သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးဌာနသစ်ထားဖို့ ရှမ်းပြည်လွှတ်တော် သဘောမတူ


ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးကျင်းပနေစဉ်

လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရေးအတွက် ရှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေးမှာ သဘောတူညီချက်ရယူရာမှာ ကန့်ကွက်မဲများတဲ့အတွက် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရေးဟာ အတည်မပြုနိုင်ခဲ့ပါဘူး။ လူဝင်မှုကြီးကြပ်ရေးကို ပြည်ထောင်စုအဆင့်ကနေ ကိုင်တွယ်သင့်တဲ့အကြောင်းနဲ့၊ ပြည်ထောင်စုအဆင့်မှာလည်း ဝန်ကြီးဌာနရှိပြီးဖြစ်တာကြောင့်

ကန့်ကွက်တာဖြစ်ကြောင်း လွှတ်တော်မှာ ကန့်ကွက်ခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တနင်္လာနေ့က ကျင်းပတဲ့ ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေးမှာ လွှတ်တော်ဥက္ကဌက လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရေးအတွက် တင်ပြရာမှာ မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်၁က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက ကန့်ကွက်ခဲ့တာပါ။

ဒီလို ကန့်ကွက်တာကြောင့် မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၈၇မဲ၊ ထောက်ခံမဲ ၃၂မဲ၊ ကြားနေ တစ်မဲ၊ မဲမပေးသူ တစ်ဦးခဲ့လို့ တိုးချဲ့ဖွဲ့စည်းမယ့် အစီအစဉ်ဟာ အတည်မဖြစ်ခဲ့ပါဘူး။

ဒီလို ကန့်ကွက်ရတဲ့အကြောင်းကို မိုင်းဆတ်မြို့နယ် မဲဆန္ဒနယ်အမှတ်၁က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်းက အခုလို ပြောပါတယ်။

“ လူဝင်မှုကြီးကြပ်ရေးဆိုတာ နိုင်ငံတော်လုံခြုံရေးအတွက် အလွန်အရေးကြီးတယ်။ နောက်တစ်ခါ အချုပ်အခြာအာဏာတည်တံခိုင်မြဲရေးကိစ္စတွေ၊ နောက်တစ်ခါ တစ်ခြားစီမံခန့်ခွဲရေးကိစ္စတွေကို အဓိက ကိုင်တွယ်ရတဲ့ ဌာနကြီးဖြစ်တဲ့အတွက် တစ်ခြားနိုင်ငံတွေ ကမ္ဘာ့နိုင်ငံအသီးသီးကို ကြည့်လို့ရှိရင်လည်း ဒီဟာကို ဗဟိုကပဲ ကိုင်တွယ်ကြီးကြပ်ပါတယ်။ ကျနော်တို့ ဆီမှာလည်းပဲ နဂိုတည်းက ဗဟိုကပဲ ကိုင်တွယ်ထားတဲ့ ဝန်ကြီးဌာနတစ်ခုရှိပြီးသား။ အခုအစိုးရလက်ထက်မှာ ဝန်ကြီးဌာနတွေ ပေါင်းလိုက်တာတို့၊ ဖျက်ပစ်လိုက်တာတို့ လုပ်ပြီးတော့မှ အခု ဒီဝန်ကြီးဌာနကို ပြန်လုပ်ပြန်တော့ ဒီဟာကို ကျနော်တို့က တိုင်းဒေသကြီး ပြည်နယ်အဆင့်ကို မလုပ်သင့်ဘူးဆိုပြီးတော့ ဗဟိုကပဲ ကိုင်တွယ်တာ ကောင်းတယ်ဆိုပြီးတော့ ကျနော်တို့က သုံးသပ်ပြီးတော့ ကန့်ကွက်တာပါ။”

မြန်မာနိုင်ငံက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ခုမှာ ရှမ်းနဲ့ ရခိုင် ပြည်နယ်နှစ်ခုမှာ အခုလို ကန့်ကွက်ခဲ့ တာဖြစ်ပါတယ်။

အသစ်ဖွဲ့စည်းလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အစိုးရက အတိအကျ ထုတ်ပြန်ထားတာလည်း မရှိသေးပါဘူး။

ဒီလ ၁ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးကျော်မင်း ခေါ် ဦးဖိုးမင်းက လက်ရှိ အခြေအနေကို အခုလို ပြောပါတယ်။

“ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကျတော့ ဒါကိုကျ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ လတ်တလောအခြေအနေအရ လဝက ဦးစီးဌာန ကိုတော့ ကျနော် ကိုင်တွယ်နေရတာပေါ့။ ဒါကလည်း ခေါင်းစဉ်အရသာလျှင်ဖြစ်နေတာ ပေါ့နော်။ အရင် လဝက ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းပဲ သွားနေတာပဲ ရှိသေးတာပေါ့နော။ ”

ပြည်ထောင်စုအစိုးရအဖွဲ့မှာတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနကို ဖွဲ့စည်းထားပြီး ရှိနေတာဖြစ်ပါတယ်။

လက်ရှိ တိုင်းဒေသကြီးနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေမှာ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန အသစ်ဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အငြိမ်းစား အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်ကို မေးမြန်းရာမှာတော့ အခုလို ပြန်လည်ဖြေကြားပါတယ်။

“ အခုတိုင်းနဲ့ပြည်နယ်မှာ ဖွဲ့လိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဆိုတာ သူ့ရဲ့ လုပ်ငန်းတာဝန်တွေ အစိုးရက ထုတ်ပြန်ဖို့ ရှိပါလိမ့်မယ်ခင်ဗျ။ အဲဒီလုပ်ငန်းတာဝန်တွေကို ကြည့်ပြီးတော့မှ ဗဟိုအစိုးရအဖွဲ့ရဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနနဲ့ တိုင်းနဲ့ပြည်နယ် က ဒီ လဝက ဝန်ကြီးဌာနနဲ့ ဘယ်လို တာဝန်တွေ ခွဲတယ်ဆိုတာ ပြောလို့ ရမှာ အဲဒါတွေ မသိဘဲနဲ့ ပြောရင်တော့ ကျနော်တို့က လွဲကုန်မယ့် သဘောတွေ ရှိပါတယ်။ အခု အသစ်ဖွဲ့လိုက်တဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ သူ့ရဲ့ လုပ်ငန်းတာဝန်၊ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ ထုတ်ပြန်ပါလိမ့်မယ်။ အဲဒီအချိန်ကျမှ သင့်တော်တယ်။ မသင့်တော်ဘူးဆိုတာ ပြောလို့ ရမှာပါ ခင်ဗျ။”

တချို့ နိုင်ငံရေးသုံးသပ်သူတွေကတော့ လက်ရှိ အစိုးရရဲ့ ကျန်ရှိ သက်တမ်းကာလဟာ သိပ်မရှိတော့တာကြောင့် တိုးချဲ့ ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးဌာနအသစ်အနေနဲ့ အလုပ်ဖြစ်နိုင်ချေ နည်းပါးကြောင်း သုံးသပ်ကြသလို လုပ်ငန်းလိုအပ်ချက်အရဆိုရင်လည်း လက်ရှိ ရှိပြီး ဝန်ကြီးဌာနကို ပြုပြင်ပြောင်းလဲသင့်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG