သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မြို့မှာ ပစ်ခတ်မှုတချို့ဖြစ်ပွား


မူဆယ်မြို့ ( Photo - CJ Citizen Journalist )
မူဆယ်မြို့ ( Photo - CJ Citizen Journalist )

[ Zawgyi ]

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့စွန်မှာ သောကြာနေ့ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေချိန် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှု နောက်ဆုံးအခြေနေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မူဆယ်မြို့အပြင်ဖက် စက်မှုဇုန်မှာ ဇူလိုင်(၃၀)ရက် သောကြာနေ့ည ၈ နာရီကျော်အချိန်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အသံကို ကြားခဲ့ရပြီး ဘယ် လက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ မူဆယ်မြို့ခံတဦးက ပြောပါတယ်။

" ပစ်တာကတော့ လက်နက်ကြီးတွေနဲ့ တောက်လျောက် ပစ်နေတာ ကျနော်တို့ ကြားနေရတယ်ဗျ။ ဆက်တိုက် ပစ်ကြတယ်ပေါ့နော် နာရီဝက် ၄၅ မိနစ်လောက်ကြာတယ်။ နေရာကတော့ မူဆယ်မြို့ပြင် စက်မှုဇုန် အဲဒီဖက်ခြမ်းမှာ ပစ်နေကြတာ။ အဲဒီစက်မှုဇုန် အလွန်ဖက်မှာဆိုရင် KIA နဲ့ TNLA သူတို့ရဲ့ ထိန်းချုပ်နယ်မြေပေါ့။ အဲဒီဖက် စခန်းတွေလောက်မှာ ပစ်နေတာဗျ။ မြို့နဲ့တော့ တအားကပ်နေတာပေါ့လေ။ ကျနော်တို့ ခန့်မှန်းခြေကတော့ KIA နဲ့ဖြစ်ဖို့ ပိုများတယ်ပေါ့။ "

မြို့ခံပြောသွားသလို KIA ကချင်လက်နက်ကိုင်တပ်ဖွဲ့နဲ့ ဖြစ်ပွားတဲ့တိုက်ပွဲ ဟုတ်မဟုတ် သိရအောင် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။ အခုပစ်ခတ်မှုဖြစ်တဲ့ နေရာနဲ့ သိပ်မဝေးတဲ့ဒေသဟာ ကချင် KIA/ တအာန်းပလောင် TNLA တိုင်းရင်းသားတပ်တွေ ထိန်းချုပ်ရာဒေသလည်း ဖြစ်တယ်လို့ ပြောထားတာကြောင့် TNLA တပ်ဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး တာအိုက်ကျော်ကို ဗွီအိုအေ က ဆက်သွယ်မေးမြန်းရာမှာ သူတို့ တပ်ဖွဲ့နဲ့ တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလို့ ရှင်းပြပါတယ်။

" ကျနော်တို့ အဖွဲ့နဲ့တော့ တိုက်ပွဲဖြစ်ပွားမှု မရှိဘူး။ ကျနော်တို့ စုံစမ်းသိရတာကတော့ ဒီ မူဆယ်မြို့ပြင်က စက်မှုဇုန် ဟိုဖက်ပေါ့နော် ၊ မန်မိုင်ရွာနဲ့ နီးတယ်။ "

မေး - အဲဒီနားက အစိုးရတပ်နဲ့ နီးတာလား၊ ဘယ်လို သဘောပါလဲ ဗိုလ်မှူး။

ဖြေ - အဲဒီမှာ အစိုးရတပ်အခြေချထားတာ မရှိဘူး။ ခါတိုင်းတော့ ယာယီစခန်း ချထားတာမျိုး ရှိတယ်။ ပြည်သူ့စစ်တွေနဲ့ ပူးပေါင်းပြီးမှ ကင်းစခန်းပုံစံ ချထားတာ အဲလိုမျိုးတေ့ာရှိတတ်တယ်။

မေး - ဘယ်အဖွဲ့တွေ ဖြစ်နိုင်တယ်လို့ သုံးသပ်လို့ ရနိုင်ပါသလဲ။

ဖြေ - မပြောတတ်ဘူး အဲဒါကျတော့။ မူဆယ်မှာက ခနခန အဲလိုမျိုး ပစ်ခတ်မှုတွေ ဖြစ်တာပေါ့။ ဒါပေမဲ့ သုံးသပ်ရ ခက်တယ်။

မေး - လူအသေအပျောက် ဘာညာ ကြားမိသေးလား။

ဖြေ - မကြားရဘူး ခင်ဗျ။

မူဆယ်မြို့က ပစ်ခတ်မှုသတင်းနဲ့ ပတ်သက်လို့ မြန်မာစစ်အာဏာပိုင်တွေဖက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါပေမဲ့ သောကြာနေ့ တရက်ထဲမှာပဲ KIA ကချင်တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မိုးကောင်းနဲ့ ကာမိုင်းမြို့ကြား လီဒိုလမ်းမကြီးပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA က ဗွီအိုအေကို အတည်ပြု ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စ်စတပ်က အာဏာသိမ်းခဲ့ပြီးနောက် ဆန္ဒပြသူတွေက လက်နက်ကိုင် ဆန့်ကျင်တာတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေလည်း တကျော့ပြန် ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

[ Unicode ]

မူဆယျမွို့မှာ ပဈခတျမှုတခြို့ဖွဈပှား















XS
SM
MD
LG