သုံးရလွယ်ကူစေသည့် Link များ

သူရဦးရွှေမန်းကော်မရှင် သက်တမ်းတိုးမှု တပ်ကိုယ်စားလှယ်များကန့်ကွက်


သူရဦးရွှေမန်း- ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဌ

ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးဆောင်နေတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ညီညွှတ်မှုမရှိဘဲ ဖွဲ့စည်း ထားတာမို့ ကော်မရှင်ကို သက်တမ်းတိုးမှုမလုပ်သင့်ကြောင်း တပ်မတော်သားကိုယ်စားလှယ်တွေကထောက်ပြလာပြီး ကော်မရှင်သက်တမ်းတိုးတာကို ကန့်ကွက်လိုက်ကြပါတယ်။ ဒီသတင်းကိုဗွီအိုအေမြန်မာပိုင်းကမေခကပေးပို့ထားပါ တယ်။

ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ သူရ ဦးရွှေမန်း ဦးဆောင်နေတဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကို နောက်ထပ်သက်တမ်းတိုးတာမှာ တပ်မတော်သားကိုယ်စားလှယ်တွေဘက်က ကန့်ကွက်ခဲ့ကြပါတယ်။ ကော်မရှင်ဖွဲ့စည်းဖို့ လွှတ်တော်မှာ ဥပဒေပြင်ဆင်ဆောင်ရွက်ကတည်းက တပ်မတော်အနေနဲ့ လက်မခံတာဖြစ်ပြီး၊ ဒီဥပဒေပြင်ဆင်ချက်ကို ဖွဲ့စည်းပုံနဲ့ညီမညီ ဆန်းစစ်ဖို့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကိုလည်း တိုင်တန်းထားတယ်လို့ ဆိုပါတယ်။

“အထူးကိစ္စလေ့လာသုံးသပ်ရေးကော်မရှင်ကနေပြီးတော့ လူထုတွေတွေ့တာတို့ ပြောတာတွေဆိုတာတွေ INGO တွေနဲ့တွေ့တာတွေ ၊ NGO တွေနဲ့ တွေ့နေရတယ်။ ဒါတွေဟာ ကျနော်တို့ ဥပဒေပြုရေးနယ်ပယ် ဆိုတာရှိပြီးသား၊ ဥပဒေပြုရေးကာလရှိပြီးသား။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တွေမှာရှိနေပြီးသား။ ကျနော်တို့ ဥပဒေပြုရေးလုပ်ငန်းတွေကို ပီပီပြင်ပြင် လုပ်နေကြတယ် ၊ လုပ်နေကြရင်းနဲ့ အခုလိုထပ်ပြီးတော့ လုပ်တယ်ဆိုတာက ကျနော်တို့ ဥပဒေပြုရေးလုပ်ငန်းအဖွဲ့တွေကပဲအရည်အသွေးမရှိလို့လား၊ ဒါကြောင့်မို့လို့ ကော်မရှင်ကနေပြီးတော့ လိုက်ပြီးတော့ ထိန်းညှိပေးပြီးတော့ လမ်းကြောင်းပေးနေတာလား၊ အဲလိုမျိုးတွေဖြစ်နေတယ်။ ဒါကြောင့် ဒီဟာက တကယ်တမ်းဆိုရင်လည်း ဖွဲ့စည်းပုံနဲ့မညီပါဘူး။ မညီလို့လည်း ညီမညီ စစ်ဆေးပေးဖို့ ကျနော်တို့ ခုံရုံးကို တင်ထားပါတယ်။ ခုံရုံးကလည်း ဘာမှ အဆုံးအဖြတ်မပေးသေးပါဘူး။ ဒီလိုအချိန်မှာ ဒီလိုသက်တမ်းတိုးတာက မကောင်းပါဘူး။”

