သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆော်ဒီအမျိုးသမီးတွေ မော်တော်ကားမောင်းခွင့် တရားဝင်စရ


ကမ္ဘာပေါ်မှာ အမျိုးသမီးတွေ ကားမောင်းခွင့်ကို တားမြစ်တဲ့ တခုထည်းသော နိုင်ငံဖြစ်တဲ့ ဆော်ဒီအာရေဗျက သူတို့ရဲ့ တားမြစ်ချက်ကို ဒီလကုန်လောက်မှာ ဖယ်ရှားပစ်တော့မှာမို့ အခု အမျိုးသမီးတွေကို ကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ပါတယ်။

ဗြိတိန်၊ လက်ဘနွံနဲ့ ကနေဒါအပါအဝင် တခြားနိုင်ငံတွေမှာ လိုင်စင်ရထားပြီးသား အမျိုးသမီးတွေကို ဆော်ဒီကားမောင်းလိုင်စင် စတင်ထုတ်ပေးနေပြီ ဖြစ်ကြောင်း တနင်္လာနေ့မှာ ဆော်ဒီအာရေဗျ အစိုးရက ကြေညာချက် ထုတ်ပြန်ပါတယ်။ အမျိုးသမီးတွေဟာ လိုင်စင် အသစ်ရဖို့ ကားမောင်းလိုင်စင် စာမေးပွဲကို အရင် ဖြေဆိုရမယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဆော်ဒီအာရေဗျဟာ အမျိုးသမီးတွေ ကားမောင်းခွင့်အတွက် ဆယ်စုနှစ်နဲ့ ချီပြီး ပိတ်ပင်ထားတာကို ဇွန်လ ၂၄ ရက်နေ့မှာ စတင် ဖယ်ရှား ပေးဖို့ ပြင်ဆင်နေတာပါ။ ဒါဟာ ရေနံနဲ့ ချမ်းသာတဲ့ ရှေးရိုးစွဲကွန်ဆာဗေးတစ် နိုင်ငံကို ခေတ်မှီနိုင်ငံအဖြစ် ပြုပြင်ပြောင်းလဲဖို့ လုပ်နေတဲ ဆော်ဒီ မင်းသား Khaled bin Salman ရဲ့ အစီအစဉ် တစိတ်တပိုင်း ဖြစ်ပါတယ်။

အခုလို အမျိုးသမီးတွေ ကားမမောင်းရ တားမြစ်ချက်ကို ဖယ်ရှားပေးမယ်လို့ မကြေညာခင် လွန်ခဲ့တဲ့ သီတင်းပတ်တုန်းကပဲ အမျိုးသားတွေက အမျိုးသမီးတွေကို ကြီးကြပ်စောင့်ရှောက်ရတဲ့ စံနစ်နဲ့ အမျိုးသမီးတွေ ကားမောင်းခွင့်ရရေး ကြိုးစားမှုမှာ ပါဝင်တဲ့ အမျိုးသမီး အမျုားအပြားကို ဆော်ဒီအစိုးရက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံမှာ အမျိုးသမီးတွေဟာ တရားရေး ဆုံးဖြတ်ချက်တွေအတွက် အမျိုးသားကြီးကြပ်သူတွေဆီက ခွင့်ပြုချက် ရယူဖို့ လိုအပ် ပါတယ်။ ဒီဆုံးဖြတ်ချက်တွေထဲမှာ ပညာရေး၊ အလုပ်အကိုင်၊ လက်ထပ်ထိမ်းမြားမှု၊ ခရီးသွားလာမှုနဲ့ ဆေးကုသမှုတွေပါ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG