတော့ တစ်ယောက်မှမရှိတော့ဘူး။ အဲ့နားမှာ ရွာတွေ မနေ့ညကတည်းက မနေ့မဟုတ်ဘူး။ ဟိုတနေ့က ဒုန်းတောဖြစ်စဉ် စဖြစ်ကတည်းက အဲ့ရွာတွေမှာ အခု လူမနေကြတော့ဘူး။ အဲ့တော့ သူတို့ ပထမဆုံး အဲ့ဒီ ယမားတံတားရဲ့ တောင်မှာရှိတဲ့ ကျေးစာကျရွာကို သူတို့ ဝင်မွှေတယ်။ ဝင်မွှေပြီးတော့ သူတို့ ပြန်တက်လာတယ်။ ပြန်တက်လာပြီးတော့ စောစောဒုန်းတောရွာထဲမှာ သူတို့ထပ်မွှေတယ်ပေါ့နော်။ ထပ်မွှေပြီးတော့ အဲ့ကနေပြီးတော့ သူတို့ပြန်ဆက်ထွက်ခွာလာတာပေါ့။”

ဆားလင်းကြီးနဲ့ ယင်းမာပင်နယ် အစပ်မှာ စစ်ကောင်စီက မိုင်းဆွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး အခုသတင်းရေးပြီးတဲ့အချိန်ထိ စစ်ကောင်စီဘက်ကတော့ တစုံတရားထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်


.......................................

အရပျသား ၁၁ ယောကျ အသတျခံရတဲ့ ဒုံးတောကြေးရှာအနီး ပဈခတျမှုဖွဈ
{{Zawgyi/Unicode}}

{{Zawgyi/Unicode}}















XS
SM
MD
LG