ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာပဋိပက္ခနဲ့ပတ်သက်ပြီး မနေ့ကကျင်းပခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကုလအထူးကိုယ်စားလှယ် ၂ ဦးတင်ပြခဲ့တာကတော့ ဒုက္ခသည်တွေပြန်လက်ခံရေးမှာ ဒုက္ခသည်တွေ လုံခြုံစိတ်ချရတယ်လို့ ရွေးချယ်တဲ့နေရာတွေမှာ နေရာချထားပေး ဖို့နဲ့ ရိုဟင်ဂျာတွေကို လွတ်လပ်စွာ သွားလာခွင့်ပေးဖို့၊ ပြီးတော့ ပြန်လာမယ့် ဒုက္ခသည်တွေ အထောက်အထားတွေ အစုံအလင် မတင်ပြ နိုင်ခဲ့ရင် လျှော့ပေါ့စဉ်းစားပေးဖို့ ဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ လုံခြုံရေးကောင်စီ ဆွေးနွေးချက်တွေပေါ် ဘယ်လို သဘောရပါသလဲလို့ NLD ပါတီပြောခွင့်ရ ဦးဉာဏ်ဝင်းကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းရာမှာ သူက ခုလို စတင်ဖြေကြားပါတယ်။
ဦးဉာဏ်ဝင်း။ ။ ပထမဆုံးအချက်အနေနဲ့ကတော့ သူတို့ကို အကြွမ်းမဲ့ ပြန်လည်လက်ခံဖို့ ။ အဲဒါကတော့ ကျနော့်အနေနဲ့ ပြောရင်တော့ မဖြစ်နိုင်ဘူး ဘာဖြစ်လို့ မဖြစ်နိုင်သလဲဆိုတော့ ကျနော်တို့နိုင်ငံက ခိုင်းစားခံတဲ့ဘဝနဲ့ နိုင်ငံမဟုတ်ဘူး။ လွတ်လပ်တဲ့နိုင်ငံ ၊ အဲဒီတော့ ကျနော်တို့ပြောပြီးပြီ လက်ခံမယ် ၉၃ က သဘောတူထားတဲ့ အချက်တွေနဲ့ လက်ခံမယ်လို့ ပြောပြီးသား ။ ဒီဟာတွေနဲ့ ပတ်သက်ပြီး တာဝန်ရှိတာက ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာပဲ အဲဒီတော့ သူတို့က ဘင်္ဂလားဒေ့ရှ်ကိုရောက်နေတယ်၊ အဲဒီတော့ လက်ခံမယ့် မြန်မာက ပြောတယ်။ စည်းကမ်းချက်ထားတယ် ဒါပါပဲ ၊ အဲဒီတော့ ဒီစည်းကမ်းချက်ကို ဘာမှ ပြင်စရာအကြောင်းမရှိဘူး။ နောက် နံပတ်၂ အနေနဲ့က ကျနော်တို့ သွားလာရေး ကန့်သတ် တဲ့ကိစ္စ အဲဒီတော့ သွားလာရေး ကန့်သတ်တာက ဘယ်နိုင်ငံမှာ သွားဖို့လဲ။ အမေရိကမှာလား အင်္ဂလန်မှာလား ၊ အာဖရိကမှာလား မဟုတ်ဘူး မြန်မာနိုင်ငံမှာ။ အဲဒီတော့ ကန့်သတ်ခွင့်ကို လုပ်ခွင့်ရှိတယ်လို့ ကျနော်ကတော့ အဲလိုပြောချင်တယ်။
ကိုဉာဏ်ဝင်းအောင်။ ။ဆရာခုနကပြောသွားတဲ့အချက်မှာ ၉၃ က သဘောတူညီချက်ဆိုတာက ဘယ်လိုအချက်တွေပါလဲ။
ဦးဉာဏ်ဝင်း။ ။ အဲဒီပြန်လာမယ့် ပုဂ္ဂိုလ်က မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ခဲ့ဖူးကြောင်းအထောက်အထား။ အဓိက အဲဒါပဲ။
ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ ဒီနေရာမှာပေါ့လေ ဒီကုလသမဂ္ဂက ပြောနေတာက ဒီထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဝရုန်းသုန်းကား နဲ့ ပြေးသွားကြတယ်၊ အထောက်အထားတွေလည်း ယူမသွားနိုင်ဘူးပေါ့လေ။ ပြန်ပြီးတော့ အထောက်အထားတွေ ပြနိုင်ဖို့ ခက်ခဲမယ်ပေါ့လေ။ ဒါကိုလျော့ပေ့ါပေးဖို့ ပြောနေတာပါ။
ဦးဉာဏ်ဝင်း။ ။ ကျနော်တို့က ပြောနေတာက အထောက်အထားလိုချင်တယ်။ ကောင်းပြီ ဒီကိစ္စမှာ အထောက်အထားမရှိဘူး။ မရှိပေမယ့်လို့ ကျနော်၊ ကျမဟာ ရခိုင်ပြည်နယ် ဘယ်ဒေသ၊ ဘယ်ရပ်ကွက် ကျေးရွာမှာ နေခဲ့တယ် ဘယ်လောက်အချိန်ကစပြီးနေခဲ့တယ် အဲဒီလိုပြောပါ။ ကျနော်တို့ကအဲဒီလိုပြောတဲ့အတိုင်းဟုတ်ရင် ကျနော်တို့လက်ခံမယ် အဓိက အဲဒါပါပဲ။
ကိုဉာဏ်ဝင်းအောင်။ ။ ဆိုတော့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးတဲ့ နောက်တချက်က မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကနေပြီးတော့ ဒေသခံ မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် ကို အဓမ္မပြုကျင့်မှုတွေလုပ်ခဲ့တယ်။ဒါကို အခုအချိန်အထိ မြန်မာအစိုးရကလည်း အရေးယူတာမရှိသေးဘူးလို့ စွပ်စွဲပြောဆိုထားပါတယ် ဒီအချက်ပေါ်မှာရော ခင်ဗျ။
ဦးဉာဏ်ဝင်း။ ။ မြန်မာလုံခြုံရေးတပ်ဖွဲ့က ဒေသခံတွေကို ဥပဒေမဲ့ မဒိမ်းကျင့်တာအပါအဝင် နှိပ်စက်တယ် ဆိုတဲ့ သဘောပေါ့ဗျာ ။ အဲဒါတွေကို အရေးယူပေးပါဆိုရင် ကျနော်တို့နိုင်ငံမှာ အဲဒီလိုကိစ္စတွေကို အရေးယူဖို့ ဥပဒေတွေကို အနှစ် ၂၀၀ လောက်ရှိပြီ ကျနော်တို့ ဒီမှာ ရှိတဲ့ဥပဒေတွေ အဲဒီ ၂၀၀ မှာလည်း အကျုံးဝင်တဲ့ဟာတွေဆိုရင် ကျနော်တို့ အရေးယူမယ်။ အကျုံးမဝင်ပဲနဲ့ အရေးယူပေးပါလို့ ပြောနေရင်တော့ ကျနော်တို့အရေးယူလို့မရဘူး။ ကျနော်တို့အဖြစ်အပျက်ကို မှန်တယ်၊ မှားတယ်ဆိုတာ ကျနော်လည်းပြောခွင့်မရှိဘူး။ အဲဒီက ကိုယ်စားလှယ်တွေလည်း ပြောခွင့်မရှိဘူး။ တရားရုံးက လာပြောရမှာ ။ အဲဒီတော့ တရားရုံးကို ရောက်အောင် ဆုံးဖြတ်နိုင်အောင် အချက်အလက် အမှန်အကန်ကို Proof တင်ပေးရမှာက စွဲတဲ့လူရဲ့တာဝန် အဲဒီလိုပဲပြောချင်တယ်။
ကိုဉာဏ်ဝင်းအောင်။ ။ဟုတ်ကဲ့ ဦးဉာဏ်ဝင်း ကျေးဇူးပါခင်ဗျ။