သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆားလင်းကြီး ဒုံးတောကျေးရွာသား ၉ ဦး ကျည်ထိမှန်ပြီး မီးရှို့သတ်ခံရဟု ဒေသခံများ ပြောဆို


ဆားလင်းကြီးမြို့နယ်မြေပုံ။ (ဓာတ်ပုံ - map.google.com)
ဆားလင်းကြီးမြို့နယ်မြေပုံ။ (ဓာတ်ပုံ - map.google.com)

(Zawgyi / Unicode)

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်ဘက်မှာ ဒီနေ့မနက်ပိုင်းက စစ်ကောင်စီက လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်ရောက်လို့ ဒုန်းတောကျေးရွာသား ၉ ဦး ကျည်ထိမှန်ပြီး အဲဒီနောက် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ မိသားစုဝင်နဲ့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီတပ်တွေ ကျေးရွာတွေကို ဝင်ရောက်ပစ်ခတ်တာကြောင့်လည်း ကျေးရွာ ၆ ရွာထက်မနည်းက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို နန်းလောဝ် ပြောပြပါမယ်။

ဒီဇင်ဘာ ၇ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ဒုန်းတောရွာဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး လက်နက်ကြီး လက်နက်ငယ်နဲ့ ပစ်ခတ်ဝင်လာတာကြောင့် ရွာသား ၉ ဦး ကျည်ထိမှန် မီးရှို့သတ်ဖြတ်ခံရတယ်လို့ သေဆုံးသူ မိသားစုဝင်နဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးသူ ၉ ဦးထဲ အသက် ၂၂ နှစ်အရွယ် ကိုကျော်သက်လည်း ပါဝင်ပါတယ်။ သေဆုံးသူ ကိုကျော်သက် မိခင်ဖြစ်သူက ဖြစ်စဉ်ကို အခုလို ပြောပါတယ်။

“အခုဟာက သူတို့လိုက်ပြီး အတင်း လိုက်ပစ်ပစ်ချင်း ပြေးကြတော့ အိမ်က ကလေးတွေ ပါလာတာကို မကြည့်မိတာ။ ဘယ်လိုအကြောင်းကို မသိဘူး၊ ဗြုန်းဒိုင်းနဲ့ဝင်လာတာ၊ ပြီးတော့ကျတော့ တခါတည်း တရဟောလိုက်ပစ်တော့ ကျမတို့လည်း ထွက်ပြေးနေတာနဲ့ သူ့ကို ပြန်မကြည့်နိုင်ခဲ့တာ၊ ပစ်သတ်ပြီးမှ တခါတည်း မီးပုံရှုှို့ပစ်ထားခဲ့တာ စုပြီးတော့တဲ့။”

မီးရှို့သတ်ဖြတ်ခံခဲ့ရသူများဟာ ဒေသခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘဲ သာမန် လက်လုပ်လက်စားသူတွေလို့ သေဆုံးသူ ကိုကျော်သက်ရဲ့ မိခင်ဖြစ်သူနဲ့ ဒေသခံက ဗွီအိုအေကို ပြောပါတယ်။ သေဆုံးသူ ကိုကျော်သက်ရဲ့ အစ်မဖြစ်သူကလည်း ဒီမီးရှို့သတ်ဖြတ်ခံရသူ ၉ ဦးစလုံးဟာ ညီအစ်ကို တဝမ်းကွဲတွေလို့ ပြောပါတယ်။

“အကုန်လုံး ၉ ယောက်လား၊ ၁၀ ယောက်လား၊ ၉ ယောက်။ အကုန်လုံးက ညီအစ်ကို တဝမ်းကွဲတွေကြီးပဲ၊ အိမ်က အငယ်ဆုံးကောင်လေး၊ မောင်အငယ်ဆုံး ကောင်လေးတယောက် ပါသွားတယ်။”

သူတို့ဟာ ဒုန်းတောရွာအပြင်ဘက်က စပါးခင်း ကွမ်းခြံခင်းထဲမှာ ဆွေမျိုးလိုက် စုပြီး နေထိုင်ကြသူတွေ ဖြစ်ပါတယ်။

စစ်တပ်က ဝင်ရောက်ပစ်ခတ်တဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကိုယ်တိုင်ကြုံတွေ့သူတဦးကလည်း အခုလို ပြောပါတယ်။

“သူတို့ အဲ့ဒီမှာ တံတားကို ဖြတ်ကျော်လာပြီးတော့ ခြေမြန်တပ်ပြောရမှာပေ့ါ၊ ခြေမြန်တပ်တွေနဲ့ ဆင်းလာပြီးတော့ ဒီမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အကုန်ပစ်တော့ ကျနော်တို့လည်း ပြေးရတယ်ဆိုတော့၊ ကျနော်တို့လည်း ကိုယ့်အသက်ကို အလွတ်ရုန်းပြေးရတာ ခါကျတော့ သူတို့ကို ပြန်မကြည့်ရဲဘူးဗျ၊ ပြေးကြတော့ ဒီ ၉ ယောက်က ပြောရမယ်ဆိုရင် ကျန်နေတာ၊ ကျန်နေပြီးတော့ကျတော့ သူတို့ အဝိုင်းခံလိုက်ရတာ၊ အဝိုင်းခံလိုက်ရပြီးတော့မှ အကုန်ထိမှန်ကုန်ကြတာ၊ ထိမှန်ကုန်တော့ ဒီကောင်တွေက ပြောရမယ်ဆိုရင် အကုန်လုံးဆွဲခေါ်ပြီး တဲထဲမှာ ထည့်ပြီးတော့ တဲလေးပါ မီးရှို့သွားခဲ့တယ်။”

စစ်ကောင်စီတပ်တွေ ထွက်ခွာသွားချိန် မီးရှို့ခဲ့တဲ့ အလောင်းတွေကို သွားကြည့်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူက ပြောပါတယ်။

“စစ်ကောင်စီခွာသွားတဲ့အချိန်မှာ ကျနော်တို့ နည်းနည်းလေး အခြေအနေကြည့်တော့ သွားကြခဲ့တာဗျ။ ကိုယ်မြင်ခဲ့ရတဲ့ အတိုင်းအတာတော့ (ရုပ်အလောင်းတွေ) ဘာမှကို မကွဲတော့ဘူးဗျ။ အဲ့ဒီမှာ မှောက်လျက်တွေရော ပက်လက်တွေရော ထပ်လျက်တွေရောဗျ။”

အဲ့ဒီကျေးရွာတဝိုက်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က ဝင်ရောက်ပစ်ခတ်တာလို့ ပြောပါတယ်။ အခုလို စစ်တပ်က ကျေးရွာတွေကို ဝင်ရောက်လို့ ဒုန်းတောကျေးရွာ အပါအဝင် ကျေးရွာ ၇ ရွာထက်နည်း ဘေးလွတ်ရာကို ထွက်ပြေးနေကြရတယ်လို့ ပြောပါတယ်။

“အခုလောလောဆယ် ဒေသခံတွေက အကုန်လုံး ပြေးနေကြရတယ်။ ရွာမှာ တယောက်မှ မရှိတော့ဘူး၊ အကုန်လုံး ရွာအပြင်မှာ တောတွေထဲမှာပဲဗျ၊ အကုန်လုံးပြေးရတာဗျ။ ကျနော်တို့ ဒုန်းတော၊ ကုန်းတော၊ ကျေးစာကျ၊ ဘိန်းနွယ်ချောင်း၊ ကံကုန်း၊ ရွာသာ၊ ကျနော်တို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တခါတည်း တောက်လျှောက် ထိုးစစ်ဆင်ပြီး ပစ်ပြီးတော့ ဒီကိုဆင်းလာခဲ့တာဗျ။ ကျနော်တို့ ဒီလူထုတွေကတော့ တခါတည်း သူတို့အသံကြားတယ် လက်နက်သံကြားတော့ ကျနော်တို့လည်း အကုန် လွတ်ရာကို အသက်လု ပြေးခဲ့ရတာပါဗျ။ တိုက်ပွဲလည်းမရှိဘူးဗျ။ ခတ်စောစောအပိုင်းကတော့ ဒီမှာ နယ်မြေရှင်းလင်းရေးဆိုပြီး ဝင်လာတာ တခါတော့ ရှိခဲ့တယ်ဗျ။ နှစ်ကြိမ်ဗျ အဲ့တုန်းက ပြေးရတာ ဘာမှတော့ လုပ်မသွားဘူးဗျ။ သူ့နယ်မြေရှင်းလင်းရေးဆိုပြီး ရှင်းသွားတာဗျ။”

ဒုန်းတောကျေးရွာသား ၉ ဦး မီးရှို့သတ်ဖြတ်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အခုထိ ဖြေကြားမှု မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------

(Unicode)















XS
SM
MD
LG