သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ Sean Turnell ပါ ငါးဦးအမှု တရားလိုပြသက်သေတဦးထွက်ဆို 


 ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell (ဓာတ်ပုံ- အေပီ)
ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell (ဓာတ်ပုံ- အေပီ)

NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့စီးပွားရေးအကြံပေး Sean Turnell နဲ့ NLD အစိုးရ လက်ထက်က ဝန်ကြီး သုံးဦးတို့အပေါ် တရားစွဲထားတဲ့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်တယ်ဆိုတဲ့အမှုကို ဒီနေ့ ဇန်နဝါရီ ၂၀ရက်နေ့မှာ ဆက်လက်ကြားနာ စစ်ဆေးပါတယ်။ Sean Turnell ရဲ့ လက်ကိုင်ဖုန်း၊ Laptop computer ထဲက အချက်အလက်တွေနဲ့ပတ်သက်လို့ မှုခင်းတပ်ဖွဲ့ နည်းပညာဌာနက အရာရှိတဦး တရားလိုသက်သေအဖြစ် လာရောက်ထွက်ဆို ပါတယ်။ Sean Turnell အပေါ် လူဝင်မှုကြီးကြပ်ရေး ဥပဒေနဲ့ တရားစွဲထားတဲ့အမှုကိုလည်း ဒီနေ့ကြားနာပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် တရားစွဲခံနေရတဲ့ အမှုတွေနဲ့ပတ်သက်လို့ နောက်ဆုံးသိရတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြပါမယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေး Sean Turnell ဆီမှာ တွေ့ရှိတယ်ဆိုတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး သူနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အစိုးရ ဝန်ကြီး သုံးဦးတို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့အမှု ကို နေပြည်တော် အထူးတရားရုံးမှာ ဒီနေ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဆက်လက်ကြားနာတာပါ။

ဒီနေ့မှာတော့ မူခင်းတပ်ဖွဲ့ နည်းပညာဌာနက နည်းပညာကျွမ်းကျင်သူ အရာရှိတယောက်က Sean Turnell ရဲ့ Electronic ပစ္စည်းတွေမှာ သိမ်းထားတဲ့ အချက်အလက်တွေနဲ့ပတ်သက်ပြီး တရားလိုသက်သေအဖြစ် လာရောက်ထွက်ဆို တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦး က ပြောပြပါတယ်။

“ဒီကနေ့က ရှောင်တာနယ်အမှုမှာ နည်းပညာဌာန မူခင်းတပ်ဖွဲ့ပေါ့။ နည်းပညာဌာနက Expert Senior ခေါ်တာပေါ့။ အဲလူရဲ့ ထင်မြင်ချက်၊ မပြီးဘူး ဒီနေ့စစ်တာ။ မပြီးသေးဘူး၊ နောက်တချိန်းမှ စစ်ပြီးမယ်။ သူ့ဟာက အများကြီး။ ဒီနေ့ သူ့တယောက်ထဲကို တနေကုန်ပဲ။ သူ့ရဲ့သိမ်းဆည်းခံထားရတဲ့ Laptop တို့ iPhone တို့ iPad တို့ထဲမှာ တွေ့တဲ့ဟာတွေကို နည်းပညာရှင်က ထုတ်ပြီး တော့မှ အဲဟာရဲ့ထင်မြင်ချက်ကို ပြောတာပေါ့နော်။ နောက်တချိန်းကျန်သေးတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကို အမှုအကြောင်းမပြောဖို့ စစ်ကောင်စီက တားမြစ်ထားတာကြောင့် တရားခွင် ကြားနာမှု အသေးစိတ်ကိုတော့ မသိရပါဘူး။

စီးပွားရေးအကြံပေး Sean Turnell ရဲ့ Laptop ထဲမှာ စီမံဘဏ္ဍာဝန်ကြီးဌာနနဲ့ဆက်စပ်တဲ့ စာရွက်စာတမ်းတွေ တွေ့တယ် ဆိုပြီး NLD အစိုးရလက်ထက်က စီမံဘဏ္ဍာ ဝန်ကြီးနှစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်တို့ကို လည်း နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃-၁ (ဂ) နဲ့ တရားစွဲဆိုထားတာပါ။

ကင်ဆာဝေဒနာကြောင့် အစာအိမ်အရေးပေါ်ခွဲစိတ်မှု ခံယူထားရတဲ့ ဦးစိုးဝင်းကတော့ ဒီနေ့ကြားနာပွဲကို တက်ရောက် နိုင်ခြင်း မရှိသေးပါဘူး။ ဆေးရုံဆင်းခွင့်မရသေးတာမို့ ဒီကနေ့ ရုံးချိန်းကိုလည်း မတက်ရောက်နိုင်ကြောင်း တရားရုံးကိုတင်ပြခဲ့ တယ်လို့ သိရပါတယ်။ သူ့ကျန်းမာရေးအခြေအနေအရ ဆေးရုံမှာပဲ ဆက်လက်ကုသမှုခံယူနေရတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ ရှေ့နေတဦးက ပြောပါတယ်။

“ဦးစိုးဝင်းကျန်းမာရေးက ကောင်းလာတယ်။ ဒါမယ့် ဆေးရုံကနေတော့မလာနိုင်သေးဘူး။ ဒီနေ့မတက်လာနိုင်ဘူး။သူမလာဘူး။ ကျန်းမာရေးအနေအထားအသေးစိတ်ကတော့ ဆရာဝန်မှပဲသိမယ်။ ဒီနေ့တော့ ရုံးမလာနိုင်သေးဘူး။ နောက်တပတ်လည်း မသေချာဘူး။ အဲလိုပဲပြောလို့ရမယ်။”

နေပြည်တော်အထူးတရားရုံး ဒီနေ့ကြားနာပွဲမှာ သြစတြေးလျနိုင်ငံသား Sean Turnell တတည်းအပေါ် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာဥပဒေနဲ့ တရားစွဲထားတဲ့အမှုကိုလည်း စစ်ဆေးခဲ့ပြီး အဲဒီအမှုနဲ့ပတ်သက်လို့ တရားလိုပြသက်သေကို စစ်ဆေးခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ အဲဒီအမှုအတွက် စွဲချက်တင်သင့်မသင့်ကို မကြာခင်မှာ ဆုံးဖြတ်သွားဖွယ်ရှိပါတယ်။ အမှုနှစ်ခုလုံး စစ်ဆေးချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်မသိရပါဘူး။ နောက်ထပ်ရုံးချိန်းကို လာမယ့် ကြာသပတေးနေ့ ဇန်နဝါရီ ၂၈ ရက်ကို ထပ်မံချိန်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှု ၅ မှုအတွက် ထောင်ဒဏ် စုစုပေါင်း ၆ နှစ်ချမှတ်ခံထားရပြီး လက်ရှိမှာ အဂတိအမှု ၁၀ မှုနဲ့ တရားရင်ဆိုင်နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မနဲ့လည်း အမှုတိုးတယ်လို့ သတင်းတွေ ထွက်နေပေမဲ့ ဗွီအိုအေက လောလောဆယ် အတည်မပြုနိုင်သေးပါဘူး။

......................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)











XS
SM
MD
LG