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်ကခုလိုကန့်ကွက်လိုက်တာပါ။

ကန့်ကွက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်က ဒီကန့်ကွက်မှုဟာ မိမိတဦးထဲကန့် ကွက်တာမဟုတ်ဘဲ တက်ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်အားလုံးကိုယ်စားကန့်ကွက်ခြင်းဖြစ်တယ်လို့ ကန့်ကွက်မှုနှုန်းပမာဏကို မြင်သာအောင်ပြောဆိုခဲ့ပေမယ့် လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာတော့၊ ကော်မရှင်သက်တမ်းတိုးရေးဖက်က မဲအများနဲ့ အနိုင်ရခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင်ဟာ ဥပဒေများ ရုပ်သိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲရန် သုံးသပ် လုပ်ဆောင်နေတဲ့ ကော်မရှင်တခုအဖြစ် ၁နှစ်သက်တမ်းနဲ့ NLD ပါတီအများစုရှိတဲ့ ဒီ လွှတ်တော်အစမှာ ဖွဲ့စည်းခဲ့တာပါ။

ဖွဲ့စည်းပုံမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်မှာသာ ကော်မရှင်များ၊ ကော်မတီများဖွဲ့စည်းခွင့်ပေးထားပေမယ့် ပြည်ထောင်စုမှာတော့ ဒီလိုကော်မတီနဲ့ ကော်မရှင်များဖွဲ့စည်းခွင့်မပေးထားဘူးလို့ တပ်မတော်ဘက်ကတော့ ဖွဲ့စည်းပုံကို ထောက်ပြထားပါတယ်။

သူရ ဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင်ကို ဖွဲ့စည်းရာမှာ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ ၂၀၁၄ ခုနှစ၊် ပြည်ထောင်စု ဥပဒေအမှတ် ၂ တို့အရ ပြဋ္ဌန်းထားတာဖြစ်လို့၊ အဲဒီ ပြင်ဆင်ချက်ဥပဒေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွှတ်ခြင်း ရှိ/မရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသဘောထားချမှတ်ပေးဖို့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ က ဖေဖော်ဝါရီလ ၂၂ ရက်နေ့တုန်းက ဖွဲ့စည်းပုံခုံရုံးကို တင်ပြထားတယ်လို့ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှုးချုပ်မောင်မောင်ကပြောပါတယ်။

ဒီလိုဝေဖန်မှုတွေကြုံနေရတဲ့ ကော်မရှင်ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးလည်းဖြစ် ဥပဒေပညာရှင်တဦးလည်းဖြစ်တဲ့ ဦးရဲထွန်းကတော့ လက်ရှိတပ်မတော်ကကန့်ကွက်လိုက်တဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတဲ့အဖွဲ့ မဟုတ်ပေမယ့် တိုင်းပြည်လိုအပ်ချက် အရရှိသင့်တဲ့အဖွဲ့တဖွဲ့ လို့သုံးသပ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ လွှတ်တော်ရဲ့ ဥပဒေရေးရာအကြံပေးကော်မရှင်ပေါ့ အဲဒါဖွဲ့ဖို့မှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက်ကိုတော့ပေးထားတယ်။ ပြည်ထောင်စုလွှတ်တော်အတွက်ကိုတော့ မပေးထားဘူး။ ဆိုတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင်တော့ မညီဘူးလို့ သုံးသပ်ရမှာပေါ့ ပြောရမှာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ အဲဒါကို မပြဌာန်းထားဘူး။ သို့သော် ကျနော်တို့အခု ဒုတိယအကြိမ်မှာ ကျတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း သိတယ် သူ့လွှတ်တော်ကိုယ်စားလှယ်တွေတော်တော်များများက အတွေ့အကြုံနဲ့ အရည်အချင်းအားနည်းတဲ့အခါကျတော့ အဆင်ပြေအောင်ဆိုပြီးတော့ အားကိုးတာပေါ့နော်။ နိုင်ငံရဲ့အခြေအနေနဲ့ ပြောမယ်ဆိုရင် သင့်တင့်မျှတပါတယ်။”

သူရ ဦးရွှေမန်း ဦးဆောင်သည့် ကော်မရှင် သက်တမ်းတိုးခြင်းကို ကန့်ကွက်သူ ရှိနေတာမို့ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အတွင်း မဲခွဲဆုံးဖြတ်ခဲ့ရပါတယ်။ မဲ အရေအတွက်အရ ထောက်ခံသူက ကန့်ကွက်သူထက် ၁ဆပိုများတာကြောင့် ဒီကော်မရှင်ကနောက်ထပ်၁နှစ်သက်တမ်း တိုးခွင့်ရခဲ့ပါတယ်။

XS
SM
MD
LG