သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းအနောက်ခြမ်း ကျေးရွာအနီး တိုက်ပွဲဖြစ်လို့ ဒေသခံထောင်ချီ ဘေးလွတ်ရာပြေး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်း စစ်ဆင်ရေးကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်များ။ (ဓာတ်ပုံ - CJ)
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်း စစ်ဆင်ရေးကြောင့် တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်များ။ (ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စီမြေကျေးရွာအနီး တောထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က လေကြောင်းကပါ စစ်ကူတိုက်ခိုက်မှုတွေ လုပ်တယ်လို့ ဒေသခံတွေ ပြောပါတယ်။ တိုက်ပွဲကြောင့် အနီးနားကကျေးရွာက ဒေသခံထောင်နဲ့ချီဟာ ဘေးလွတ်ရာ နေရာတွေမှာ ထွက်ပြေး ခိုလှုံနေရပါတယ်။ ဒီအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေး ပြောပြပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် အနောက်ခြမ်း အောင်စီမြေကျေးရွာအနီး တောထဲမှာ ဒီကနေ့ ဒီဇင်ဘာ ၇ ရက် မနက်အစောပိုင်းမှာ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲမှာ နှစ်ဖက် အကျအဆုံး ရှိခဲ့သလို စစ်ကောင်စီဘက်က လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီပဲယင်း PDF တာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။

“၇ နာရီလောက်ကနေ Battle စဖြစ်တယ်။ သူတို့တွေ ၃ ရက်လောက် စစ်ကြောင်းထိုးထားတဲ့ စစ်ကြောင်းက ဝပ်နေတာပေါ့လေ။ အဲ့ဒါကို အငိုက်ဝင်ပြီးတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က အငိုက်ဝင်စီးတာပေါ့။ ၇ နာရီကစတယ်။ ၈ နာရီ ၁၅၊ ၁ နာရီကျော်အကြာပေါ့လေ၊ ၈ နာရီ ၁၅ လောက်မှာ လေကြောင်းက ပစ်ကူလာတယ်။ Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ တရစပ်ပစ်တယ်ပေါ့လေ။ လောလောဆယ် ကျနော်တို့ လူစစ်ထားတာက ၂ ယောက်ကျ၊ ၂ ယောက် ဒဏ်ရာရပေါ့လေ၊ ကျနော်တို့ဘက်ကပေါ့လေ။ သူတို့ဘက်ကတော့ ၄၀ ပတ်ဝန်းကျင်လောက် ကျမယ်။”

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးသလို သေဆုံးတဲ့ အရေအတွက်နဲ့ ပတ်သက်လို့ ဗွီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

တိုက်ပွဲကြောင့် အနီးနားက ကျေးရွာတွေဖြစ်တဲ့ အောင်စီမြေ၊ ဂေါင်းစမ၊ မြကန်သာ၊ နဂါးတွင်း၊ လည်ပြင်ကွက် စတဲ့ ကျေးရွာတွေ အပါအဝင် အနည်းဆုံး ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရတာပါ။ ကျေးရွာသားတွေ အခြေအနေနဲ့ ပတ်သက်လို့ ဒေသခံတဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ရွာတွေနဲ့ မဝေးတဲ့ရွာတွေ ၂ ရွာကျော် ၃ ရွာ အဲ့လို ထွက်ပြေးနေရတယ်။ တချို့ကျတော့လည်း တောတွေထဲမှာ ထွက်ပြေးရတာပေါ့။ တိုက်ပွဲကလည်း ဖြစ်တာဆိုတော့ တခါမှ မကြုံဘူးသလိုဖြစ်တယ်။ လေကြောင်းပစ်ကူကလည်း လာတော့ ကြောက်ပြီးတော့ ထွက်ပြေးကြတယ်။ အခုလည်းပဲ လက်နက်ကြီးတွေနဲ့ ရွာတွေဆီကို ရမ်းပြီးတော့ ပစ်နေတယ်။”

ဒီပဲယင်းမြို့နယ်တွင်း ကျေးရွာတွေမှာ စစ်ကောင်စီက လေကြောင်းကနေ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်ခဲ့တာ ဒီအကြိမ်ဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ ရက်က ဒီပဲယင်းမြို့ အရှေ့ခြမ်းကို နယ်မြေရှင်းလင်းတာ လုပ်ခဲ့ပြီး ညောင်လှကျေးရွာကို ရဟတ်ယာဉ် ၂ စီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာသား ၄ ဦး သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါသေးတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)










XS
SM
MD
LG