သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရွှေလီမြို့မှာ မြန်မာရာဂဏန်းဖမ်းဆီးခံရ


တရုတ်မြန်မာနယ်စပ်
တရုတ်မြန်မာနယ်စပ်

တရုတ်လုပ်ငန်းရှင်တဦးအသတ်ခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ထဲမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဒီရက်ပိုင်းအတွင်း တရုတ်အာဏာပိုင်တွေက ဖမ်းဆီးတာတွေ ပိုများလာပါတယ်။

ရက်ပိုင်းအတွင်းမှာပဲ မြန်မာအလုပ်သမား ရာနဲ့ချီပြီး အဖမ်းခံရတယ်လို့ ဒေသခံ အကူအညီပေးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒေသတွင်းမှာ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ အကျိုးဆက်ကြောင့် တဖက်နိုင်ငံထဲသွားပြီး အလုပ်လုပ်သူတွေ ပိုများလာ တယ်လို့လည်း လူမှုအထောက်ကူပြုအဖွဲ့တွေက ထောက်ပြကြပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ရွှေလီမြို့အတွင်းမှာ တရုတ်လူမျိုး အလုပ်ရှင်တဦးကို သတ်ဖြတ်သူတွေဟာ မြန်မာအလုပ်သမားတွေဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် တရုတ်အာဏာပိုင်တွေက အလုပ်သမားတွေကိုစီစစ်ဖမ်းဆီးမှုတွေ များလာတယ်လို့ ရွှေလီမြို့ နာရေးနဲ့လူမှုကူညီရေးအသင်း တာဝန်ခံဦးစိန်တင့်ကဗွီအိုအေကိုပြောပါတယ်။

“လောလောဆယ် ကျန်ပုံနဲ့ရွှေလီကြားထဲမှာ လောပန်တယောက်ကိုသတ်တယ်ခင်ဗျ။ ဗမာ(၄)ယောက်က အမျိုး သမီးတယောက်ပါတယ်။ ပိုက်ဆံမပေးလို့တဲ့။ လူသတ်မှုကလဲ သူဌေးကလဲသူကပိုက်ဆံပေးတာ ငွေ(၄၀၀၀)လား (၅၀၀၀)လားမသိဘူးကျန်တာဗျ။ အဲဒီဥစ္စာကို သူဌေးကမပေးနိုင်သေးဘူး။ မင်းတို့ခနစောင့်။ စောင့်နိုင်ရင်စောင့် မစောင့်နိုင်ရင်မင်းတို့ပြန်လိုက်လို့။ အဲဒီစကားပြောလို့ဆိုပြီးသတ်ပစ်လိုက်တာဗျ။ သူတို့ကအဲဒီလိုသတ်တဲ့ အခါ ကျတော့ သူတို့ကအလုပ်သမားဆိုက်တွေကိုအကုန်လုံးလိုက်ရှာနေတာ။ ဒီသုံးလေးရက်တောအတွင်းမှာ။ သဲကြီး မဲကြီးနဲ့ အလုပ်သမားဆိုက်ကြီးမှန်သမျှကိုလိုက်ဖမ်းနေတာ။ လူ(၁၀၀)ကျော်လောက်တော့ရှိမယ်ထင်တယ်။ စက်ရုံ အားလုံးကိုလိုက်ဖမ်းတာ။”

ငွေရေးကြေးရေးကိစ္စနဲ့ဆက်စပ်ပြီး သတ်ခဲ့တာလို့ဆိုတဲ့ အဲဒီ လူသတ်မှုကျူးလွန်သူတွေကို မမိသေးပေမဲ့ တရုတ်နိုင်ငံအတွင်းနေထိုင်ခွင့်လက်မှတ်မရှိတဲ့ မြန်မာအလုပ်သမားတွေကိုဖမ်းဆီးတာများတယ်လို့ ဦးစိန်တင့် က ပြောပါတယ်။

“နေထိုင်ခွင့်မရှိတဲ့သူအကုန်လုံးကို သူတို့ကဖမ်းတာဗျ။ များသောအားဖြင့်ကတော့ပန်းရံအလုပ်သမားတွေဗျ။ ငှက်ပျောခြံအလုပ်သမားရယ်။ နောက်ကြံခုတ်တဲ့တဲ့လူရယ်။ အဲတာတွေများတယ်ခင်ဗျ။”

ဖမ်းဆီးခံထားရသူတွေထဲမှာ နမ့်ဆန်နဲ့ သီပေါမြို့နယ်ကျေးရွာတွေက တအာင်းလူမျိုးအယောက် ၆၀ ကျော် လောက်ပါဝင်နေတယ်လို့ တအာင်းဥပဒေအထောက်အကူပြုရေးအဖွဲ့ က မိုင်းမျိုးအောင်ကပြောပါတယ်။

“အဖမ်းဆီးခံရတဲ့သူကိုယ်တိုင်တယောက်နဲ့ ကျွန်တော်တို့ကသူနဲ့စကားပြောကြည့်တဲ့အခါမှာ အယောက်(၁၀၀) ကျော်အစုလိုက်အဖမ်းခံရတယ်ဆိုပြီးမှ ကျွန်တော်တို့သိတယ်ပေါ့နော်။ အဲဒီအချုပ်ထဲမှာကျွန်တော်တို့ ရောက်တဲ့ အချိန်မှာ အဲဒီမှာရှိတဲ့တအာင်းလူမျိုး (၆၀)ကျော်ကျော်လောက်ရှိတယ်။ မြန်မာနိုင်ငံသားတွေကလဲ အဲဒီမှာ လေး ငါးဆယ်လောက်တော့ရှိမှာပေါ့။ အားလုံးပေါင်းလိုက်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသားတွေအယောက်(၁၀၀)လောက် ရှိတယ်ပေါ့နော်။”

တရုတ်နိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် လူတဦးမှာ စာအုပ် ၃ မျိုးကိုင်ဆောင်ထားရပြီး အစိမ်းရောင် စာအုပ်လုပ်ရင် ၆ လနေထိုင်ခွင့်ရှိပါတယ်။ အနီရောင်စာအုပ်ကတော့ မူးယစ်ဆေးဝါးကင်းရှင်းကြောင်း စစ်ဆေးထား တဲ့ စာအုပ်အပြင် ကြက်သွေးရောင်စာအုပ်ကတော့ ၇ ရက်နေခွင့်စာအုပ်လဲရှိရမှာဖြစ်ပြီး တစုံ တခု လစ်ဟင်းတာကို စစ်ဆေးတွေ့ရှိရင် ဖမ်းဆီးထောင်ချနိုင်ပါတယ်။

ရှမ်းပြည်နယ် မူဆယ်မြို့တဖက်ကမ်း တရုတ်နိုင်ငံရွှေလီနဲ့ ဂျယ်ဂေါင်ဘက်မှာ အလုပ်လုပ်နေတဲ့သူမြန်မာနိုင်ငံသား သောင်းဂဏန်းလောက်ရှိနေပါတယ်။

ရှမ်းပြည်မြောက်ပိုင်းဒေသဘက်က လူငယ်တော်တော်များများဟာ တရုတ်နိုင်ငံအတွင်းဝင်ရောက်အလုပ် လုပ် ကိုင်နေကြတာပါ။

ဒေသအတွင်းစစ်ရေးပဋိပက္ခကြောင့်တဖက်နိုင်ငံထဲအလုပ်လုပ်ကိုင်နေသူတွေများတယ်လို့ မိုင်းမျိုးအောင်က ပြောပါတယ်။

“လက်နက်ကိုင်ပဋိပက္ခဖြစ်ခြင်းကြောင့် အဲဒီလက်နက်ကိုင်ပဋိပက္ခကလူတွေကိုခြိမ်းခြောက်နေတဲ့အပိုင်းတွေရှိနေတာ ပေါ့နော်။ နောက်တခုကျတော့အဲဒီလက်နက်ကိုင်ပဋိပက္ခနောက်ဆက်တွဲကြောင့် ပေါ့နော်။ လူမှုဒုက္ခ စီးပွါးရေးအဆင် မပြေဘူး။ အလုပ်အကိုင်လဲအခွင့်မရှိဘူးပေါ့နော်။ အခွင့်မရှိတဲ့အခါကျတော့တရုတ်ပြည်မှာ လုပ်ကိုင်နေတာများ တာ ပေါ့နော်။”

ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တပ်မတော်အကြား တိုက်ပွဲဖြစ်ပွါးနေသလို အချင်းချင်းအကြားမှာလဲ စစ်ရေးတင်းမာမှုတွေရှိနေတာကြောင့် ဒေသအတွင်းလုံခြုံမှု အားနဲနေပါတယ်။

ဒါ့အပြင် နိုင်ငံရေးမတည်ငြိမ်မှု ကုန်ဈေးနှုန်းကြီးမြင့်မှု ငွေလဲနှုန်းကွာဟချက်ကြီးလာမှုတွေဟာလဲ တိုင်းတပါးမှာ အလုပ်လုပ်ရင်း လူနေမှုဘဝတိုးတက်လာဖို့မျှော်လင့်ချက်နဲ့ သွားရောက်အလုပ်ကိုင်သူတွေ များပြားလာနေ ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG