သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ အရောင်းအဝယ် ပြုလုပ်ခြင်း မရှိကြောင်း Schiebel ငြင်းဆို


မှတ်တမ်းဓာတ်ပုံ - Schiebel ရဲ့ Camcopter ကို ၄၈ ကြိမ်မြောက် ပါရီ Air Show မှာ တွေ့ရစဉ်။ ( ဇွန်လ ၁၈, ၂၀၀၉ -REUTERS/Pascal Rossignol (FRANCE TRANSPORT BUSINESS)
မှတ်တမ်းဓာတ်ပုံ - Schiebel ရဲ့ Camcopter ကို ၄၈ ကြိမ်မြောက် ပါရီ Air Show မှာ တွေ့ရစဉ်။ ( ဇွန်လ ၁၈, ၂၀၀၉ -REUTERS/Pascal Rossignol (FRANCE TRANSPORT BUSINESS)

မောင်းသူမဲ့လေယာဉ်တွေနဲ့ နည်းပညာတွေ ထုတ်လုပ်နေတဲ့ သြစတြီးယား အခြေစိုက် Schiebel ကော်ပရေးရှင်းအနေနဲ့ မြန်မာစစ်တပ်ကို သူတို့ ထုတ်ကုန်တွေ ရောင်းချခဲ့ခြင်းမရှိသလို၊ ဥရောပသမဂ္ဂက ပြဌာန်းထားတဲ့ မြန်မာကို လက်နက်ရောင်းချမှု ပိတ်ဆို့ထားတာကို ချိုးဖောက် ခဲ့ခြင်း မရှိဘူးလို့ ဗွီအိုအေ ကိုတုန့်ပြန်ပြောကြားခဲ့ပါတယ်။

ကချင်မဟာမိတ်အဖွဲ့ကတော့ Schiebel ကထုတ်တဲ့ မောင်းသူမဲ့ လေယာဉ်အလတ်စားတွေကို မြန်မာစစ်တပ်က အသုံးပြုနေတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပြီး မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ဆို့ထားတာကို Schiebel ကချိုးဖောက်မှု ရှိမရှိ စုံစမ်းစစ်ဆေးဖို့ ဥရောပသမဂ္ဂနဲ့ သြစတြီးယားအစိုးရကို တောင်းဆိုထားပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံတင်ပြမှာပါ။

သြစတြီးယား နိုင်ငံ ဗီယင်နာမြို့ အခြေစိုက် Schiebel ကော်ပရေးရှင်း အနေနဲ့ မြန်မာကို မောင်းသူမဲ့ လေယာဉ်တွေ ရောင်းချတဲ့ နေရာမှာ ဥရောပ သမဂ္ဂက ချမှတ်ထားတဲ့ လက်နက် ရောင်းချမှု ပိတ်ပင်တားမြစ်ချက်ကို ချိုးဖောက်မှု ရှိ မရှိ သြစတြီးယား အစိုးရနဲ့ ဥရောပ သမဂ္ဂတို့က စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂရေးရာ ကျွမ်းကျင်သူတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းချက်တွေ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထွက်လာခဲ့တာပါ။

မြန်မာကို မောင်းသူမဲ့လေယာဉ်တွေရောင်းချခဲ့တာနဲ့ ပတ်သက်လို့ Schiebel ကို ဗွီအိုအေကဆက်သွယ်မေးမြန်းရာမှာ အီးမေးလ်ကနေ အခုလို သီးသန့် တုန့်ပြန် ဖြေဆိုခဲ့ပါတယ်။

“နည်းပညာ စီးပွားရေးကုမ္ပဏီကြီးတခု အနေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ သုံးစွဲသူအားလုံးကို စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေအတိုင်း ရောင်းချခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ Schiebel ရဲ့ ပစ္စည်းတွေကို ဝယ်ယူသုံးစွဲသူတွေထဲမှာ မပါသလို၊ ကုမ္ပဏီက ထုတ်တဲ့ပစ္စည်းတွေကိုလည်း မြန်မာစစ်တပ်ကို ရောင်းချခဲ့တာမျိုး မရှိခဲ့ပါ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လမ်းပမ်းဆက်သွယ်ရေးနဲ့ ယာဉ်လမ်းကြောင်း ထိန်းညှိရေးစနစ် ခေတ်မီတိုးတက်ကောင်းမွန်ဖို့ဆိုတဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး အလတ်စားမောင်းသူမဲ့လေယာဉ် အမျိုးအစားဖြစ်တဲ့ CAMCOPTER@ S-100 ကို Schiebel အနေနဲ့ မြန်မာကို အရင်တုန်းက ရောင်းချခဲ့ဘူးပါတယ်။ ဒီလို တင်ပို့ရောင်းချတဲ့အချိန်ကလည်း ဥရောပသမဂ္ဂ က မြန်မာအပေါ် လက်နက်ရောင်းချတာကို ပိတ်ဆို့မှု မလုပ်ခင်က ဖြစ်ပါတယ်။ ဒါအပြင် သူတို့ ရောင်းချချိန်မှာလည်း ပြည်တွင်းနဲ့ ပြည်ပမှာ ပြဌာန်းထားတဲ့ နည်းဥပဒေအားလုံးကို အပြည့်အဝလိုက်နာခဲ့ပါတယ်။”

ဒါပေမဲ့လည်း Schiebel ကထုတ်တဲ့ အလတ်စားမောင်းသူမဲ့လေယာဉ် အမျိုးအစားဖြစ်တဲ့ CAMCOPTER@ S-100 ကိုမြန်မာရေတပ် က တပ်ဆင်အသုံးပြုခဲ့တာကို သူတို့ တွေ့ရှိခဲ့ရကြောင်း အမေရိကန်အခြေစိုက် ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San NSang က ဗွီအိုအေကို ပြောပါတယ်။

“ လက်နက် ရောင်းချမှု ပိတ်ဆို့မှုထဲမှာက Duel-use ဆိုတဲ့ဟာရော ပါတာပေါ့နော်။ ၂၀၁၈ မှာ ချမှတ်ထားတာထဲမှာ duel-use ဆိုတာ civilian use ဖြစ်ဖြစ် လက်နက်သဖွယ် အသုံးပြုလျက် ဖြစ်ဖြစ် နှစ်ခွသုံးလို့ ရတဲ့ဟာတွေကို ပိတ်ဆို့ထားတဲ့ အခြေအနေရှိပါတယ်။ အဲလိုဆိုတော့ ဒီ Schiebel ရဲ့ဟာက CAMCOPTER@ S-100 က နှစ်ခုလုံး သုံးလို့ရတဲ့ အခြေအနေ ရှိတယ်။ အဓိက ကတော့ ဝယ်သူက ဘယ်သူလဲ။ မြန်မာ့ စစ်တပ်ကနေပြီးတော့ ဝယ်ယူတဲ့ Drone လား၊ စစ်ရေယာဉ်ပေါ်မှာရော မောင်းခဲ့တာပေါ့နော်။ ရေတပ်ရဲ့ ၇၁ နှစ်မြောက် မှာရော ပြသခဲ့တယ်။ အဓိက ကတော့ သူတို့ အသုံးချတာကတော့ စစ်တပ်ဘက်ကနေ သုံးနေတဲ့ဟာတွေ ကျနော်တို့ မြင်ရတယ်။ ”

သြဂုတ်လ ၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ Schiebel နဲ့ ပတ်သက်တဲ့ ကချင်မဟာမိတ်အဖွဲ့ရဲ့ ကြေညာချက်မှာလည်း ၂၀၁၈ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ပြဌာန်းခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ မြန်မာအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်တားမြစ်ချက်အရ အရပ်ဘက်ဆိုင်ရာမှာသာမက စစ်ဘက်ဆိုင်ရာမှာပါ နှစ်ခုစလုံးအတွက် အသုံးပြုလို့ရတဲ့ နည်းပညာတွေကို ရောင်းချခြင်းမပြုရလို့ ကန့်သတ်ထားပေမဲ့ မြန်မာစစ်တပ်က သူတို့အနေနဲ့ အလတ်စားမောင်းသူမဲ့လေယာဉ် အမျိုးအစားဖြစ်တဲ့CAMCOPTER@ S-100 ကို ဝယ်ယူထားတဲ့အကြောင်း ၂၀၁၉ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ အတည်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာစစ်တပ်မှာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ မှန်မှန်ကန်ကန် အသုံးမချပဲ တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်တဲ့နေရာတွေ အထူးသဖြင့် ကချင်ပြည်နယ် တိုက်ပွဲတွေမှာ မြန်မာစစ်တပ်ဟာ အဆင့်မြင့် နည်းပညာတွေ သုံးပြီး တိုက်ခိုက်တာတွေရှိခဲ့ကြောင်း Gum San NSang ကပြောပါတယ်။

“ ဒီ နည်းပညာပိုင်းအတွက် မြန်မာစစ်တပ် အတွက် ပိုမိုမြင့်မားလာဖို့ အတွက် စစ်ရေးတွေမှာ မဟာဗျူဟာ ကျကျ သုံးနိုင်ဖို့ အတွက် နည်းပညာ ပိုတိုးတက်မှုတွန်းပို့သလို ပုံစံ ဖြစ်နေတယ်ဗျ။ အဲဒါကို ကျနော်တို့က စိုးရိမ်တာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိ အခြေအနေမှာ တောင်မှ အဆင့်မမြင့်သေးတဲ့ Drone တွေကို ကျနော်တို့ ကချင်ပြည်နယ် ဘက်မှာ ဆိုရင်နော် ဒီ KIA နဲ့ တိုက်ပွဲမှာရော သုံးတယ်။ နောက်တခုကတော့ ပြည်သူတွေကြားမှာရော သုံးတဲ့ဟာတွေ ကျနော်တို့ တွေ့ရတယ်။ ဒီ Shiebel ရဲ့ CAMCOTAR ပုံစံဟာက အောက်တိုဘာ ၂၀၁၈ မှာ ဒီ ကားမိုင်းဘက်မှာ ကျနော်တို့ တွေ့ရတယ်လို့ ဒီ ပြည်သူလူထုတွေက ပြောတဲ့ဟာတွေ ကျနော်တို့ ကြားသိရပါတယ်။ အဲဒါဆိုတော့ ကျနော်တို့က တကယ်ကို စိုးရိမ်ပါတယ် ခင်ဗျ။ ဘာလို့လည်းဆို ဒီ CAMCOTAR ကနေပြီးတော့ MLS - ဒီ Multi Launcher ဆိုတာ Missile System အသုံးပြုလို့ရတယ်။ စစ်သုံးဆိုရင် သုံးလို့ ရတဲ့ အခြေအနေရော ပါနေတယ်ဆိုတော့ ကျနော်တို့က စိုးရိမ်တာပါဗျ။EU ကနေ ချမှတ်ထားတဲ့ Embargo ရော ချိုးဖောက်ရာ ကျတယ်။ စစ်ဆေးဖို့ရော ကျနော်တို့ တောင်းဆိုတာ ဟုတ်ကဲ့။ ”

Shiebel ကထုတ်တဲ့ CAMCOTAR S-100UAV အလတ်စားမောင်းသူမဲ့လေယာဉ် အမျိုးအစားဟာ အာရပ်စော်ဘွားများနိုင်ငံက စစ်တပ်နဲ့ဂျာမနီ ရေတပ်တွေမှာ အသုံးပြုဖို့အတွက် အဓိကဒီဇိုင်းရေးဆွဲ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အလတ်စားမောင်းသူမဲ့လေယာဉ်နဲ့ နယ်ခြားစောင့်တပ်တွေ ကင်းလှည့်တာ၊ ရန်သူ့ပစ်မှတ်တွေကို သတ်မှတ်ပေးတာ၊ မိုင်းရှာဖွေတာ အပါအဝင် အခြားရေကြောင်း နဲ့ သက်ဆိုင်တဲ့ အခန်းကဏ္ဍတွေမှာ အသုံးပြုနိုင်ပါတယ်။ ဒါအပြင် အပျက်အစီးတွေကြား ကယ်ဆယ်ရေးအဖွဲ့တွေအတွက် အထောက်အကူပေးတာ၊ သိပ္ပံနည်းပညာ လေ့လာဖို့၊ ကောင်းကင်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံပညာရပ်၊ လူစုလူဝေးဖြစ်စဉ်တွေကို ထိန်းချုပ်ဖို့၊ မြို့ပြနဲ့ ဆိုင်တဲ့ အရပ်ဘက်လုပ်ငန်းတွေမှာ လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာအနေနဲ့ ဒီမောင်းသူမဲ့လေယာဉ်ကို ဝယ်ယူရာမှာ တမျိုးတဖုံနဲ့ လှည့်ပြီး ဝယ်ယူခဲ့တာဖြစ်ပြီး တကယ်တမ်းလက်တွေ့မှာ စစ်ဘက်ဆိုင်ရာမှာ အသုံးပြုနေတယ်ဆိုတာ နိုင်ငံတကာသိစေဖို့အတွက်လည်း အခုလို Schiebel ကရောင်းချခဲ့တဲ့ ထုတ်ကုန်နဲ့ ပတ်သက်လို့ ကချင်မဟာမိတ်အဖွဲ့ အနေနဲ့ ကြေညာချက်ထုတ် ကန့်ကွက်ခဲ့တာဖြစ်တယ်လို့ Gum San NSang ကပြောပါတယ်။

“ ဒါ ပြည်သူ သုံးမလိုလို ပုဂ္ဂလိက သုံးဖို့ အခြေအနေ ပုံစံမျိုးနဲ့ လုပ်ထားပြီးမှ တကယ့် စစ်သုံးအတွက် ဒီ အဓိကထားပြီးမှ ဝယ်ယူတယ် ဆိုတာက ဒီဟာက နိုင်ငံတကာက နေပြီးတော့ တခါတလေကျတော့ သိပ်မမြင်ဖြစ်ဘူးပေါ့နော်။ အဲဒါကြောင့် မမြင်ဖြစ်တဲ့ဟာကို ကျနော်တို့က အဓိက အဲဒါထားပြီးမှ ဖွင့်ပြတာပေါ့။ အဲဒါကို အဓိကထား ပြောတာပါဗျ။ ”

သြဂုတ်လ (၅)ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာမှာလည်း- ၂၀၁၇ ခုနှစ် သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ် စတင်ခဲ့တဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးကြောင့် အမေရိကန်အပါအဝင် ဥရောပ၊ ကနေဒါနဲ့ သြစတြေးလျ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်ခဲ့ရာမှာစစ်တပ်နှင့် နယ်ခြားစောင့်တပ်တွေ အတွက် အရပ်နဲ့ စစ်ဘက် နှစ်မျိုးသုံးနိုင်တဲ့ ပစ္စည်းတွေ တင်ပို့မှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ စောင့်ကြည့်တဲ့ ပစ္စည်းကိရိယာတွေ မြန်မာကို တင်ပို့မှုကို ဥရောပသမဂ္ဂက ၂၀၁၈၊ ဖေဖေါ်ဝါရီလမှာ တိုးချဲ့ကန့်သတ်ထားကြောင်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG